Friday, November 23, 2012

လက်ညှိုးညွှန်ရာ


တစ်နေ့ တွင် အလုပ်မှ အနား ယူ ခွင့် ရသဖြင့် ကျွန်တော့် ၏ သားသမီး များ နှင့် အတူ စိတ်ပါ လက်ပါ ဆော့ ကစား နေမိ ပါသည်။
သားကြီးက ရှစ်နှစ် ခန့်ရှိ နေပြီ ဖြစ်သော်လည်း သမီးငယ် ကတော့ ဆယ်လ ခန့်သာ ရှိပါ သေးသည်။ သမီးငယ်သည် လမ်းစမ်း၍ လျှောက်တတ်ခါစ အရွယ် ဖြစ်သောေ ကြာင့် တခစ်ခစ် ရယ်မော ကာ ဒယိမ်း ဒယိုင် ခြေလှမ်း များဖြင့် အိမ်ရှေ့မှ အိမ် နောက်၊  ခြေရင်း မှ ခေါင်းရင်းထိ ဗြောင်း ဆန် နေအောင် ဆော့ ကစား နေခဲ့ သည်။

ထိုကလေး နှစ်ယောက် နှင့်အတူ ကျွန်တော် ကိုယ်တိုင်လည်း ပါဝင် ဆော့ကစား ရင်း အတန်ငယ် မောလာ သောကြောင့် သားကြီးကိ ပြောပြ၍ ရနိုင် သော်လည်း သမီးငယ် ကိုတော့ အာရုံလွှဲရန် ကြိုးစား ရတော့သည်။ ထို့ကြောင့် သမီးငယ်ကို လက်ညှိုးထိုးကာ“ထိုင်”ဟု မာမာတင်းတင်း ဆိုလိုက် မိပါသည်။ စကားပင် မပြောတတ် သေးသော ကျွန်တော့် သမီးက “ထိုင်” ဆိုသော ဝေါဟာရကို ရေရေ ရာရာ နားလည် ပုံမရ။ ကျွန်တော်နှင့် လက်ညှိုးကိုသာ ကြောင်ကြောင် ငေးငေးနှင့် ပြန်ကြည့် နေခဲ့သည်။ ကျွန်တော်က သမီးငယ်ကို၊ နောက်တစ်ကြိမ် လက်ညှိုး ညွှန်၍“ထိုင်”ဟုဆိုလိုက် မိပြန်သည်။

သည်အခါတွင် သမီးငယ်က၊ လက်ခုပ်လက် ