Saturday, August 11, 2012

မိုးခါးရေ


နေ့စဉ်နှင့် အမျှ ဘတ်စ်ကား စီးရသည့် ဒုက္ခကို ကျွန်တော် စိတ်ညစ်လှပြီ ဖြစ်သည်။ ဖြစ်နိုင်လျှင် မစီးချင်တော့။
ကိုယ်က ကျူရှင်ဆရာ ဆိုတော့ စာသင်ချိန်တွေကို အချိန်ကိုက် ရောက်ရန်အတွက် ဘတ်စ်ကားတွေကို အားကိုးရသည်။ ကိုယ်ပိုင် ကားစီးရန် အတွက် အိပ်မက်ထဲတွင်ပင် မရင်းနှီးသေးသော ကျွန်တော့် အတွက် ဘတ်စ်ကားတွေနှင့် ပတ်သက်နေရတုန်း ရှိသေးသည်။

တစ်နေရာရာကို  စာသင် သွားရတော့မည် ဆိုလျှင်  ကိုယ်က အချိန်အတိအကျ  ရောက်နေမှ ဖြစ်မည်။ နောက်ကျနေ၍ မဖြစ်။ ထို့ကြောင့် နေ့စဉ်နှင့် အမျှ ခရီးတိုတွေကို မိုင်ပေါင်းများစွာ  ဖြတ်သန်းနေရသည်။ ကျွန်တော်နေသည့် မြောက်ဥက္ကလာပမှ လှိုင်သာယာ။ လှိုင်သာယာမှ တောင်ဥက္ကလာ။ ထိုမှတစ်ဆင့် မင်္ဂလာဒုံ၊ ကမ္ဘာအေး အစရှိသဖြင့် အရပ် လေးမျက်နှာကို ဥဒဟို ပြေးလွှား နေရသည်။


အခုလည်း တောင်ဥက္ကလာရှိ စာသင်ချိန် တစ်ခုကို ညနေ ခြောက်နာရီ အမီ ပြေးရဦးမည်။ ထို့ကြောင့်
အိမ်မှ ငါးနာရီ ထိုးပြီးစ ကတည်းက ထွက်လာခဲ့ရသည်။ သို့သော် ကျွန်တော်စောင့်နေသည့် မှတ်တိုင်သို့ တောင်ဥက္က လာကားက တော်တော်နှင့် ပေါ်မလာ။ ကားနှစ်ဆင့် ပြောင်းစီးရမလို ဖြစ်နေသည်။ သည်လို ပြောင်းစီးရတော့ မည်ဆိုလျှင် ပထမဦးစွာ ကမ္ဘာအေးမှတ်တိုင်ကို စီး။ ထိုမှတစ်ဆင့် ကြုံရာကားနှင့် တောင်ဥက္ကလာသို့ ခရီးဆက် ရလိမ့်မည် ဖြစ်သည်။ ထို့ ကြောင့် ကမ္ဘာအေး မှတ်တိုင်သို့ မြန်မြန်ရောက်နိုင်မည့် ကားတစ်စီးစီးကို မြန်မြန် တက်စီးမှ ဖြစ်တော့မည်။

မကြာမီ အထူးကား တစ်စီး ရောက်လာသဖြင့် ကားပေါ်လှမ်းတက်လိုက်တော့  အတန်ငယ် လူချောင် နေသည် ကိုတွေ့ရသည်။ ထိုင်ခုံတွေ တွင် လူမစေ့။ ကျွန်တော် လည်း နီးစပ်ရာ ထိုင်ခုံတစ်ခု တွင် ၀င်ထိုင်လိုက်ပြီး ပြတင်း ပေါက်ဘက်ကို အနည်းငယ် ကပ်ရင်း ပြင်ပရပ်ဝန်းသို့ အာရုံကို ပို့လွှတ်လိုက်ရသည်။

ကားထွက်လိုက်သည် နှင့် ပတ်ဝန်းကျင်မြင်ကွင်းတွေ က တရွေ့ရွေ့ပြောင်းလဲလာ သည်။ လမ်းပေါ်မှာရွေ့လျား သွားလာနေကြသော ကား ကြီးကားငယ်တွေက ညနေခင်း၏ သာယာကြည်နူးဖွယ် အလှကို ခံစားနိုင်ကြပုံမပေါ်။ ကျွန်တော်ကတော့ ၀င်လုဆဲဆဲ နေမင်းကြီး၏အလှကို တစိမ့်စိမ့် အရသာခံရင်း စာသင်ခန်း သို့ရောက်လျှင် မည်သည့် သင်ခန်းစာကို သင်ရလျှင် ကောင်းမလဲဟု တွေးနေမိသည်။

စိတ်ညစ်စရာ ကောင်းသည်က   ကျွန်တော် စီးလာသော ကားသည်   မှတ်တိုင် တစ်ခုခုသို့ ရောက်လျှင် တော်တော်နှင့် ပြန်မထွက် တော့။ ခရီးသည်ကို စိတ် ရှည်လက်ရှည် စောင့်ခေါ်နေ တတ်သည်။ ထို့ကြောင့် စာသင်ချိန်ပင် မီပါ့မလားဟု စိုးရိမ်လာရပြီဖြစ်သည်။  မှတ်တိုင်တစ်ခုသို့ အရောက်တွင် ကားပေါ်သို့ မိန်းကလေးနှစ်ယောက်တက် လာပြီး ကျွန်တော့်နောက်ရှိ ထိုင်ခုံအလွတ်တစ်ခုတွင် ၀င်ထိုင်လိုက်ကြသည်ကို ကျွန်တော် ရိပ်မိလိုက်သည်။ အရွယ်ငယ်ငယ်လား၊  ကြီး ကြီးလား ဆိုသည်ကိုတော့  ကျွန်တော် သတိမထားလိုက် မိ။ လည်ပြန်လှည့်ကြည့် ပြန်လျှင်လည်း  ရိုင်းရာကျဦး မည်။  ထို့ကြောင့် လှည့် မကြည့်တော့ဘဲ သူတို့စကား ပြောနေကြသည့် အသံတွေကို သာ နားစွင့်နေလိုက်ရသည်။

အသံတွေကတော့ အတော့်ကို ငယ်ရွယ်ကြလိမ့် ဦးမည်ဟု ခန့်မှန်းရသည်။ ယုတ်စွအဆုံး ကျွန်တော် စာသင်နေသည့် ဆယ်တန်း အရွယ်တွေထက် သိသိသာ သာ အသက်ကြီးကြလိမ့်မည် မထင်။  သူတို့၏ မွေးရာပါဗီဇ အရ စကားတွေကို အမျှင် မပြတ် ပြောလာကြသည်။ တစ်ယောက်၏စကားကို တစ်ယောက်က ထောက်ပေးရင်း အပေးအယူတည့်လာကြ သည်။ သူတို့၏စကားသံ ကြောင့်လား မသိ။ ကျွန်တော် ၏ မူလအတွေးတွေပါ လျော့ ရိလျော့ရဲ ဖြစ်လာခဲ့သည်။

တစ်ချက်တစ်ချက် နား ထဲသို့ရောက်လာသော သူတို့ စကားတွေထဲတွင် လွတ်လပ် ပွင့်လင်းပုံရသော အကြောင်း အရာမျိုးစုံက  ခိုတွယ်လိုက် ပါလာသည်။  တစ်ခါတစ်ရံ ကားစပယ်ယာ၏ လူခေါ် သံ၊ မှတ်တိုင်မေးသံတွေက ကျွန်တော့်နားကို လာရောက် ပုတ်ခတ် ကျီစယ်တတ်သေး သည်။

“ဒီမှာ ဒုက္ခတွေ ရောက်နေပြီသိလား”

“အေး ငါ့မှာလည်း တစ်ပြားမှကို မပါတာ။ အခု ကားခကိုတောင် နင်ခံလို့။ ဘုရားပေါ်ရောက်ရင် လှူဖို့ တန်းဖို့တောင် မပါဘူး။ ဟင်း ဟင်း ဟင်း”

“အောင်မလေး လေး ဒေါ်ရွှေရည်ရယ်။ အဲဒီ လောက်ကြီးလည်း ငိုပြမနေ ပါနဲ့။ ဘ၀တူတွေပဲဥစ္စာ။ လေပြည့်မှာ သုံးထောင်ပါတယ်။ တစ်ထောင် ယူထား လိုက်။ တကတဲ ဒီက ငွေမပို့ လို့စိတ်ညစ်ရမလား အောက် မေ့ပါတယ်။ သူက ပိုကဲနေ တယ်”

“ဟယ် လေပြည်ရယ် မရှိပါဘူးဆိုတာ ဂုဏ်ယူပြီး ပြောနေတယ်ထင်လို့လား။ အဲဒါကြောင့် အသိုက်ထဲမှာ  အောင်းနေတာကြာပြီ သိရဲ့ လား။ အခုတောင် ရှင်လာခေါ်လို့ ဖုတ်ဖက်ခါထလာ ခဲ့ရတာလေ။”

“ဟုတ်ပါတယ်၊ ဟုတ် ပါတယ် ဒေါ်ရွှေရည်ရယ်။လာခေါ်မိတဲ့သူရဲ့အပြစ်ပါ နော်။ ဒါပဲနော် ဒေါ်ရွှေရည်။ အခု တစ်ထောင်က ပြန်ဆပ် ရမှာနော်”

“အမလေး။ ဘယ်လို များ ဖြစ်နေသလဲ မသိဘူး။ ပိုက်ဆံ မရှိတာ လူသိလိုက် တာနော်။ ပြန်ဆပ်မှာ၊ ပြန် ဆပ်မှာ စိတ်ချ။ ဟင်း.. ဟင်း..ဟင်း...။ ဟီး... ဟီး...ဟီး”

ဆယ်ကျော်သက်က လေးမလေးတွေဆီက သူတို့၏ စိတ်နေသဘောထားတွေ၊  တွေးခေါ်မြော်မြင်မှုနှင့် ပွင့် လင်းပြတ်သားမှုတွေကို  ကျွန်တော်သတိထားမိ သည်။ ထိုကောင်မလေးတွေ သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးရုံသာမကသေးဘဲ ရိုင်းပင်း ကူညီမှုတွေပါ ရောနှော ပျော်ဝင်နေသဖြင့် သာမန် ထက်ပိုမို ခင်မင်နေကြသူများ ဟုကျွန်တော် ခန့်မှန်းမိသည်။

သူတို့၏စကားတွေထဲ တွင် နာမည်တွေပါ သိခွင့် ရသဖြင့် တစ်ယောက်ချင်း၏ အခြေအနေတွေကိုပါ အကဲ ခတ်ခွင့်ရလာခဲ့သည်။ သူတို့ စကားကြောင့် “မုန့်ဖိုး မရကြ လို့များလား။ ဒါမှမဟုတ် ရတဲ့မုန့်ဖိုးကပဲ မလောက်လို့ လား”ဟု ကျွန်တော့်ဘာသာ ဆင်ခြင်နေမိသည်။

ထို့ပြင် နေ၀င်ရီတရော အချိန်တွင် ဘုရားသွားကြ သည်ကိုတော့  ကျွန်တော် သိပ်သဘောမကျ။ ကျွန်တော့် သားသမီးတွေဆိုလျှင်လည်း ခွင့်ပြုလိမ့်မည်မဟုတ်။
“ဒီကလေးမလေးတွေ ဆီမှာ ရည်းစားသနာများ ရှိနေကြပြီလား။ ဒါကြောင့် သူတို့ ချစ်သူရည်းစားတွေ ကို ဘုရားမှာချိန်းပြီး တွေ့ရ အောင်ထွက်လာခြင်းများလား” ဟု ကျွန်တော် တွေးမိသည်။

သေချာသည်က  ကျွန်တော့်နောက်ဘက်ခုံတန်း မှ  သူတို့၏စကားသံတွေက။ ကျွန်တော်၏ အတွေးစများ သူတို့ထံနစ်ကျွံကျသွားအောင် ဆွဲဆောင်နေနိုင်သည်ကတော့ အမှန်။

“ဟဲ့..ဟဲ့၊ ရွှေရည်။ သူ့ကိုငါ ဖုန်းခေါ်လို့မရတာ ကြာပြီသိလား။ ဖုန်းကို ငါ ဆက်မှန်း သိလို့ မကိုင်တာပဲ လား။ ဒါမှမဟုတ် အလုပ်ပဲ များနေလို့လားတော့ မသိ ဘူး။ သူနဲ့ အဆက်အသွယ်  မရဘူး ဖြစ်နေတယ်။ ဒါ ကြောင့် ဒီမှာ တော်တော့်ကို ဘ၀ ပျက်နေပြီသိလား”

“အေးလေ တကယ် ဆိုရင် သူ့ဘက်က နည်းနည်းလေးဖြစ်ဖြစ် အဆက်အသွယ် လုပ်သင့်တာပေါ့။ ဘာပဲဖြစ် ဖြစ်၊ အခု လေပြည့်မှာ ဖုန် ပါတယ် မဟုတ်လား။ ခေါ် ကြည့်လိုက်ပါလား လေပြည် ရဲ့၊ ရလိုရငြားပေါ့”

“မရပါဘူး ရွှေရည် ရယ်။ နောက်ပြီး ဖုန်းကတ်ကလည်း ကုန်တော့မယ်။  ဒါကြောင့် ခဏခဏ မခေါ်ရဲ ဘူးဖြစ်နေတယ်။ ရွှေရည်ခေါ် ချင် ခေါ်ကြည့်လေ။ ရလိုရ ငြားပေါ့ ရော့”

“ပေး ပေး လေပြည်။ ငါခေါ်ကြည့်မယ်။ ဟဲ့... ဟဲ့...လေပြည် ရပြီ၊ ရပြီ။ အမလေး ၀မ်းသာလိုက်တာ ဘုရားမတာပဲ”

“ဟယ် ဟုတ်လား။ ပေး ပေး မြန်မြန်ပေး ရွှေ ရည်။ လေပြည့်ကို မြန်မြန် ပေး”

“ရော့ ရော့”
“ဟလို....ဟလို.... မောင်လား။ မောင်လားလို့။  အင်း ဘာဖြစ်လို့ ဖုန်းမကိုင် တာလဲ။ ပြော။ ဒီမှာဖြင့်  ခေါ် လိုက်ရတာ။ ဘယ်သူတွေနဲ့ ပြောနေလို့  ဒီလောက်တောင်  ခေါ်မကြား အော်မကြား ဖြစ် နေရတာလဲ ပြောပါဦး။

“ဟင်။  မစ်(စ်)ကော တွေ မတွေ့ဘူးလား။ မတွေ့ရ တာ၊ နှစ်ပတ်တောင် ကျော်နေ ပြီ သိလား။ ဟင် ဟင်... ဘာဖြစ်လို့ ဘာ မကြားရဘူး။ ကျယ်ကျယ်ပြော။ ဓာတ်ဆီ ထည့်နေတာ ဟုတ်လား။ ပြောလို့မရဘူးလား။ အဲဒါဆို ပြီးရင်ပြန်ခေါ်လိုက်လေ။  စောင့်နေမှာနော်။ ပြန်မခေါ် ရင်တွေ့မယ် ဒါပဲ။  ဟာ ဒီက ခေါ်လို့မရဘူး။ ကတ် က ကုန်တော့မှာ။ အနားမှာ ရွှေရည်လည်းပါတယ်။ ပြန် ခေါ်လိုက်နော်။ ဟင်း.. ဟင်း ဟင်း...ဒါပဲ.. ဒါပဲ”

ကျွန်တော့်မျက်ဝန်း အစုံ က သိသိသာသာတွန်းကန် ထွက်လာသည်။ မျက်ခုံးအစုံ လည်း အတန်အသင့် တွန့် ကျိုးသွားသည်။ ဘေးဘက် နားရှိ ခုံတန်းတွေက ခရီး သည်တွေကို ငဲ့ကြည့်တော့ သူတို့နှစ်ဦးရှိရာ ထိုင်ခုံကို မသိမသာ လှမ်းလှမ်းကြည့် နေကြသည်ကို တွေ့ရသည်။

ဒီကလေးမတွေမှာ ရည်းစားသနာ ရှိနေကြပြီမှာ သေချာနေသည်။ ထို့ပြင် ဖိုနှင့်မ နှစ်ကိုယ်ကြားသာ သုံးစွဲကြလေ့ရှိသော “မောင်” ဆိုသော ဝေါဟာရကို လူ ပရိတ်သတ် အလယ်တွင် ရဲရဲ ၀ံ့ဝံ့သုံးစွဲနေရဲသော ထိုမိန်းက လေး၏ ပုံပန်းသဏ္ဌာန်ကို လည်း စိတ်ထဲတွင် ပုံဖော် နေမိသည်။

သို့သော်၊ တစ်ချက် ကလေး ဖျတ်ခနဲလှည့်ကြည့် လိုက်ရုံနှင့် သူတို့၏ပုံပန်း သဏ္ဌာန် ဟန်အမူအရာကို မြင်တွေ့ခွင့် ရလိုက်နိုင်သော်လည်း ဒီအတိုင်းလေးဆက် ၍ နားထောင်နေလိုက်သည် ကပို၍ စိတ်ဝင်စားဖွယ် ကောင်းနေလိမ့်မည်ထင် သည်။

“မိုးရေတွေစိုနေတဲ့ မင်းလေးကိုxxxငါစွဲလမ်း လို့xxxမင်းအကြည့်နဲ့xxx မင်းအသံလေးကြောင့်xxx ခဏလေးအတွင်းကို ငါချစ်မိ ခဲ့xxx”

ဒီသီချင်းကို ကျွန်တော် ကောင်းကောင်းသိသည်။  အယ်လ်ဆိုင်းဇီ၏ နာမည် ကြီးသီချင်း။ ဤသီချင်း၏  အဓိပ္ပာယ်ကိုလည်း ကျွန်တော် သဘောကျသည်။ မိန်း ကလေးအချို့အတွက်  အသည်းကွဲသီချင်းဖြစ်သော် လည်း ကရုဏာတရားကို ဖြစ်စေသည့်သီချင်းဟု နား လည်ထားသည်။  ထိုသီချင်း ၏ မြည်သံက သူတို့ဖုန်းဆီမှ မြည်လာသဖြင့် သူတို့နှစ်ဦး အနက် လေပြည်က-

“ ဟဲ့...ဟဲ့...ရွှေရည်။ လာပြီလာပြီ။ သိလား။ ၀မ်း သာလိုက်တာ။ ဟင်း... ဟင်း...ဟင်း။ ဟလို... ဟလို။ ပြော ပြော...မောင်။ ပြောလေ မောင်ရဲ့။ ဟုတ် တယ်၊ လေပြည်ပါ”

“ဟုတ်တယ် ။ အခု ဒေါ်ရွှေရည်နဲ့ ဘုရားတက်မလို့။ ရွှေတိဂုံပေါ့။ ဘယ် ဘုရား ဖြစ်ရမှာတုံး”

