Thursday, May 24, 2012

လှည်း

ကြာတော့လည်း ကြာခဲ့ပါပြီ။ တိတိကျကျ ဆိုရရင် အခု အဖြစ် အပျက်ကလေးဟာ နှစ်ပေါင်း အစိတ် (နှစ်ဆယ့်ငါးနှစ်)ကျော်ကျော် လောက် ရှိရောပေါ့။ ပုံပြင် တစ်ပုဒ် ဆိုရင်တော့ “ဟိုး ရှေးရှေးတုန်းက” လို့တောင် ဆိုနိုင်တဲ့ အနေအထားကို မရဲတရဲ ချောင်းကြည့်လို့ ရပြီ ဆိုပါတော့။

အဲဒီတုန်းက မြို့ကလေး တစ်မြို့ရှိတယ်။ အဲဒီ မြို့ကလေးမှာ ရပ်ကွက်ကလေး တစ်ခုလည်း ရှိတယ်လို့ ဆိုနိုင်ပါတယ်။
_ _ _
ကိုစိန်တွဲဆိုတာ အဲဒီ ရပ်ကွက်ကလေးရဲ့စီးပွားရေး ဈေးကွက်ကို ကြေကြေညက်ညက် သိနေသူလို့ ဆိုကြတယ်။
အရင်ကတော့ သူလို ကိုယ်လို ထူးမခြားနားပါပဲ။ နောက်ပိုင်းကျတော့ နည်းနည်းလေး ချောင်လည်လာတယ်။ အခုဆိုရင် တစ်ရပ်ကွက်လုံးမှာ ရှိတဲ့ စီးပွားရေး တောင့်တင်းသူတွေ စာရင်းထဲမှာတောင် ပါလာပြီလို့ အတွင်းသိတွေက ဆိုကြတယ်။

သာမန် လက်လုပ် လက်စား ဘ၀ကနေ ကိုစိန်တွဲတို့ ကံထ လာပုံကိုလည်း ကြည့်ဦး။ ဘယ်ကနေ ဘယ်လို အဆက်အသွယ် ရသွားတယ် မဆိုနိုင်ဘူး။ မြို့ကလေးရဲ့အစွန်မှာ ရှိတဲ့ လေယာဉ်ကွင်းက စွန့်ပစ် ပစ္စည်းတွေကို လေလံ ရလာတယ်။ စွန့်ပစ် ပစ္စည်းတွေဆိုတာ တခြား မဟုတ်ဘူး။ လေယာဉ်ကွင်းရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေကနေ စွန့်ပစ်လိုက်တဲ့ စားသောက်ဆိုင်တွေကို ဆိုလိုတာ။ အတိအကျ ပြောရရင် ကော်ဘူးတွေ၊ ကော်ခွက်တွေ၊ ကော်ဇွန်းတွေ ဆိုပါတော့။

အဲဒီ ပစ္စည်းတွေ အတွက် ကိုစိန်တွဲက မနက်လေးနာရီ ဆိုရင် လက်တွန်းလှည်း တစ်ခုကို ဂျောက်ဂျက်မြည်အောင် တွန်းရင်း ထွက်သွား တတ်တယ်။ သူ့အဆို အရတော့ လေယာဉ်ကွင်းကို သုံးနာရီလောက် ကြာအောင် တွန်းရတယ်ဆိုပဲ။ ရောက်ပြီ ဆိုတာနဲ့ ခုနဆိုင်တွေကို တစ်ဆိုင်ဝင် တစ်ဆိုင် ထွက်လိုက်သိမ်း တော့တာပဲ။ တစ်ခါတလေ လေယာဉ်တွေပေါ်က စွန့်ပစ်ထားတဲ့ ပစ္စည်းတွေတောင် ပါလာတတ်တာပေါ့။ အဲဒါတွေကို ပလပ်စတစ် အိတ်တွေနဲ့ စုထည့်ပြီး လှည်းပေါ်တင်တွန်း လာတော့တာပဲ။ ရပ်ကွက်ထဲကို ဆယ်နာရီခွဲ ဆယ့်တစ်နာရီ ဆိုရင် ရောက်ပြီ။ ရပ်ကွက်ထဲက လူတွေကလည်း ကိုစိန်တွဲ လှည်းကြီး လမ်းထိပ်ကနေ ချိုးဝင်လာတာနဲ့ တစ်ပြိုင်နက် အနည်းဆုံးတော့ လှုပ်လှုပ်ရွရွ ဖြစ်လာကြတော့တာပဲ။

တချို့ မိန်းမတွေ ဆိုရင် အဲဒီလှည်းကြီး အိမ်ရောက် အောင်တောင် မစောင့်ဘဲ အတင်းကာရော ပြေးလိုက် လာကြတဲ့ သူတွေတောင် ရှိတယ်။ ဒါဟာ တစ်နေ့တည်း ကိစ္စ မဟုတ်ဘူး။ နေ့စဉ်နေ့တိုင်း ဒီအတိုင်း ဖြတ်သန်းနေကျ။ တစ်လမ်းလုံးရော တစ်ရပ်ကွက်လုံးပါ ယဉ်ပါးနေကျ ကိစ္စ။ သူ့ လှည်းကြီးကလည်း စိတ်ဝင် စားစရာကိုး။ အဲဒီ လှည်းပေါ်မှာ ပါလာတဲ အိတ်တွေထဲမှာ ဘာတွေပါလာမယ် ဆိုတာ ဘယ်သူမှ အတပ်သိတာ မဟုတ်ဘူး။ယုတ်စွ အဆုံး ကိုစိန်တွဲ ကိုယ်တိုင်တောင် မသိဘူး။

အရင် ပါလာနေကျ ပစ္စည်းတွေကတော့ ထုံးစံအတိုင်း ကော်ဘူးတွေ၊ ကော်ခွက်တွေ၊ ကော်ဇွန်းတွေပါပဲ။ တစ်ခါတလေ ဆိုရင် ထူးထူးခြားခြား ကက်ဆက်တွေ တောင် ပါလာတတ်တာ။ အဲဒီ ကက်ဆက်တွေကလည်း အဟောင်းတွေ အပျက်တွေ မဟုတ်ဘူး။ ဓာတ်ခဲထည့်ပြီး ဖွင့်မယ်ဆိုရင် နှစ်လ၊ သုံးလ လောက်ကို ပျော့ပျော့ကလေး ဖွင့်လို့ ရနိုင်တဲ့ အဟောင်းတွေ။
ထားပါ . . .။

ခုန လူတွေက အဲဒီကက်ဆက် အထိတောင် စိတ်ဝင်စားနိုင် ကြတာ မဟုတ်ဘူး။ အဓိက အနေနဲ့ ဘာအစားအသောက်တွေ ပါလာမလဲ ဆိုတာလောက်ပဲ စိတ်ဝင်စားတာ။ အဲဒီ အစား အသောက်တွေနဲ့ ပတ်သက်ပြီး ဒီလူတွေ စိတ်ဝင်စားကြတာလည်း မပြောနဲ့လေ။ ဥပမာ “ကြက်သား”ဆိုတာ သူ့ခေတ် သူ့ အခါနဲ့ ကြည့်ရင် ဒီလူတွေ အတွက်က ပြဒါးတစ်လမ်း၊ သံတစ်လမ်း မဟုတ်လား။ မဖြစ်မနေ၊ တစ်ယောက်ယောက်က ပွပေါက် တိုးလာလို့ ဖြစ်ဖြစ်၊ လူမမာတစ်ယောက်က သွေးတောင်းလို့ ဖြစ်ဖြစ်၊ ဈေးထဲမှာ သွားရှာမိရင် ရှားရှားပါးပါး တစ်သည်လောက် ဆီမှာ အမြင့်ဆုံး ဈေးနှုန်းနဲ့ ပန်းပန်နေတတ်တာမျိုး။ ဒါတောင် လတ်လတ်ဆတ်ဆတ် ကြက်သန့်သန့် မဟုတ်ဘူး။ အနည်းဆုံး ရေနှစ်ကျပ်ခွဲသားလောက်တော့ ဓာတ်ပြုပြီးသားပဲ။ ဒီတော့ ၀ယ်သူ အနေနဲ့ ကျေနပ်နပ် မကျေနပ်နပ် အောင့်အည်းပြီး လက်ခံ ကြရတာ မဟုတ်လား။

နောက်တစ်ချက်က ဒီလိုသာမန် လက်လုပ်လက်စား ပျံကျရပ်ကွက် ကလေးမှာရှိတဲ့ သူတွေကရော ကြက်သားဆိုရင်“ဘယ်ပန်းချီ ရေးလို့မမီ” ဖြစ်နေတာဟာ ဘယ်မှာ လာဆန်းမှာလဲ။ ဒါပေမယ့် ငယ်ငယ်ကတည်းက ဆင်းရဲခြင်းနဲ့ လည်ပင်းဖက် ပေါင်းသင်းလာတဲ့ ဒီလူတွေဟာ အခုလို ကိုစိန်တွဲ လှည်းကြီးနဲ့ အကြောင်းပါပြီး နောက်ပိုင်းမှာ ကြက်သားရဲ့ ဂုဏ်သိက္ခာဟာ လူတိုင်း မုန်းသွားရတဲ့ ကုန်ပစ္စည်းဘ၀ကို အလိုလို ရာထူး ကျသွားရတော့တာပေါ့။
_ _ _
ဒီလမ်းကလေးထဲမှာ မနက် ဆယ်နာရီခွဲ ဆယ့်တစ်နာရီရဲ့ လူအစည်ကားဆုံး အရပ်ကို ပြပါဆိုရင် ထုံးစံအတိုင်း ကိုစိန်တွဲရဲ့ အိမ်ရှေ့ပေါ့။ အဲဒီအချိန်၊ အဲဒီ နေရာမှာ၊ အဲဒီခေတ်ရဲ့ လူတန်းစား ပေါင်းစုံကို အသွင် သဏ္ဍာန်မျိုးစုံနဲ့ တွေ့ရလိမ့်မယ်။ အထူးသဖြင့် အမျိုးသမီးတွေ ဆိုပါတော့။

အဲဒီ အမျိုးသမီးတွေထဲမှာ ဆံပင် ဖွာလန်ကျဲနဲ့ ကပိုကရို မိန်းမတွေ ပါမယ်။ အရောင်အသွေး မှုန်မွဲမွဲနဲ့ အိုးမည်းနိုင်းချင်း ရုပ်တွေပါမယ်။ သနပ်ခါးရေကျဲ မျက်နှာ မည်းမည်းတွေပေါ်မှာ ရဲရဲ ထနေတဲ့ နှုတ်ခမ်းထူထူတွေ ပါမယ်။ နှပ်ချေးထူ လဗျစ်နဲ့ ကလေးတိုးလို့ တွဲလောင်းတွေ ပါမယ်။ နောက်ပြီး အလွယ်တကူ ရင်လျား ထားတဲ့သူတွေပါမယ်။ တချို့က အထဲမှာရှိတဲ့ ချွေးခံ ဘော်လီကိုတောင် မချွတ်နိုင်ဘဲ ရင်ဘတ်ပေါ် လုံချည်တင် စည်းထားသူတွေ၊ ဖိနပ်မပါတဲ့ သူတွေ၊ ဘောင်းဘီတိုတွေ၊ လုံချည် တိုတွေဆိုတာ မသိရင် ပါဖောမင့် ယိမ်းတိုက် နေသလိုမျိုးစုံမှစုံ။


အဲဒီ အစုံအလင် မိန်းမတွေက ကိုစိန်တွဲရဲ့ လှည်းပေါ် ပါလာတဲ့ အစုံအလင် ပစ္စည်းတွေကို ဟိုဟာဖယ်၊ ဒီဟာပစ်နဲ့ မြို့လယ်ကောင်မှာ ဘေထုတ် ရွေးနေကြသလို ထိုးဆွ မွှေနှောက်တော့တာပဲ။ သူတို့ လိုချင်တဲ့ ပစ္စည်းကလေးတွေ ရပြီဆိုရင် ကိုစိန်တွဲရှေ့ သွားပြရတယ်။ အဲဒီအခါ လေးမိုင်နီးနီးလောက် လှည်းတွန်းပြန်လာ ပြီး မောမောနဲ့ အနားယူနေတဲ့ ကိုစိန်တွဲက
“ဟဲ့ အေးတင် နင့်ဇွန်းက ဘယ်နှစ်ချောင်းလဲ”

“ဆယ်ချောင်း ကိုစိန်တွဲ”
ဆိုရင် ဈေးနှုန်းကို အလွတ် ရနေပြီဖြစ်တဲ့ ကိုစိန်တွဲက “ဘယ်ရွေ့ ဘယ်မျှ” ဆိုလိုက်တာနဲ့ ပြီးတယ်။

ဒါဆိုရင် အေးတင်ဆိုတဲ့ မိန်းမက ကိုစိန်တွဲကို ဖျတ်ခနဲ ကျောခိုင်း၊ အပေါ်အင်္ကျီ မပါတဲ့ လုံချည် ရင်လျားထဲက ပိုက်ဆံကို ကပျာကယာ ထုတ်ပြီး “ရော့ အင့်” ဆို ပေးလိုက်တာပဲ။ ဒါကို ကိုစိန်တွဲက နောက်ချင် ပြောင်ချင်သေးရင် တစ်ခါတလေ နောက်လိုက်ပြောင်လိုက်သေးတယ်။
“ဟဲ့ အေးတင် နင့်ပိုက်ဆံက ဘယ်ကနေ ထုတ်လိုက်လို့ ဒီလောက်တောင် ပူနေရတာလဲ။ ဒီမှာ ငါ့လက်တောင် ကျက်တော့မယ်”
ဆိုတာမျိုး။ အဲဒီအခါမှာ ကျန်တဲ့ ပစ္စည်း ရွေးသူတွေထဲက အဓိပ္ပာယ်ပေါက် သူတွေက ၀ါးခနဲ ၀ိုင်းရယ်ကြတာပေါ့။ ဒါတင် မကသေးဘဲ ကိုစိန်တွဲရဲ့ စကားကို သံယောင်လိုက်ပြီး အဓိပ္ပာယ် နှစ်ခွထွက်မယ့် စကားတွေနဲ့ တစ်ဦးကိုတစ်ဦး စတတ် နောက် တတ်ကြသေးတယ်။

အများစုကတော့ အိမ်မှာ တိုလီမိုလီ သုံးလို့ ရနိုင်တဲ့ ကော်ဘူး ကလေးတွေ၊ ကော်ခွက်ကလေးတွေကို အလျှိုအလျှို ယူသွား ကြတာပေါ့။ တချို့ကတော့ ဘူးတွေ ခွက်တွေကို ရွေးတာ မဟုတ်တော့ဘူး။ လေယာဉ်တွေပေါ်မှာ ဟိုတယ်တွေမှာ ရယ်ဒီမိတ် စားလို့ ရအောင် ထည့်ပေးထားတဲ့ ဖော့ဘူးတွေထဲမှာ ဘာတွေ ပါလာမလဲ။ ကြက်သားလား၊ ၀က်သားလား၊ ဒါမှမဟုတ် ဘာသား မှန်းမသိရပေမယ့် အတော်အတန် စားကောင်းတဲ့ အစား အသောက်တွေလား ဆိုတာကို ရှာကြဖွေကြတာ။

ဖော့ဘူးတွေထဲမှာ ပါလာသမျှ အစား အသောက်တွေက များသောအားဖြင့်တော့ ထူးထူးခြားခြား မဟုတ်ဘူး။ ကိတ်မုန့်တွေ၊ ပေါင်မုန့်တွေ၊ ဘီစကစ်တွေနဲ့ ငါးသေတ္တာ ဘူးတွေသာများတာပါ။ တစ်ခါတလေ အချိုရည်ဘူးတွေ၊ နို့ဘူးတွေ၊ နောက်ပြီး မလိုင် ဘူးတွေလည်း ပါလာတတ်သေးတယ်။ အဲဒီအပြင် ဟိုတယ်တွေ စားသောက်ဆိုင်တွေက မလတ်ဆတ်တော့လို့ ထုတ်ပစ်လိုက်တဲ့ ကြက်တို ကြက်စတွေ အသားတို အသားစတွေလည်း ပါလာတတ် သေးတယ်။

ဒါကြောင့် မိန်းမ တော်တော်များများဟာ ဈေးကိုတောင် သွားမနေကြတော့ဘဲ ကိုစိန်တွဲရဲ့ လှည်းကိုသာ စောင့်ဝယ် နေကြ တော့တာ။ ဈေးကလည်း သက်သာတာကိုး။ ကိုစိန်တွဲဆီက ကြက်တို ကြက်စ တစ်ဆယ်သားရဲ့ ဈေးက တခြား ငါးသားလောက် ငါးမြစ်ခြင်းတို့ရဲ့ ဈေးတွေထက်တောင် သက်သာ နေသေးတာကိုး။ နောက်ဆုံး ၀ယ်စရာ ပိုက်ဆံ မရှိလို့ လက်ဗလာနဲ့ သွားလည်း ကိုစိန်တွဲက သူ့ရဲ့ ဗလာစာအုပ် ခပ်နွမ်းနွမ်ေးလးထဲမှာ ဘယ်သူဘယ်လောက် ဆိုပြီး ဘော်လ်ပင်န်လေးနဲ့ တေးထားလိုက်တာပဲ။ ဒီတော့ ရပ်ကွက်ကလေးနဲ့ ကိုစိန်တွဲ လှည်းက အဆင်ကို ပြေလို့၊ ဟာမိုနီကိုဖြစ်လို့။

ဒီမိန်းမတွေ ပြန်သွားပြီလို့ တစ်အောင့်လောက်ကြာရင် လမ်းထဲကို လှည်းသားငါးရာ ချီတက်လာကြသလို လှည်းတပ်ကြီး တစ်တပ် ချီတက် လာကြတော့တာပဲ။ ဒီတစ်ခါ လာတာက တစ်ရပ်ကွက်လုံးမှာ ရှိတဲ့ နောက်ပြီး ရွာနီးချုပ်စပ်မှာ ရှိတဲ့ ရေခဲခြစ် လှည်းတွေလေ။ အဲဒီ ရေခဲခြစ်လှည်းတွေက ခုနမိန်းမတွေ ရွေးလို့ ဆယ်လို့ ရှုပ်ပွ ကျန်ရစ်ခဲ့တဲ့ ပလပ်စတစ် ဘူးကလေးတွေ၊ ခွက်ကလေးတွေ၊ ဇွန်းကလေးတွေကို ဖောက်သည် လာယူကြတာ။

ရေခဲခြစ်သည်တွေကလည်း ခေတ်နဲ့ အညီရင်ဘောင်တန်း လာပုံက ဟိုတုန်းကလို ရေခဲမှုန်ကလေးတွေကို လက်နှစ်ဖက်နဲ့ ဖွဖွ အုပ်ကိုင် ပြီးရင် အောက်ခံ နို့ဆီခွက်ပေါ်တင် အလယ်မှာ ခွတုတ်ကလေး ထိုးတဲ့ပြီး “ဒိုင်းခနဲ” “ဒိုင်းခနဲ” ဆောင့်ချ လိုက်တဲ့ခေတ် မဟုတ်တော့ဘူး။ ရေခဲခြစ်ကို ကိုစိန်တွဲဆီက ၀ယ်လာတဲ့ ပလပ်စတစ် ခွက်ကလေးထဲကို ခြစ်ထည့်၊ ပြီးရင် ကျောက်ကျောလေး လက်မလောက်၊ မြေပဲမှုန့် ကလေးနည်းနည်းနဲ့ နို့ဆီ ခပ်ကျဲကျဲကလေး ဖြူးပြီး ထန်းလျက်ရည် ဆမ်းလိုက်ရင် အမြင်မှာ တင့်ပြီး ဈေးပါ နင့်ခနဲ ရလိုက်တာကိုး။ အားလုံး ပြည့်စုံမှ ဇွန်းကလေး တပ်ပေးလိုက်ရင် ၀ယ်စားသမျှ ကလေးတွေ အားလုံး သဘောကျ ကျေနပ်စေတဲ့ အနေအထားဆိုတော့ ကိုစိန်တွဲဆီက ခွက်ကလေးတွေ၊ ဇွန်းကလေးတွေဟာ ရေခဲခြစ်သည်တွေ အတွက် ကာစတန်မာတွေကို ဆွဲဆောင်စရာ အကောင်းဆုံး ပစ္စည်းတွေ ဖြစ်နေတော့တာပေါ့။

ဆိုလိုချင်တာက အဲဒီ လှည်းတပ်ကြီးထဲက လှည်းတစ်စီး တိုင်းဟာ ရွယ်တူကလေးတွေကို အသေအချာ တပ်ပြီး ခွက်တစ်ရာစီလောက် လာဝယ်ကြတာ ဆိုတော့ ကိုစိန်တွဲရဲ့ ပစ္စည်းတွေဟာ အော်ဟစ် ခေါ်ငင်ပြီး ရောင်းနေစရာ မလိုဘဲ ပြိုက်ခနဲ ပြိုက်ခနဲ ကုန်တာပေါ့။ ဒီကြားထဲ အခန့် မသင့်လို့ ကျိုးပဲ့သွားတဲ့ ဇွန်းကလေးတွေ၊ ခွက်ကလေးတွေ အတွက် ကျတော့ ညနေစောင်းရင် အထမ်းသမား တစ်ယောက်ကလည်း ပုံမှန် လာနေကျ။ ဒါကြောင့် ပြောခဲ့ပါပကော၊ ဒီရပ်ကွက်နဲ့ ကိုစိန်တွဲလှည်းက ဟာမိုနီဖြစ်နေပါတယ်။
_ _ _
ထုံးစံအတိုင်းပဲ။
အေးတင်ဆိုတဲ့ မိန်းမက ကိုစိန်တွဲ လှည်းဝင် လာတာနဲ့ နောက်က လိုက်လာနေကြ။
သန်းနွဲ့ ဆိုတာက ကြီးကြီးကျယ်ကျယ် သမား။ သူ့ယောက်ျားက ကားသမား ဆိုတော့ ငွေစကြေးစ ကလေး နည်းနည်းရွှင်တယ်။ ဒါကြောင့် သန်းနွဲ့က ကိုစိန် တွဲရဲ့လှည်းကို လှည့်တောင် ကြည့်တာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလှည်းမှာ ၀ယ်နေကျ သူတွေကို တွေ့ရင်တော့ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ် တစ်ဖုံ အမနာပ ပြောတတ်သူ ဆိုပါတော့။ တစ်ခါတလေ အေးတင်တို့က ထုံးစံအတိုင်း ၀ယ်ခြမ်းပြီး ပြန်လာတဲ့ အခါတွေမှာ သူက လှမ်းလှမ်းပြီး နောက်သလိုလို၊ ပြောင်သလို လိုနဲ့ ရန်စတတ်တယ်။ သူ ရန်စပုံက “အမယ်၊ အေးတင်တို့ က အခုမှ လှလို့ ၀လို့ပါလားအေ” ဆိုတာမျိုး။

သန်းနွဲ့စကားရဲ့ အဓိပ္ပာယ်က အခုလို ကိုစိန်တွဲရဲ့ လှည်းမှာ ၀ယ်ခြမ်းစားမှ “၀” လာတာဆိုတဲ့ သဘော မျိုးဆိုတာကို သိပေမယ့် အေးတင် ပြန်မပြောဖြစ်တာ များပါတယ်။ တကယ်လို့ အေးတင် အနေနဲ့ တစ်ခုခု ပြန်ပြောလိုက်ရင် နှစ်ယောက်စလုံးက ဒေါသစိတ်ကို အလွယ်တကူ မထိန်းနိုင်ကြပုံနဲ့ အကြီးအကျယ် ဖြစ်မှာကို စိုးရိမ်ပြီး သည်းခံနေ တတ်တာမျိုးပါ။ ဒါပေမယ့် သန်းနွဲ့ကလည်း နဂိုကတည်းကမှ ပါးစပ် ဖွာတတ်သူဆိုတော့ ကိုစိန်တွဲဆီမှာ ၀ယ်ခြမ်းနေတဲ့ သူတွေကို တွေ့ရင် သူ့ဝသီ အတိုင်း
“ငါတို့ကတော့ သေသွားပစေ။ ဒါမျိုး ဘယ်တော့မှ မစားဘူး”
ဆိုတဲ့ စကားတွေဟာ ကြားရသူတွေ အတွက်က နာလိုခံခက် မဟုတ်လား။

ဖြစ်ချင်လာတော့ တစ်နေ့မှာ အေးတင်က ကိုစိန်တွဲရဲ့ လှည်းကြီးဝင်လာတာနဲ့ သူ့အကျင့်အတိုင်း နောက်က လိုက် လာရော။ သန်းနွဲ့ကလည်း ဘယ်ဆီက ဘယ်လိုပြန်လာတယ် မသိဘူး။ ကိုစိန်တွဲ အိမ်မှာ ဆုံကြရော။ အေးတင်ကတော့ သူ့ထုံးစံ အတိုင်း လှည်းကြီးပေါ်မှာ ရှာဖွေတော့တာပေါ့။ အဲဒီအခါမှာ ပလပ်စတစ် အိတ်ကြီးကြီး တစ်လုံးထဲကနေ ကက်ဆက် တစ်လုံးက “ဘွား” ခနဲ ထွက်လာရော။ ဒါကို တွေ့လိုက်တော့ အေးတင် က ၀မ်းသာအားရနဲ့ ကိုစိန်တွဲဘက် လှည့်လိုက်ပြီး “ဒါ ဘယ်လောက်လဲ” လို့ လှမ်းမေးလိုက်တယ်။

ဒါကို သန်းနွဲ့ကလည်း အစကနေ အဆုံးထိအောင် ကြည့်နေ တယ်။ ကိုစိန်တွဲကတော့ သူ့ပုံစံဟောင်းအတိုင်း ကုလား ထိုင်ပေါ် မှာ ခပ်လျော့လျော့ မှီထိုင်နေရင်းကနေ
“တစ်ထောင်ပဲ ပေးလေဟာ”
ဆိုတော့ သိန်းနွဲ့ အတော့်ကို စိတ်ဝင်စားသွားတယ်။ တရုတ်က လာတဲ့ ကက်ဆက် ဆိုတာလည်း သိတယ်။ အပြင်မှာ ၀ယ်ရင် လေးငါးထောင်လောက် ပေးရမယ်ဆိုတာလည်း သိတယ်။ ဒီတော့ ပုထုဇဉ်ပီပီ သူလည်း လိုချင်လာတယ်။ ဈေးကလည်း သက်သက် သာသာဆိုတော့ သူ့ခြေလှမ်းတွေက မခွာနိုင်အောင် ဖြစ်နေပြီ။ ဒီအချိန်မှာ အေးတင်က
“ဒါဆိုရင် ကိုစိန်တွဲရယ် အရင် လက်ကျန်စာရင်းနဲ့ ပေါင်းထားလိုက်ပါ။ ကျွန်မယူမယ်”

ဒီတော့ ကိုစိန်တွဲက အထွန့်တက်တယ်။
“ဟဲ့ အေးတင် နင့်ဥစ္စာက အရင်လက်ကျန် ငါးရာကျော် ရှိသေးတာနော်”

ဒီအချိန်မှာ အခြေအနေကို အကဲခတ် နေတဲ့ သန်းနွဲ့က ၀င်ပြီး
“ဒါဆိုရင် ကိုစိန်တွဲရယ် ကျွန်မကို ရောင်းပါ။ ကျွန်မ လက်ငင်း ပေးပါ့မယ်”လို့ ၀င်ပြောလိုက်တယ်။
ရုတ်တရက် ဆတ်ခနဲ ငဲ့ကြည့်လာတဲ့ အေးတင်ရဲ့ မျက်နှာကို မြင်လိုက်ရသူတွေ အားလုံးဟာ ပွဲကြီး ပွဲကောင်းတော့ ကြည့်ရတော့မယ် ဆိုတဲ့ ပုံစံမျိုးတွေနဲ့ အကဲခတ် နေကြတယ်။ တချို့ကတော့
“ဟဲ့ သန်းနွဲ့ နင်က တစ်ခါတလေမှ ဒီကို ရောက်လာပြီး ၀င်မနှောင့်ယှက်ပါနဲ့ဟယ်။ အေးတင်ခမျာ ဒါလေးကို လိုချင် ရှာလွန်းလို့ နေ့တိုင်း လာလာရှာနေတာပါ”ဆိုပြီး မသိမသာ ဘေးတီး ပေးကြတယ်။ ဒီတော့ သန်းနွဲ့က
“ဘာဖြစ်လဲ ငါက လက်ငင်း ပေးဝယ်တာပဲ ဥစ္စာ”
လို့ ထပ်ပြီး စောဒက တက်လိုက်တယ်။
အဲဒီအခါမှာ တစ်ခွန်းမှ ၀င်မပြောသေးတဲ့ အေးတင်က ကက်ဆက်ကလေးကို ကိုင်းကနေ ခပ်တင်းတင်း ကိုင်ရင်း သန်းနွဲ့ဘက်ကို အေးအေးဆေးဆေး လျှောက်လာတယ်။ သန်းနွဲ့အနား ရောက်တော့ ဘာမပြော ညာမပြောနဲ့ လက်ထဲက ကက်ဆက်ကို လွှဲပြီး အားရပါးရ ရိုက်ချလိုက်တာ။ ရုတ်တရက် ဆိုတော့ သန်းနွဲ့လည်း မရှောင်နိုင်ဘဲ မြေပေါ်ကို ပုံခနဲ လဲကျသွားတယ်။ ကက်ဆက်ကလေးလည်း တရုတ်ပစ္စည်းပီပီ ဖွာခနဲ ကြေသွားတယ်။
ပြီးတော့ သန်းနွဲ့က ချက်ချင်းဆိုသလို မြေပေါ်ကနေ လူးလဲထလာပြီး ပါးစပ်နဲ့ တိုက်ခိုက်တော့တာပဲ။

“ကောင်မက သူများ စားကြွင်း စားကျန်တွေကို စားပြီး လူပါးဝလို့ လာခဲ့ ကောင်မ”

အေးတင်ကလည်း အားကျမခံ ပြန်ပက်တယ်။
“ငါတို့က တန်ရာတန်ကြေး ပေးစားတာဟဲ့။ နင့်လို သူခိုးမယား မဟုတ်ဘူး”

