အလင်းတန်းမှာ
ကျွန်တော်ဆောင်းပါးမရေးဖြစ်တာ အတော်ကြာပြီ။
ပြီးခဲ့သည့်လက ဆရာဦးဝင်းငြိမ်းနှင့်
“ ဒေါ်ပတ္တမြားခင်၏ မွေးနေ့အလှူပွဲ ”တွင်တွေ့သောအခါ ဆရာက ဇွန်လအတွက် ရွှေအသစ်ငါးပုဒ်တိတိရွေးထားကြောင်းပြောတော့
ကျွန်တော်ထိတ်လန့်သွားသည်။ ဆရာမ မသီတာက ဆယ့်နှစ်ပုဒ်တင်ပေးလိုက်ပြီး ဆရာက ခုနှစ်ပုဒ်ကြိုက်နေသည်တဲ့။
သို့သော် ရွှေအသစ်ခုနှစ်ပုဒ်ဖော်ပြရန်လည်းမဖြစ်နိုင်သောကြောင့် နှစ်ပုဒ်ကို ပြန်ပြင်ရန်အကြံပေး
လိုက်ပြီး ငါးပုဒ်ကို ဖော်ပြခဲ့ပါသည်။
ကျွန်တော်သတိထားမိသလောက် ရွှေအမြုတေ၏
ရွှေအသစ်ကဏ္ဍတွင် ငါးပုဒ်တိတိဖော်ပြခြင်းမှာ ဒါပထမဦးဆုံးဟုပင် ထင်မိပါသည်။ စာအုပ်ထွက်လာတော့
ရွှေအသစ်ငါးပုဒ်စလုံးကို သတိထားဖတ်ဖြစ်ပါသည်။ သူ့တန်ဖိုးနှင့်သူ အားလုံးကောင်းနေကြ သည်ဟု ဆိုနိုင်ပါသည်။ ထိုအထဲတွင်မှ ဆရာမ “ မေ-လားရှိုး”၏“
လမ်းခွဲမှ အလှူ” ကို ပို၍သဘောကျမိပါသည်။ ကျွန်တော့်တစ်ယောက် တည်း၏သဘောအရ “ မေ-လားရှိုး
”၏၀တ္ထုမှာ ထူးခြားသည့်ဇာတ်မဟုတ်။ ဇာတ်လမ်းအချိုးအကွေ့ အလှည့်အပြောင်းကလည်း မပါ သလောက်။
သို့သော် စာရေးသူ၏ အရေးအဖွဲ့သပ်ရပ်မှု၊ ရိုးရှင်းသည့် စကားပြေရေးဟန်ကို ခံစားမှုနှင့်
ထပ်တူကျအောင်တည်ဆောက် ထားနိုင်မှု ၊ အသစ်တစ်ယောက်ဟု မထင်မှတ်နိုင်လောက်အောင် လှပလတ်ဆတ်သည့်
ဝေါဟာရအခင်းအကျင်းများနှင့် စာဖတ်သူကို ဆွဲ ဆောင်ထားနိုင်သော ၀တ္ထုတစ်ပုဒ်ဟုပင်ဆိုနိုင်ပါတော့သည်။
ဇာတ်လမ်း၏ ကျောရိုးမှာ
“ မိမိ၏ခင်ပွန်းဖြစ်သူ“ မောင် ”က၊ မိမိနှင့် သားဖြစ်သူကို လူ့ဘောင်တွင်ထားခဲ့ကာ၊ သာသနာ့
ဘောင်သို့ ရဲရင့်စွာ ၀င်ရောက်သွားသည်ကို ဇနီးဖြစ်သူ၏ ခံစားချက်ဖြင့် သရုပ်ဖော်ရေးဖွဲ့ထားသော”
ဝတ္ထုတစ်ပုဒ်ဖြစ်ပါသည်။ တစ်နည်း အားဖြင့် ဤ၀တ္ထုကိုဖတ်ရင်း သိဒ္ဓတ္ထမင်းသား တောထွက်ခန်းကို
သတိရမိလာစေသော ၀တ္ထုလည်းဖြစ်ပါသည်။ သိဒ္ဓတ္ထမင်းသားက ယသော်ဓရာနှင့် သားတော်ရာဟုလာကို ထားရစ်ပြီး
တောထွက်ခဲ့သည်မဟုတ်လား။
ဇာတ်အဖွင့်တွင်
“ မေ-လားရှိုး”က “ မှန်ကြည့်ရင်း မိန်းကလေးပီပီ၊ မိမိတွင် ယောက်ျားတစ်ယောက်က တပ်မက်လောက်
သည့် အလှတရား များ ရှိနေသေးကြောင်းကို ဖွဲ့ပြသည်။ ထို့ကြောင့် စာဖတ်သူက“အလှတရားတို့နှင့်