“အမလေး မိန်းကလေး ဖြစ်တော့ရော ဘာဖြစ်လဲ ဘုရား သွားတာပဲ။  စိတ်မချ ရင် အနားမှာ လာနေပါလား။ဒီကဆက်မှ လာပြီးလွမ်းပြ မနေနဲ့”

“ဟင် ဘာလဲ။ အပိုတွေ ပြောမနေနဲ့။ မကျေနပ်ဘူး သိလား။ ပြန်လာရင်တွေ့ မယ်။ ဒီက မိလေပြည် အကြောင်းကို။ ပြော မလွမ်း ဘူးလား။ မောင်က တော် တော်နေနိုင်တယ်နော်။

“မောင် မောင်လို့။ ဘာ ဖြစ်လို့ ဖုန်းမဆက်တာလဲဟင်။ ဟင် ဒီဖုန်းလေး ခေါ်ဖို့ ငါး မိနစ်လောက်တောင် အချိန် မရတော့ဘူးလား။ ဘာလဲ ဒီက လေပြည့်ကို စိတ်ကုန်နေ ပြီလား။ စိတ်ကုန်နေတာ ဆိုရင်လည်း ပြောနော်။ ဒီက ဖြင့် သူ့ဖုန်းကို မျှော်လိုက် ရတာ။ လည်ပင်းတောင်  ညောင်ရေအိုး ဖြစ်တော့မယ်။ အင်းပေါ့။ တကယ်ပေါ့။

ဘာလဲ မယုံဘူးလား။  ဒါပဲနော်။ ဒီကစိတ်ကောက် မှလာမချော့နဲ့။ ဟုတ်တယ်။ ဒီမှာ နှစ်ယောက်စလုံး ဘ၀ ပျက်နေပြီသိလား။ ရွှေရည် နဲ့ပေါ့။ ဟုတ်တယ်။ သူ လည်း အဆင်မပြေဘူး။ ဟင် အရင်အလုပ်ကို မောင်ပဲ မလုပ်ရတော့ဘူးဆို။ မသွား ပါဘူး။ ဘာဖြစ်လို့ သွားရမှာလဲ။ မသွားပါဘူးဆိုမှ။  ဟို တစ်နေ့ကတောင် အဲဒီက မန်နေဂျာက  ဖုန်းဆက်သေး တယ်။ ဟင်- ချက်ချင်း ပိတ်လိုက်တာပေါ့။ စကားလည်း မပြောချင်တော့ပါဘူး မောင် ရယ်”

“သြော်။ ဟုတ်ပါတယ် ဆိုမှ၊ အခု ဘုရား သွားမလို့ ပါဆိုမှ။ ပေးချင်တဲ့သစ္စာ ပေး။ မယုံရင် ဘုရားရောက် တဲ့အခါပြန်ဆက်လိုက်။ ဆည်းလည်း လှုပ်သံတွေ၊ ခေါင်းလောင်း ထိုးသံတွေ ကြားရမယ်”

“အင်းလေ။ မောင်ကလည်း နည်းနည်းတော့ ငဲ့သင့်တာပေါ့။ ဒီမှာတော့ သီချင်းတွေတောင်  ပြန်ကျင့် ရတော့မလို ဖြစ်နေပြီသိ လား။ အိမ်မှာလည်း မောင် လေးရဲ့ကျောင်းစရိတ်က ရှိ သေး။ မောင်က လေပြည့်ကို မှ မညှာတာ”

“ဘာမှပြောမနေနဲ့။ အပြောကတော့ တော်တော် ကောင်း။ မယုံပါဘူး ဟင်း ဟင်း...ဟင်း...။ ကဲပါ ပြော။ ဘယ်တော့ပို့မှာလဲ”

“ဟာ တကယ်ပြောတာ ပါဆိုမှ။ အခုတစ်လော အမေကလည်း နေမကောင်းဘူး။ သူ့ဆီးချိုကပြန်ပြန်တက်နေ တယ်။ ဟိုတစ်နေ့ကဆိုရင် လေးရာနီးပါးတောင်ဖြစ် သွားတာ။ လေပြည်တော့ အမေ့ကို သွားပြီတောင်အောက် မေ့တာ။ အားငယ်လိုက်တာ လည်း ပြောမနေပါနဲ့တော့”
“ဟင်း ဟင်း မောင့်ကို ရယ်စရာ ပြောရဦးမယ် သိလား။  အမေက  ဟိုတစ်နေ့ကမေး တယ်။ “ဟို ခပ်ချောချော ကောင်လေး လာတာ မတွေ့ ပါလား”တဲ့ ။ မောင့်ဘက်က မဲတစ်မဲတော့ သေချာနေပြီ နော်”