ဒီတစ်ခါမှ သန်းနွဲ့က ဆတ်ဆတ်ခါရော။ အေးတင်က “ဘာမဆိုင် ညာမဆိုင်နဲ့ ကားသမားဖြစ်တဲ့ သူ့ယောက်ျားကို တိုက်ခိုက်လာတာကိုး။ ဒီတော့ တစ်ယောက်ဆံပင်ကို တစ်ယောက်ဆွဲပြီး မြေပေါ်မှာ လုံးထွေး နေလိုက်ကြတာ ဘယ်သူမှ ဆွဲလို့ မနိုင်အောင်ဘဲ။ နောက်ဆုံး လမ်းလူကြီး ရောက်လာမှပဲ ကိုယ်ရှိန် သတ်သွားကြတော့တယ်။

လမ်းလူကြီးကတော့ ရုံးမရောက် ဂါတ်မရောက်ရအောင် အတတ်နိုင်ဆုံး ဖျန်ဖြေတာပါပဲ။ ဆုံးဖြတ်ချက်ကတော့ ကွဲသွားတဲ့ ကက်ဆက်ဖိုးကို အေးတင်က လျော်လိုက်ပေါ့။ ဒါပေမယ့် လမ်းလူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ အေးတင်အတွက် မဟာ ဒုက္ခတွင်း ဆုံးကျမယ့် ကိန်းမျိုး။ ဒါကြောင့် ရုတ်တရက် ဘာလုပ်ရမှန်း မသိအောင် ထူပူသွားတယ်။ “ဘာလုပ်ရင် ကောင်းမလဲ” ဆိုတဲ့ အတွေးနဲ့ မျက်လုံး တစ်စုံကို ဟိုတောင့်ကပ် ဒီတောင့်ကပ်ပြီး အတတ်နိုင်ဆုံး ကြိုးစားကြည့်တယ်။

ရုတ်တရက်ဆိုတော့ ဘာအဖြေမှ ထွက်မလာဘူး။ ဒီတော့ အေးတင်က ဖွာလန်ကြဲနေတဲ့ ဆံပင်ကို လက်နှစ်ဖက်နဲ့နောက် ပြန်သပ်တင်။ စပ်ဖျဉ်းဖျဉ်း ဖစ်နေတဲ့ မျက်နှာပေါ်က လက်သည်းရာ အစင်း ကြောင်းတွေကို လက်ဖျားကလေးနဲ့ အသာ တို့စမ်းရင်း ကိုစိန်တွဲကို တောင်းပန်ရတော့တာပေါ့။ဒါပေမယ့် အေးတင်ရဲ့ တောင်းပန်သံက ရန်ဖြစ်ထားလို့ မောနေတဲ့ လှိုက်သံရယ်၊ မပြေသေးတဲ့ ဒေါသသံ ရယ်စွက်နေတာကြောင့် မာတောင့်တောင့် ဖြစ်နေတာပေါ့။ ဒါကို အဓိပ္ပာယ် ကောက်လွဲသွားတဲ့ ကိုစိန်တွဲက သူ့ရဲ့ သဘောထားကို ကြော်ငြာတယ်။

“ငါ ခပ်ပြတ်ပြတ်ပဲ ပြောမယ် အေးတင်၊ နင် ဒီကက်ဆက်ဖိုးကို ညနေ မစောင်းစေနဲ့။ နေစောင်းလို့မှ မရရင်တော့ ငါ့အဆိုးမဆို နဲ့နော်”
သန်းနွဲ့ကတော့ ချက်ချင်း ဆိုသလို ဖူးယောင် ထလာတဲ့ မျက်နှာ တစ်ခြမ်းကို မသိမသာ စမ်းရင်းကျန်တဲ့ လက်တစ်ဖက်က အေးတင်ကြောင့် ပြဲသွားတဲ့ အင်္ကျီကို မသိမသာ လိုက်စမ်းနေတယ်။
_ _ _
ကိုစိန်တွဲ အိမ်က ပြန်လာပြီးကတည်းက အေးတင်တစ်ယောက် လမ်းထဲကို ၀င်လာလိုက်၊ ပြန်ထွက် သွားလိုက်နဲ့ တစ်ချက်မှကို ဂနာ မငြိမ်သေးဘူး။ မျက်နှာပေါ်က ဒဏ်ရာဒဏ်ချက် တွေကိုတောင် ဂရု မစိုက်နိုင်အားဘဲ ပျာယာ ခတ်နေတာပေါ့။ ညနေစောင်းလို့ ကိုစိန်တွဲရဲ့ ငွေကို ပြန်မဆပ်နိုင်ရင် သူဒုက္ခ ရောက်မှာ မဟုတ်လား။ ဒီကြားထဲ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေက ဒီငွေကလေးလောက်တောင် ရအောင် မရှာနိုင်ရကောင်းလား ဆိုပြီး ကရုဏာ လိုလို စေတနာ စကားလိုလိုနဲ့ ပြောကြ ဆိုကြဦးမှာလေ။ ဒီကြားထဲ သူ့ ယောက်ျားကို ကုလား ပြန်လာလို့ အကြောင်းစုံ သိရင်လည်း စိတ်ကောင်းမှာ မဟုတ်ဘူး။

“ဘာလုပ်ရမလဲ ဒီငွေတစ်ထောင်ကို နေမစောင်းခင် ရအောင် ဘယ်လို ရှာမလဲ”

ဆိုတဲ့ စိုးရိမ်စိတ်တွေက အေးတင်ရဲ့ အာရုံ တစ်ခုလုံးကို သိသိသာသာ လွှမ်းမိုးနေတယ်။ နောက်မှ ဒေါ်လှကြည်ဆိုတဲ့ မိန်းမကြီးကို ဖျတ်ခနဲ သတိရလိုက်တယ်။ သတိရစိတ်နဲ့ အတူ သူ့ခြေလှမ်းတွေကလည်း ဒေါ်လှကြည်ရဲ့ အိမ်ဖက်ကို ဦးတည်လို့။ အေးတင် ကြားဖူးသလောက်တော့ ဒီမိန်းမကြီးဟာ အပေါင်ခံ ငွေတိုးပေးနဲ့ လူသိ အတော်များဆိုပဲ။ ဒါပေမယ့် အေးတင် အနေနဲ့ တစ်ခါမှ မဆက်ဆံဖူးသေးတော့ ရပါ့ မလားလို့လည်း တွေးပူမိသား။ ခက်တာက ဒီလိုမှ သွားမပြောရင် သူ့ကို ဘယ်သူက ကူညီမှာလဲလို့ ဆက်စဉ်းစား မိချိန်မှာ အေးတင်ရဲ့ ခြေလှမ်းတွေက ဒေါ်လှကြည် အိမ်ရှေ့ကို ရောက်နေပြီ။
ငွေတစ်ထောင် အရေးနဲ့ ပတ်သက်တဲ့ အေးတင်ရဲ့ တောင်းပန် စကားတွေဟာ ပါးစပ်ထဲက လျှာတစ်တောင်လောက်သာ ထွက်ချင် ထွက်လာမယ်။ ကုလားထိုင်ပေါ်က မိန်းမကြီးကတော့ သံပတ် ပေးထားတဲ့ စက်ရုပ်တစ်ရုပ်လို ခေါင်းခါလျက်ပဲ။ သူ့ရဲ့ အတတ် နိုင်ဆုံး လိုက်လျောမှုကတော့ တာဝန်ခံမယ့် သူတစ်ဦးဦး ဒါမှ မဟုတ် အပေါင်ပစ္စည်း တစ်ခုပါမှတဲ့။