အတိပြီးသည့်မိန်းကလေး တစ်ယောက်အဖြစ် ဇာတ်ဆောင်ဖြစ်သည့် ညိုကို လက်ခံလိုက်ရသည်။” ဤသို့လက်ခံပြီးသည်နှင့်
“မေ-လားရှိုး”က “ အလှတရားအတိ ပြီးသည်ဟု မာန်မာနတို့ဖြင့်
မော်ကြွားခဲ့ရသမျှ အလှတို့သည် ယခုအခါ ထိုယောက်ျားအတွက် ဆံချည်မျှင်မျှ အသုံးမ၀င်တော့ပြီလား။”ဆို သောဝါကျဖြင့် စာဖတ်သူအား ဆန့်ကျင်ဘက်နှစ်ခုကို ခေါင်းချင်းဆိုင်ပေးလိုက်သည်။ တစ်နည်းအားဖြင့်
မိမိ၏အလှနှင့် အလိုမကျမှုတို့ကို အားပြိုင်စေလိုက်သည်။
ထို့နောက်တွင် စာရေးသူက “ ခွင့်ပြုပေးပါ ဆိုသောစကားတစ်ခွန်းသည် ဘ၀အဆက်ဆက်ဝေးကွာစေမည်ဆိုတာသိသိနှင့်
တောင်းဆိုရက်သူကို ဘယ်လိုနှလုံးသားနှင့် ခွင့်ပြုရမည်နည်း။”ဟူ၍ စာဖတ်သူအတွက် နောက်ထပ်ပဋိပက္ခတစ်ခုကို
ဆင့်ပွားတည် ဆောက်လိုက်ပြန်ပါသည်။ ထိုဝါကျသည် စာဖတ်သူဖြစ်သော ကျွန်တော့်အတွက် ရုတ်တရက်
လန့်ဖျပ်သွားစေသောအဖွဲ့လည်း ဖြစ်ပါ သည်။ “ ဘ၀အဆက်ဆက်ဝေးကွာစေမည်ဆိုတာ”ဟူသောစကားစုသည်
စာရေးသူကိုယ်တိုင် ခိုင်ခိုင်မာမာ တည်ဆောက်ပြလိုက်သော နိမိတ်ပြ စကားစုတစ်ခုဖြစ်နေကြောင်းကို
နောက်ပိုင်းမှသိလာရပါသည်။ ထို့ပြင် ဤနိမိတ်ပြစကားကိုလည်း အမှန်တကယ်သတိကြီးကြီး ထားကာ
ဆုပ်ကိုင်ရေးဖွဲ့သွားသည်မှာလည်း ချီးကျူးဖွယ် အရည်အချင်းတစ်ရပ်ဟုပင် ထင်မြင်မိပါသည်။ တကယ်တော့ခင်ပွန်းဖြစ်သူ“ မောင်”က
ဇနီးသည်ဖြစ်သော“ ညို” ထံတွင် ရာသက်ပန်ရဟန်းဝတ်ခွင့် တောင်းခံနေခြင်းကို တင်ပြနေခြင်းသာဖြစ်ပါသည်။
ထို့ကြောင့် သံသရာမှလွတ်မြောက်အောင် အားထုတ်တော့မည့် ခင်ပွန်းဟောင်းဖြစ်သည့် ဦးဇင်းနှင့်
၃၁ဘုံ တွင်ကျင်လည်ရဦးမည့်ညိုတို့၏ သံသရာလမ်းဝေးကွာမှုကို စာဖတ်သူခံစားခွင့်ရအောင်
“နှိုးဆွ”လိုက်သော စကားစုလေးပင်ဖြစ်နေပါ တော့သည်။ နောက်ပိုင်းတွင် ညိုက မိမိနှင့်ခင်ပွန်းဖြစ်သည့်မောင်တို့၏
တစ်ချိန်က အိမ်ထောင်ရေးအခြေအနေကို ခင်းကျင်းပြသည်။ လူရိုးလူအေးဖြစ်သည့်“မောင်”ကို ညှာတာကာ
စီးပွားကို မိမိကပင်ဦးဆောင်ရှာဖွေပြီး စည်းစိမ်အတန်အသင့်နှင့် ရှစ်နှစ်အရွယ် သားတစ်ယောက် ထွန်းကားခဲ့ကြောင်း ၊ ထို့ပြင် မိမိကိုယ်တိုင်က မယားဝတ္တရားငါးပါးနှင့်အညီ နေထိုင်ရင်း