တကယ်ဆိုလျှင်  ရောက်ရာ မှတ်တိုင်တွင်ခုန် ဆင်း၍  တခြား ကားတစ်စီး ကို  ပြောင်းစီးလိုက်ချင်ပြီ။ ကျွန်တော်ကြားနေရသော အကြောင်းအရာတွေက  မထူးခြား လှသော်လည်း စိတ်မချမ်း သာစရာတွေဆီ ဦးတည်နေပြီကိုတော့ ကျွန်တော် ရိပ်မိလာနေပြီ။  သို့သော် ကျွန်တော်ဆင်းရ မည့် မှတ်တိုင်နှင့်လည်း  အတော်နီးလာပြီဖြစ်သော ကြောင့်သာ ဆက်၍သည်းခံ နေလိုက်ရသည်။ သို့သော်  စကားသံတွေကတော့ ကျွန်တော့် အာရုံထဲကို တိုးဝင် လာနေတုန်း။   

လေပြည်၏စကားသံ တွေကြောင့် ကျွန်တော်၏ အသက်ရှူနှုန်းတွေ ပို၍မြန် ဆန်လာနေပြီဖြစ်သည်။ အစောပိုင်းက ကျွန်တော်ထင် ထားသလို လေပြည့်မှာ ရည်း စားသနာရှိနေရုံတင် မဟုတ် ဘဲ သူတို့၏အခြေအနေမှာ တော်တော့်ကို ခရီးလွန်ပြီးကြ ပြီကို ကျွန်တော်အလိုလို သိခွင့်ရလာပြန်သည်။

ထို့ပြင် လေပြည်ပြောခဲ့ သောစကားတွေထဲတွင်“အရင် အလုပ်ကို မောင်ပဲ မလုပ်ရ တော့ဘူးဆို” ဟူသည့်စကား ကို ကျွန်တော် သတိထားမိ သည်။ “ဘာအလုပ်တွေများ လုပ်နေကြပါလိမ့်” ဆိုသည့် အတွေးကလည်း ကျွန်တော့် အသိဉဏ်ထဲတွင် တရစ်ဝဲ၀ဲ ခိုတွယ်နေသည်။ “မန်နေဂျာ က ဖုန်းဆက်သေးတယ်” ဆို သောစကားကလည်း ကျွန်တော့် အတွက် အဖြေတစ်ခုခုကို ရှာတွေ့နေသလိုထင်ရသည်။

ကျွန်တော့်စိတ်ရင်း အတိုင်းဆိုရလျှင် ကိုယ်နှင့် လုံးဝမသက်ဆိုင်သော်လည်း “ကျွန်တော့်အထင်တွေ လွဲပါ စေ။ မဟုတ်ပါစေနဲ့” ဆိုသည့် ဆုတောင်းတွေကသာ ရင်ထဲ တွင် တဖျတ်ဖျတ်လှုပ်ခတ် နေခဲ့သည်။
ပတ်ဝန်းကျင်ရှိခရီး သည်တွေကတော့ ထို ကလေးမနှစ်ယောက်ကို အလိုမကျသောမျက်လုံးမျိုး၊ မသိတတ်ကြပါလားဟူသည့် အမြင်မျိုးတွေနှင့်လည်း ကွက် ကြည့်ကွက်ကြည့် လုပ်နေကြ ပြီဖြစ်သည်။ သို့သော် ထို ကလေးမလေးတွေကတော့ လောကတွင် သူတို့နှစ်ယောက် တည်း ရှိနေကြသလို ပြောနေ ဆိုနေကြတုန်းရှိသေးသည်။

“ဟဲ့ လေပြည်၊ နည်း နည်း ပါးပါးထောက်ပံ့ဖို့လေး ဘာလေး ပြောဦးလေ”
“အေးပါဆို။ တကတဲ မိန်းမကလည်း ဘယ်လိုဖြစ်နေတယ် မသိဘူး။ မဟုတ် ဘူး။ မဟုတ်ဘူး။ ဒီမှာ ရွှေရည့်ကို ပြောနေတာ။

“ရွှေရည်က ပြော တယ်။ နည်းနည်းပါးပါး ထောက်ပံ့ဖို့ ပြောဦးလေတဲ့။ ဟင်၊ သန်ဘက်ခါ ဟုတ် လား။ မနက်ဖြန် မဟုတ်ဘူး လား မောင်ရာ။ ဟာ မောင်ကလည်း နာရီပိုင်းနဲ့ ရောက်တဲ့ ဟာကို။ ဘယ်ဘဏ်လဲပြော။ သေကော သေချာလို့လား။ မဟုတ်ရင် ဒီက မိလေပြည် တစ်ယောက် နေရင်း ထိုင်ရင်းနဲ့ အချုပ်ထဲ ၀င်နေရဦး မယ်။ အင်း ပို့ရင် ဆက်လိုက် နော်။ လေပြည်က ခေါ်လို့ရမှာ မဟုတ်ဘူးနော်။ ကတ်က ကုန်နေပြီ”

“ဘယ်တော့ပြန်လာမှာ လဲပြော။ အင်းပါ မောင်ပြန်လာရင် အားလုံး ရယ်ဒီဖြစ်နေ စေရမယ်”