အေးတင်က သက်ပြင်းကို “ဟင်း”ခနဲ မှုတ်ထုတ်ရင်း ပတ်ဝန်းကျင်ကို တစ်ချက် ငဲ့ကြည့်တယ်။ အဘွားကြီးက တရား စာအုပ်ကလေး တစ်အုပ်ကို အဖတ်မပျက်ဘူး။ ဒါကြောင့် ဒီနေရာမှာ အချိန်ကုန် ခံနေလို့လည်း အပိုပဲလို့ အေးတင်တွက် လိုက်တယ်။
သူ ထပြန်မယ် အလုပ်မှာ မိန်းမ တစ်ယောက်က ကျီးကြည့် ကြောင်ကြည့်နဲ့ အိမ်ပေါ် တက်လာတယ်။ ပြီးတော့ ဒေါ်လှကြည် ရှေ့အရောက်မှာ ကြွပ်ကြွပ်အိတ်ထဲက ပစ္စည်း တစ်ခုခုကို ဆွဲထုတ်နေတယ်။ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် လေပေး ဖြောင့်နေလိုက်ကြတာ။ အနားက အေးတင်ကို တစ်ချက်ကလေးတောင် ငဲ့ကြည့်ဖော် မရကြဘူး။ ဒါကြောင့် အိုးတိုးအမ်းတမ်းနဲ့ ထိုင်ရာက ထလိုက်ရတယ်။ လူမြင်ကောင်းအောင် အဘွားကြီးကို နှုတ်ဆက် တော့ အဘွားကြီးက လက်ထဲက စာအုပ်ကလေးကို စားပွဲပေါ် ပစ်တင်ပြီး အေးတင်ကို ခေါင်းတစ်ချက် ဆတ်ပြတယ်။

သူ တံခါးဝ အရောက်မှာ ဒေါ်လှကြည် ပြောလိုက်တဲ့ စကား တစ်ခွန်းကို ဖျတ်ခနဲ ကြားလိုက်ရတယ်။ ပြီးမှ“အိုး ကိုယ်နဲ့ မဆိုင်ပါဘူးလေ” လို့ ဆုံးဖြတ်ရင်း ထွက်လာလိုက်ရတယ်။ လမ်းထိပ်မှာရှိတဲ့ ဈေးကလေး အနားရောက်တော့ ကုက္ကိုပင်ရိပ် တစ်ခုမှာ ၀င်နားရင်း စဉ်းစားနေမိတယ်။စိတ်ကလည်း ပူလှပြီ။ ငွေကလည်း မရနိုင်သေးဘူး။ မတော်တဆ ကိုစိန်တွဲက ရဲတွေဘာတွေများ တိုင်လိုက်ရင် ဒုက္ခလို့လည်း တွေးမိသေးတယ်။ ဒါဆိုရင် အေးတင် အတွက်က တစ်မှု မဟုတ်ဘူး။ နှစ်မှု။ ရန်ဖြစ်မှုနဲ့ ကက်ဆက်ဖိုး မလျော်နိုင်တဲ့ အမှု ဒါဆိုရင် ဒါဆိုရင် သူ ဆက်မတွေးရဲတော့ဘူး။

မျက်နှာမူရာနဲ့ မလှမ်းမကမ်းမှာ ဖွင့်ထားတဲ့“အမိန့်ရ” ဆိုတဲ့ အပေါင်ဆိုင် ဆိုင်းဘုတ်ကလေးကို အေးတင် ငေးကြည့်နေမိတယ်။ ဆိုင်ကလေးကို ကြည့်ရတာ ဖွင့်တာ သိပ်မကြာသေးဘူးလို့လည်း သတိ ထားမိတယ်။ ခါတိုင်း ဈေးသွားနေတုန်း ကတော့ ဒီနေရာမှာ ကွက်လပ်ကြီး။ အခု ဈေးမရောက်တာလည်း အတော်ကြာ ဆိုတော့ ဟုတ်မှာပေါ့လို့လည်း တွေးမိတယ်။ နောက်ဆုံး သူအကြံ ရတာက ဒီဆိုင်မှာ ဘာပစ္စည်းပေါင်ရင် တစ်ထောင် ရမလဲဘဲ သတိရတော့တယ်။ အတော်ကြီး ကြာလာတော့မှ တစ်ခုခုကို သတိရတာနဲ့ အိမ်ကို အပြေးလွှား ပြန်လာခဲ့မိတယ်။

အိမ်ရောက်တော့ ညက အိပ်ပြီး ဒီအတိုင်း ထားပစ်ခဲ့တဲ့ ညစ်ထပ်ထပ် ခြင်ထောင်လေးကို သူသေသေချာချာ စိုက်ကြည့် နေမိတယ်။ ခြင်ထောင် ကလေးကတော့ အိမ်ရဲ့ ၀ါးတန်းတစ်ခုကို တွဲလွဲ ခိုလို့ပေါ့။ ခြင်ထောင်ရဲ့ အမိုးပေါ်မှာ တန်းလန်း ကျနေတဲ့ သားဖြစ်သူ အောင်ထူးရဲ့ အင်္ကျီ တစ်ထည်ကိုလည်း တွေ့ရတယ်။ ပြီးတော့ အာရုံထဲမှာ ကိုကုလားကိုလည်း သတိရ လိုက်မိပြန်တယ်။ သူ့အတွေးမှာ ပေါ်လာတဲ့ သောကစိတ် အတွက် ကိုကုလားနဲ့ ပြဿနာ ဖြစ်ရလည်း ခဏ ပေါ့လို့လည်း ဖော့တွေးလိုက်ရတယ်။ ပြီးတော့ “တောက်” တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်ရင်း ခြင်ထောင်ကို ဆွဲဖြုတ်ချလိုက်မိတယ်။
_ _ _
အပြေးတစ်ပိုင်းနဲ့ မောကြီးပန်းကြီး ရောက်လာတဲ့ အေးတင်ကို “အမိန့်ရ” ဆိုင်က စာရေးမလေးက တအံ့တသြနဲ့ ကြည့်နေသေးတယ်။ ပြီးတော့မှ ညစ်ထပ်ထပ် ပေတူးတူး အပြင် အပေါက်တွေကို စက္ကူမှာ ထမင်းလုံး ကပ်ပြီး အလွယ်တကူ ဖာထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကိုပြရင်း စာရေးမလေးက အေးတင်ကို အားတုံ့အားနာ ထပ်ကြည့်တယ်။ ပြီးတော့ လက်သည်းရာတွေနဲ့ ဆင်မြန်းထားတဲ့ ပါးပြင်ပေါ်က အစင်းကြောင်းတွေကြောင့် ဘယ်လို အဓိပ္ပာယ် ပေါက်သွားတယ် မသိဘူး။

“ဘယ်လောက် ယူမှာလဲ”

လို့ လှမ်းမေးတယ်။ ဒီတော့မှ “ရပါ့မလား” လို့ တထင့်ထင့် ဖြစ်နေတဲ့ အေးတင်က စိတ်နှလုံးကို ဒုံးဒုံးချပြီး ခပ်သွက်သွက် ပြန်ဖြေလိုက်ရတယ်။
“တစ်ထောင်”စာရေးမလေးက လှစ်ခနဲ တစ်ချက်ပြုံးရင်း
“အစ်မရဲ့ ခြင်ထောင်ကိုလည်း ပြန်ကြည့်ပါဦး။ တစ်ထောင် ဘယ်လို လုပ်ရမှာလဲ။ ဒီနေ့က ဆိုင်ဖွင့် စနေမို့ လက်ခံ လိုက်တယ်နော်။ ငါးရာတော့ ယူသွား”

အေးတင် နည်းနည်း တွေဝေသွားတယ်။ ကိုစိန်တွဲကို ပေးရမှာက တစ်ထောင်ဆိုတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ ခြင်ထောင်ရဲ့ အခြေအနေကလည်း ဒီထက် ပိုတောင်းလို့ ရနိုင်မှာ မဟုတ်တော့ဘူး ဆိုတာကိုလည်း အေးတင်ကောင်းကောင်း သိတယ်။ ဒီတော့ သူ့ခေါင်းထဲက နုံနဲ့နဲ့ အသိတရားလေးတွေနဲ့ ဆင်ခြင်လိုက်၊ ဝေခွဲလိုက်၊ သုံးသပ်လိုက်နဲ့ နောက်ဆုံး မထူးတော့ဘူး ဆိုပြီး ခေါင်းညိတ်ပြလိုက်ရတယ်။