သာယာသောအိမ်ထောင်ရေးဖြစ် ကြောင်းသက်စေထူပြခဲ့ပြန်သည်။ ထို့နောက်တွင် “ မောင် ”က သင်္ကြန်အခါတွင်း
ဒုလ္လဘရဟန်းဝတ်ရာမှအစပြု၍ သာသနာ့ဘောင်တွင် ပျော်ပိုက်ပြီး ရာသက်ပန်ဝတ်ခွင့်ရအောင် ဇနီးဖြစ်သူအား
ခွင့်တောင်းပုံ အကြောင်းအရာ သေးသေးကလေးကို ပိုင်ပိုင်နိုင်နိုင်ရေးဖွဲ့နိုင်ခဲ့ သည့်ဝတ္ထုတစ်ပုဒ်ဟုပင်
ဆိုရတော့မည်ဖြစ်ပါသည်။ ထို့ပြင် “လမ်းခွဲမှအလှူ”သည်
ဆရာဦးအောင်သင်း၏စကားနှင့်ဆိုရလျှင် စာရေးသူ၏ “ကြံဆသိ”မဟုတ်ဘဲ“ခံစားသိ”ဖြင့် ရေးဖွဲ့ထားနိုင်သည့်
ဝတ္ထုတစ်ပုဒ်ဟုပင် ဆိုရပါတော့မည်။
ဝတ္ထု၏အလယ်တွင် ညိုက လူထွက်မည်အထင်နှင့် ခင်ပွန်းဆီကိုအသွားတွင်
ဇနီးသည်ပီပီ အပျော်တို့နှင့်ပြည့်သိပ်လျက် ခင်ပွန်းလူထွက်မည့်ရက်မှာ သူ့အတွက် ဘ၀၏အပျော်ဆုံးနေ့တစ်နေ့ဟုဆိုကာ
ဇာတ်လမ်း၏အရှိန်ကို ဆွဲတင်ခဲ့သည်။ သို့သော် ကျောင်းကိုရောက်တော့ ညို၏အထင်နှင့် လက်တွေ့အခြေအနေမှာ
သိသိသာသာ ဆန့်ကျင်နေခဲ့ပါသည်။ ထို့နောက် ခင်ပွန်းကိုချစ်သည့် စိတ်နှင့် လူထွက်စေချင်သော်လည်း
တစ်ဖက်က သာသနာ့ဘောင်မှ ရဟန်းတစ်ပါးဖြစ်နေသောကြောင့် ဝေခွဲမရ ဖြစ်နေပုံကို အားပြိုင်ကာ
ရေးဖွဲ့ပြနိုင်ခဲ့ပါသည်။ ထိုအခြေအနေတွင် တစ်ချိန်ကနာမည်ကျော်အဆိုတော်ဖြစ်သည့် “မောင်မောင်ညွန့်”၏
“မောင်ရင်လောင်း”သီချင်း ထဲမှ “ဟင်…..ခက်ရချည်ရဲ့ xxxxx၊ တစ်ဖက်ကချစ်သူ xxxxx
တစ်ဖက်ကဘာဝနာ…….သည်ဗျာပါ….ဘယ်သူကူလို့ အေးပါ့မလဲ။”ဟူ သော အဖွဲ့ကိုပင် သတိရလာစေခဲ့ပါသည်။
သေချာသည်က “မေ- လားရှိုး”သည်၊ ၀တ္ထုကိုတည်ဆောက်ရာတွင်
အားပြိုင်မှုများကို သူ့နေရာနှင့်သူ အံဝင်ခွင်ကျ တည် ဆောက်နိုင်ပြီး ဤ၀တ္ထု၏ပဓာနအာဘော်ကိုရောက်အောင်
တည်ဆောက်ရာတွင် ပို၍သတိကြီးကြောင်း တွေ့ရှိရပါသည်။ အထူးသဖြင့် ဤ၀တ္ထုတွင် “မောင်(ဦးဇင်း)”နှင့်“ညို”တို့နှစ်ဦးတည်း၏
အားပြိုင်မှုမဟုတ်ဘဲ ၊ အလွန်ကိုင်တွယ်ရခက်ပြီး အန္တရာယ်ကြီးသည့် “သာသနာ”ကိစ္စနှင့် သုံးပွင့်ဆိုင်
နိုင်နိုင်နင်းနင်း အားပြိုင်ရေးဖွဲ့နိုင်ခဲ့သည်မှာ တစ်ချိန်ချိန်တွင် ရွှေအမြုတေစင်မြင့်ထက်၌
လင်းလက်လာ နိုင်သည့် ကလောင်တစ်ချောင်းဟု မျှော်လင့်ရပါသည်။
ဝတ္ထု၏နိဂုံးနားတွင်