“စိတ်ချ။ ဟာ မောင် ကလည်း၊ တကယ်ပါဆိုနေ။လေပြည်က ဘယ်တုန်းက ကတိဖျက်ဖူးလို့လဲ”

“မောင်သာ လာခဲ့စမ်း ပါ။ လေပြည်တို့က အေးဆေး ပဲ။ ဘာပြဿနာမှ မရှိဘူး”

“မောင် မောင်လို့။ မနက်ဖြန် အဆင်ပြေပါ့မလား။ ဟင်။  လေပြည်  မောင့်ကိုလည်း အားနာပါ တယ် မောင်ရယ်။ ရင်ထဲက အလွမ်းတွေကို မောင်ပြန်လာမှ အတိုးချပြီး ချစ်တော့မယ် နော် သိလား”

“သြော်။ ဒီကလေးမ  သူ့အဆက်ဆီမှ ငွေတောင်း နေခြင်းပါလား” ဟု ဆင်ခြင် မိသည်။ သို့သော်  ဒီမိန်းက လေး၏ စကားများထဲတွင်  ပရိယာယ် အနည်းငယ်ပါသည် ဟု ကျွန်တော်ထင်သည်။   ခြိမ်းလိုက်၊ ခြောက်လိုက်၊ ချော့လိုက်၊ ငေါ့လိုက်ဖြင့် ပြောဆိုနေပုံမှာ စကားပြော အလွန် ကျွမ်းကျင်သော ရှေ့နေ တစ်ဦးက တရားခံကို မိမိ လိုချင်သည့် အဖြေမရမချင်း  စကားဖြင့်ကျုံးသွင်းပြီး တိုက် စစ်ဆင်နေသလိုထင်ရသည်။ သေချာသည်က လေပြည်နှင့် သူ့ချစ်သူတို့၏  ဆက်ဆံရေး အပြင် သူတို့ ဖြတ်သန်းနေရ သော ဘ၀တစ်ဆစ်ချိုးကိုပါ ရေရေလည်လည် မြင်နေရ သလို ထင်ရ၏။

“သြော် မေ့တော့မလို့။ မောင့်ဟာကြီးကိုလည်း သတိ ထားဦးနော်။  တော်ကြာဒီက မိလေပြည် အရှက်တွေ ကွဲပြီးရင်း ကွဲနေဦးမယ်”
“သူ့ကလေးတွေနဲ့ လုံးလည်လိုက်နေတာတော့  ဟုတ်ပါတယ် မောင်ရယ်။ သတိဆိုတာ ပိုတယ်မရှိဘူး မဟုတ်လား“

“ဒါပဲနော်။ အိုကေ။ မနက်ဖြန် ဘယ်နှနာရီ လောက်ဆက်မလဲ။ လွှဲပြီးရင် ဆက်လိုက်လေ“

“ဘယ်ဘဏ်ဆိုတာ လည်း ပြောဦးသိလား။ တော်ကြာ ဟိုတစ်ခါလိုဖြစ် နေဦးမယ်။ ဟင်း...ဟင်း... ဟင်း...”

“ဘုရား ဘုရား” “စကား၊ စကားပြောပါများ၊  စကားထဲက ဇာတိပြ” ဆို သကဲ့သို့ သူတို့အကြောင်းကို  သိလာရလေလေ  ကျွန်တော့် ရင်ထဲ ဆို့နင့်လာလေလေ ဖြစ်နေသည်။ သူတို့၏ စကား တွေကြောင့် ထိုကလေးမ လေးတွေ၏  ဘ၀တစ်စိတ် တစ်ပိုင်းကို  ခဏလေးနှင့်  ကျွန်တော် သိခွင့်ရလိုက်သည်။  ကျွန်တော့်နည်းတူ ကားပေါ် တွင်ပါလာသော ခရီးသည်တွေ လည်း သိခွင့် ရလိုက်သည်။ လေပြည့်ဘ၀ကို သိခွင့်ရ လိုက်သည်ဆိုတော့ သူ့အနား တွင်ရှိနေသော ရွှေရည်ကရော ဘာထူးသေးလဲဟု စဉ်းစားမိသည်။

ဒီကလေးမလေးတွေ သည် ကျရာအရပ်မှာ ပျော်နေ သည်ကိုတော့ ကျွန်တော် မကျေနပ်။ သူပြောနေသည့် “မောင်”ဆိုသော ဝေါဟာရ ပိုင်ရှင်ကလည်း လွတ်လပ် သူ မဟုတ်။ ဒါဆိုလျှင် သည်ကလေးမလေးကရော ဘာအတွက် အခုလိုစကား တွေကို ကျေကျေနပ်နပ် ပျော် ပျော်ရွှင်ရွှင် ပြောဆိုနေရပါ သလဲ။ ထိုအခြေအနေကို လည်း သူ့သူငယ်ချင်းဖြစ် သည့် ရွှေရည်ကပါ အဘယ့် ကြောင့်  ရေလိုက်ငါးလိုက် ထောက်ပံ့ပေးနေရပါသနည်း။  ကျွန်တော် မစဉ်းစားတတ် တော့။