အပြန်လမ်းဟာ အေးတင်အတွက် ဟာတိဟာတာ နိုင်လွန်းလှတယ်။ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်လာတဲ့ ငွေငါးရာဟာ လက်ရဲ့ အပူငွေ့ကြောင့် ကျွမ်းသွားမလားတောင် စိုးရိမ်နေမိတယ်။ လမ်းထဲရောက်တော့ အိမ်ကို မ၀င်သေးဘဲ ကိုစိန်တွဲဆီကို တန်းလာခဲ့လိုက်တယ်။ ကိုစိန်တွဲ အိမ်ရှေ့ အရောက် မှာ သန်းနွဲ့ အရင်ရောက်နှင့် နေတာကို တွေ့တော့ ဖျင်းခနဲ ဖြစ်သွားတဲ့ ဒေါသကို အနိုင်နိုင် ထိန်းရင်း သန်းနွဲ့ကို ခပ်မာမာ လှမ်းကြည့် လိုက်မိတယ်။ မျက်လုံးချင်း အဆုံမှာ သန်းနွဲ့ မျက်နှာတစ်ဘက် လွှဲသွားတယ်။ သူ့မျက်နှာ တစ်ခြမ်းလုံး ယောင်ကိုင်းပြီး မျက်လုံး တစ်ဖက်တောင် ပိတ်လုလု ဖြစ်နေတာကို အေးတင် သတိ ထားလိုက်မိတယ်။ ပြီးတော့ သူ့ကို ကျောခိုင်းပြီး ကိုစိန်တွဲ အိမ်ပေါ်ကို တက်လာခဲ့လိုက်တယ်။

ကိုစိန်တွဲက အိမ်ပေါ်မှာရှိတဲ့ ကုလားထိုင်ပေါ်မှာ အခန့်သား ထိုင်ရင်း
“သြော် အေးတင် လာလာ ထိုင်”
ဆိုပြီး ရှေ့က ခုန်ကို မေးဆတ်ပြလိုက်တယ်။

အေးတင်လည်း နည်းနည်းတော့ အံ့အား သင့်သွားတယ်။ ကိုစိန်တွဲ လေသံက နေ့ခင်းကလို မဟုတ်ဘဲ သိသိသာသာ ပြောင်းသွားပြီလေ။ ဒါကြောင့် အေးတင်လည်း ထိုင်တောင် မထိုင်နိုင်သေးဘဲ
“ကိုစိန်တွဲရယ် ကျွန်မ ရှာမရလို့ပါ။ အခု အသည်းအသန် ထွက်ရှာတာတောင် ပိုက်ဆံက ငါးရာပဲ ရပါသေးတယ်။ ဒါကြောင့် ဒီပိုက်ဆံကို ယူထားပြီး ကိုကုလား ပြန်လာရင် ကျန်တာကို ကျွန်မချက်ချင်း လာပေးပါ့မယ်”

အေးတင်ရဲ့ တောင်းပန်သံ အဆုံးမှာ ကိုစိန်တွဲက တစ်ချက် ပြုံးလိုက်ပြီး အိမ်ရှေ့မှာ ရှိနေတဲ့ သန်းနွဲ့ကို လှမ်းခေါ်လိုက်တယ်။
“သန်းနွဲ့ရေ ခဏဟေ့”

ကိုစိန်တွဲ ခေါ်သံကြောင့် သန်းနွဲ့ မျက်လုံး တစ်ဖက်ပိတ်ကြီးနဲ့ အိမ်ပေါ် တက်လာတယ်။ သူ့ကိုမြင်တော့ အေးတင်က တစ်ဘက် လှည့်ပြီး ဘုရားကျောင်းဆောင်ကို ငေးနေလိုက်တယ်။ ကိုစိန်တွဲက
“ဟဲ့ အေးတင် သန်းနွဲ့က အခုလေးတင်ပဲ လာပြောတယ်။ နေ့ခင်းက ဖြစ်ခဲ့ကြတာမှာ အဓိက သူမကောင်းလို့ ဖြစ်ရတာပါတဲ့။ ဒီတော့ ကွဲသွားတဲ့ ကက်ဆက်ဖိုး အတွက် သူလည်း တစ်ဝက် လျော်ပါ့မယ်တဲ့”

အေးတင်ရဲ့ နားထဲကို တစိမ့်စိမ့် စီးနေတဲ့ ကိုစိန်တွဲရဲ့ စကားသံဟာ အချိုမြိန်ဆုံးနဲ့ အသာယာဆုံးသော ဂီတသံပဲလေ။ နောက်ပြီး မရှိဆင်းရဲသားချင်း အတူတူမှာ ကိုယ်စီ ရှိနေကြတဲ့ ကိုယ်ချင်းစာ စိတ်ရဲ့ အတိမ်အနက်ကိုလည်း အေးတင် တွေ့လိုက်ရတယ်။ ဒီအချိန်မှာ ကိုစိန်တွဲရဲ့ စကားသံဟာ ထပ်ထွက်လာတယ်။
“ကိုယ့်တစ်လမ်းတည်းသားတွေပဲဟယ် ကျေနပ်လိုက်ပါ”

ဒီတော့ အေးတင်က ရင်ထဲကနေ တလိပ်လိပ် တက်လာတဲ့ ၀မ်းသာရိပ်ကို မျိုချရင်း သန်းနွဲ့ဘက်ကို မသိမသာ ငဲ့ကြည့်လိုက်တယ်။ ပြီးတော့မှ သက်ပြင်းမော တစ်ခုကို မှုတ်ထုတ်ရင်း
“ဒါဆိုရင်လည်း ပြီးရော ရော့ဒီမှာ ကျွန်မ ပေးရမယ့် တစ်ဝက်”

ဆိုပြီး သူ့ဆီ ပါလာတဲ့ ငွေငါးရာကို ထုတ်ပေးတယ်။ ကိုစိန်တွဲက အေးတင် ထုတ်ပေးလာတဲ့ ပိုက်ဆံကလေးကို စိုက်ကြည့်နေရာကနေ
“ပြန်ယူသွား အေးတင် ငါမယူရက်ပါဘူးဟယ်။ နင်တို့ အိပ်တဲ့ ခြင်ထောင်လေးကို သွားပေါင်လာတာဆို။ နင့် အရင် စာရင်းထဲမှာ ငါထည့်မှတ်ထားလိုက်ပါ့မယ်။ နောက်အဆင်ပြေတော့ ပေးပေါ့”

တဖြည်းဖြည်း ပြုံးလာတဲ့ အေးတင်ရဲ့ အပြုံးဟာ ဆံပင်တွေ ဖရိုဖရဲ၊ လက်သည်းရာတွေ ဗရပွကြားထဲမှာတောင် အတော့်ကို ကျက်သရေ ရှိသွားသလိုမျိုး။ ပြီးတော့ ဘယ်သူ့ကိုမှ စကားထပ် မပြောနိုင်သေးဘဲ သူ့အိမ်ကို အတင်း ပြန်ပြေးတော့တာပဲ။ အိမ်ရောက်တော့ ကျောင်းက ပြန်ရောက်နှင့် နေတဲ့ အောင်ထူးက ထမင်းတောင် စားပြီးနေပြီ။ ရုတ်တရက် အေးတင်ကို မြင်တော့ ထိတ်လန့်တကြားနဲ့။

လှမ်းမေးတယ်။
“အမေ့ မျက်နှာက ဘာဖြစ်လာတာလဲ”

အေးတင်က ဘာမှ ပြန်မပြောသေးဘဲ အောင်ထူးကို ပြန်မေးလိုက်တယ်။
“နင့်အဖေ ပြန်ရောက်ပြီလား”