လူထွက်ချင်စိတ်မရှိသောဦးဇင်း(ခင်ပွန်းဟောင်း)ကို သိမ်းသွင်းနိုင်ရန်အတွက် “နောက်ဆုံးလက်နက် လေး အသုံးဝင်လိုဝင်ငြား ထုတ်သုံးရတော့မည်။”
ဟုဆိုကာ အနားရှိသားကလေးကို မျက်ရပ်ပြလိုက်ရသည်။ ဤအကွက်မှာ စာဖတ်သူ ကိုယ်တိုင် ဖြစ်စေချင်နေသော၊
အဖြေကိုသိစေချင်နေသော “ငြိလုံး”တစ်ခုလည်း ဖြစ်နေပါသေးသည်။ ထိုအခြေအနေတွင် သားငယ်က ဖအေဦးဇင်းဆီအတင်းပြေးကာ
သင်္ကန်းစကိုဆွဲရင်း “ ဖေဖေ ဦးဇင်း အိမ်ပြန်ကြစို့လေ”ဟုပြောစေအောင်
ကလေးအား သင်ကြားပေးပြီး ဇာတ်ထွတ်ကိုရောက်အောင် ဆွဲတင်လိုက်ပုံမှာ တိတိကျကျနီးပါးရုပ်လုံးပေါ်လာသော
ပန်းချီကားတစ်ချပ်ကို လှစ်ခနဲတွေ့လိုက်ရသလို စာဖတ်သူအတွက် အဖြေတစ်ခုကို ငံ့လင့်နေစေပါသည်။
ထို့ပြင် “ဖေဖေဦးဇင်း အိမ်ပြန်ကြစို့လေ” ဟူသောစကားမှာလည်း ကလေးငယ်၏ ကိုယ်ပိုင်စကားမဟုတ်ဘဲ
မိခင်ဖြစ်သူက အိမ်တွင် လက်ကြိတ်ထိုးသင်ပေးခဲ့သည့် “ညို၏စကားဖြစ်နေသည်”မှာလည်း ၀တ္ထုကိုအရောင်
လက်လာအောင် မွမ်းမံပေးလိုက်သကဲ့သို့ဖြစ်နေပါတော့သည်။
ဇာတ်သိမ်းတွင်တော့ စာဖတ်ပရိတ်သတ်မျှော်လင့်ထားသည့်အတိုင်း
ခင်ပွန်းဟောင်းဖြစ်သည့် ဦးဇင်းကို မိမိဘက်ပါအောင် မဆွဲဆောင်နိုင်ခဲ့ပါ။ ထို့ကြောင့်
“ အရှင်ဘုရားနှင့်တကွ သာသနာတော်သို့ တပည့်တော်မ၏
လင်သားတစ်ဖြစ်လဲ ဦးဇင်းနှင့် ထိုဦးဇင်းအပေါ် တွင် ဖွဲ့နှောင်မိသော မေတ္တာအားလုံးတို့အား
လှူဒါန်းလိုက်ပါ၏ဘုရား” ဟု ၀တ္ထုကို သေသေသပ်သပ်အနားသတ်လိုက်ပါသည်။
သို့သော် “မေ-လားရှိုး”က ၀တ္ထုကို သည်လိုအနားသတ်လိုက်ရုံနှင့် ပြီး၍မရသေးမှန်း ကောင်းကောင်းသိသူဖြစ်ပါသည်။
ထို့ကြောင့်
“ စေတီလေးဆီမှ ဆည်းလည်းသံလေးသည် လေနှင်ရာတွင်
ဝေ့၍ ဝေ့၍ လွင့်ပါသွားသည်မှာ ဝေး၍ ဝေး၍”ဟု ဆိုသောကြောင့် ဆည်းလည်းသံကလေးနှင့် ဝေးသလို
သူတို့၏ဘ၀တွေလည်း ဝေးကွာခဲ့ရပုံကို နိမိတ်ပုံပြ၍ အနားသတ်နိုင်ခဲ့ပါသည်။ သေချာသည်က “မေ-လားရှိုး”သည်
ဝတ္ထုကို စနစ်တကျရေးတတ်သူဖြစ်ပြီး ဆရာဦးဝင်းငြိမ်းမျှော်လင့်သလို စာပေစင်မြင့် ထက်တွင်
တင့်တင့်တယ်တယ် ထွန်းတောက်လာနိုင်သည့် ကလောင်တစ်ချောင်းဖြစ်ပါစေဟု ဆန္ဒပြုလိုက်ရပါသည်။
ကောင်းမြတ်ငြိမ်း
No comments:
Post a Comment