ထို့ကြောင့် ခေါင်းကို ခပ်ပြင်းပြင်း ခါထုတ်လိုက် ရသည်။

“ကမ္ဘာအေးပါလား”
နားစည်သို့ လာရောက် ရိုက်ခတ်သော ကားစပယ် ယာ၏ အသံစူးစူးကြောင့် နောက်ဘက်ခုံတန်းဆီသို့ ရောက်နေသော ကျွန်တော်၏ အတွေးစတချို့ကို  ပြန်လည် စုစည်းမိသွားသည်။ ထို့ ကြောင့် ထိုင်ရာမှ ကမန်းက တန်းထကာ ဆင်းရန် ပြင်ဆင် လိုက်ရသည်။ ပုံမှန် မောင်း လာသောကားက ကျွန်တော် ဆင်းမည့်မှတ်တိုင်သို့ ရောက် လုပြီ။

လူက ထိုင်ရာမှ ထလာ ခဲ့ရသော်လည်း အာရုံက  နောက်ဘက်ခုံတန်းတွင် ကျန် ရစ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် ထိုမိန်းကလေးနှစ်ယောက်၏ ပုံပန်းသဏ္ဌာန်ကိုတော့  လှည့် ကြည့်လိုက်ဖို့ကောင်းသည်။  ကျွန်တော့်အာရုံထဲတွင်တော့ ထိုမိန်းကလေးနှစ်ယောက်၏  အမူအရာ၊ အပြောအဆိုနှင့်  လေယူလေသိမ်းတွေက ကွက် ကွက်ကွင်းကွင်း မြင်နေရ သလိုထင်ရသည်။ သို့သော် ကားက မှတ်တိုင်သို့ဝင်လာပြီ ဖြစ်သဖြင့်  အပြေးဆင်းလိုက် ရသည်။ တကယ်ဆိုလျှင် ကျွန်တော့်အနေဖြင့် သူတို့ကို တစ်ချက်လောက်တော့ လှည့် ကြည့်လိုက်ဖို့ကောင်းသည်ဟု ကျွန်တော်ထင်သည်။

နေ၀င်ဖျိုးဖျ ပတ်ဝန်း ကျင်က လောကရှိအကျည်း တန်သူတွေကိုပင်လှစေသည့် အချိန်ဖြစ်နေသည်။ တောင် ဥက္ကလာသို့သွားမည့် ကားကို ဆက်၍ စောင့်ရဦးမည်။ ထိုအချိန်တွင် ကျွန်တော် ရပ် နေသည့် ကားမှတ်တိုင်ဆီသို့ ခေတ်ဆန်ဆန် ၀တ်စားထား သည့်ကလေးမလေးနှစ်ယောက် ၀င်လာသည်။ တစ်ယောက် သော ကလေးမလေး၏ လက်ထဲတွင် ကြိုးတန်းလန်း နှင့် ဟန်းဖုန်းလေးတစ်ခုကို ကိုင်ထားသည်။

သေချာအောင် ကျွန်တော်ထပ်ကြည့်လိုက်မိ သည်။ ထိုနှစ်ဦးသည်  ခုန ကားပေါ်တွင် ကျွန်တော် တွေ့ခဲ့သော ကောင်မလေး တွေ  လုံးဝမဟုတ်သည်က တော့  သေချာသည်။  ဟို ကလေးမလေးတွေက အခု လောက်ဆိုလျှင် ရွှေတိဂုံ ဘုရားသို့  ဆက်လက်ချီတက် နေတုန်း ရှိဦးမည်။  ထိုအချိန် တွင် ကျွန်တော့်နားထဲသို့ လုံးဝ မျှော်လင့် မထားသည့် အသံတစ်ခုက ခပ်စွေစွေ လေး ၀င်ရောက်လာခဲ့သည်။
“ဟဲလို ဟဲလို ဦးလား ဦးလားလို့”

“ ဟိုက်”
ကျွန်တော့် ရင်ထဲမှ အာမေဋိတ်သံ တစ်ခုက  ရုတ်တရက် ပြုတ်ကျ လာခဲ့သည်။  ထို့နောက် သက်ပြင်း တစ်ခုကို မနိုင်မနင်း တွန်းကန် ချလိုက်ရသည်။    

“ဟင်း”  
ဒီတစ်ခါလည်း  ကျွန်တော်လှည့်မကြည့် ဖြစ်အောင်  စိတ်ကိုချုပ်တည်း ထားလိုက်ရပြန်သည်။  ကျွန်တော် စီးရမည့် ကားက တော်တော်နှင့် မလာနိုင်သေး။


မောင်နှင်းပန်း   
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

No comments:

Post a Comment