အောင်ထူး ခေါင်းခါ အပြမှာ “တော်ပါသေးရဲ့” ဆိုပြီး ရေချိုး အ၀တ်အစားလဲရင်း ကိုကုလားကို ထိုင်စောင့်နေလိုက်တယ်။
နေစောင်းလို့ ကိုကုလားပြန်လာတော့ ထုံးစံအတိုင်း အနံ့ ကလေးကတော့ တသင်းသင်းပါပဲ။ အေးတင်ကို မြင်တော့
“နင့် မျက်နှာက ဘာဖြစ်တာလဲ အေးတင်”
လို့ မေးပြန်ရော။ အေးတင်က အဖြေခက်နေရာကနေ ခပ်ပေါ့ ပေါ့ဖြစ်အောင် ပြန်ပြောလိုက်ရတယ်။

“အိမ်ပေါ်ကနေ ၀မ်းလျားထိုး လဲကျတာ”
ကိုကုလားက အေးတင်ကို ခပ်တင်းတင်း စိုက်ကြည့်ပြီး “ဖြစ်ရမယ်”လို့ ဆိုတယ်။ ပြီးတော့ ရေချိုးဖို့ ပုဆိုးတစ်ထည် ပခုံးပေါ် တင်ရင်း ရေစည် ရှိရာကို ဆင်းသွားတယ်။

အေးတင်လည်း ကိုကုလားအလစ်မှာ အင်္ကျီအိတ်ထဲက နေ့တွက်ခကို နှိုက်ယူပြီး ခုနငါးရာနဲ့ ပေါင်းလို့ “အမိန့်ရ” ဆီကို ပြန်ပြေးလာရတယ်။ စိတ်ထဲကလည်း “မပိတ်ပါစေနဲ့” ဆိုတဲ့ ဆုတောင်းကို မနားတမ်း ရွတ်လို့။ တကယ်လို့ ဆိုင်သာ ပိတ်သွားရင် ဒီည အတွက်က ဒုက္ခလေ။ အခန့် မသင့်ရင် လင်မယားချင်း နောက်တစ်ခါ နောင်ဂျိန်ချ ရဦးမှာ မဟုတ်လား။

လမ်းထိပ်ရောက်တော့ ဆိုင်ဖွင့်လျက် သားလေး မြင်လိုက်ရတာနဲ့တင် အေးတင် ၀မ်းသာလှပြီ။ ပြီးတော့ မြန်နှုန်းမြင့် ခြေလှမ်းတွေနဲ့ ဆိုင်ထဲကို ၀င်သွားလိုက် တယ်။ အထဲမှာ မီးတောင် ထွန်းနေပြီ။ စာရေးမလေးက အေးတင်ကို မြင်တော့ တအံ့တသြနဲ့
“ဘာဖြစ်လို့လဲ အစ်မ”
ဆိုပြီး ဆီးမေးတယ်။ အေးတင်က ရင်ဘတ်ထဲ ထည့်လာတဲ့ ဘောက်ချာစာရွက်ကလေးကို ထုတ်ပြီး ကောင်မလေးကို လှမ်းပေးလိုက်တယ်။ ကောင်မလေးက အေးတင်ကိုကြည့်ပြီး
“ပြန်ရွေးတော့မလို့လား”

“ပြန်ရွေးရမှာပေါ့ ညီမရယ်။ မရွေးရင် ဒီညတို့ မိသားစု ဘာနဲ့ အိပ်ရမှာလဲ”

အေးတင်ရဲ့ အပြောကြောင့် ကောင်မလေးက အားတုံ့ အားနာနဲ့
“နေ့ချင်းရွေးတယ် ဆိုပေမယ့် ကျွန်မတို့က စည်းနဲ့ကမ်းနဲ့ လုပ်ရတာ ဆိုတော့ အတိုးကို လျော့ပေးလို့ ရမှာ ဟုတ်ဘူးနော် အစ်မ” တဲ့။

အေးတင် ခေါင်းညိတ်ပြလိုက်ရတယ်။ ရုတ်တရက် ဘောက်ချာကလေး ငုံ့ကြည့်လိုက်တော့
“ရန်သူမျိုး ငါးပါးနဲ့ ပိုးမွှား အန္တရာယ်များကြောင့် ပျက်စီး ဆုံးပါးခဲ့လျှင် (လုံးဝ) တာဝန် မယူပါ”
ဆိုတဲ့ စာကြောင်းက ထင်ထင်ရှားရှား။ အေးတင်နှစ်နှစ် ကာကာ ပြုံးလိုက်မိတယ်။ စိတ်ထဲကလည်း “သူတို့ အတိုးကျတော့ စည်းနဲ့ ကမ်းနဲ့ လုပ်ရတာမို့ လျှော့မပေးနိုင်ဘူးတဲ့။ သူတို့ လက်ထဲမှာ အကြောင်း မညီညွတ်လို့ ဆုံးပါး သွားခဲ့ရင်တော့ တာဝန် မယူဘူးတဲ့။ ဒါဟာ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ် များလားလို့လည်း သူ တစ်ဆက်တည်း တွေးမိတယ်။
_ _ _
ခြင်ထောင် ကလေးကို တယုတယ ပိုက်ထွေးပြီး ပြန်လာတဲ့ အေးတင်ရဲ့ ခြေလှမ်းတွေက နှေးကွေး လေးလံနေတယ်။ စိတ်ထဲကတော့ ကိုကုလား သိသွားရင် ဆိုတဲ့ စိုးရိမ်စိတ်ကြီးက တနင့် တပိုးကြီး။ မတော်တဆ သိသွားခဲ့ရင်လည်း “ငါ့မိန်းမက နောက်ထပ် ပညာတစ်ရပ်ကို ကျွမ်းကျင် သွားပြန်ပါလား” လို့လည်း ခနဲ့ ဦးမယ်။ နောက်ပြီး ငွေတိုး ပေးစားတဲ့ ဒေါ်လှကြည်ရဲ့ အိမ်ပေါ်က အဆင်း ဖိနပ်ချွတ် အရောက်မှာ ဘယ်သူ့ကို ပြောလိုက်မှန်း မသိတဲ့ ဒီမိန်းမကြီးရဲ့ စကားတစ်ခွန်းက သူ့နားထဲ ဖျတ်ခနဲ ပြန်ဝင်လာတယ်။

“နင်တို့ရဲ့ ပစ္စည်းတွေကို ဘယ်လောက်ပဲ ပေါင်လိုက်ရွေး လိုက်လုပ်လုပ်၊ နင်တို့ ကိုယ်တိုင်ကိုတော့ ဘယ်သူမှ လာမရွေး နိုင်ကြဘူး မဟုတ်လား”

အေးတင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ခနဲ တွန့်သွားတယ်။ ဒေါ်လှကြည်ရဲ့ စကားကြီးက နင့်နင့်စီးစီးကြီးလေ။ ဒါကြောင့် အေးတင်အံကို တစ်ချက် တင်းတင်းကြိတ်လိုက်မိတယ်။
သူ့လက်ထဲက ခြင်ထောင်ကလေးကတော့ တဆတ်ဆတ် တုန်လို့။
_ _ _
ပြောခဲ့ပြီးပါကော။ အခု ကိစ္စတွေ အားလုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ် ကျော်ကျော်က ဖြစ်ခဲ့တာပါလို့။
ခက်တာက လူ့ပတ်ဝန်းကျင်မှာ ဒါမျိုးတွေကလည်း ရှိနေနိုင်သေးတာကိုး။


                                                                                                       မောင်နှင်းပန်း
                                                                                               ၂၀၁၀ ၊ဇွန်လ  ၊ပေဖူးလွှာမဂ္ဂဇင်း

No comments:

Post a Comment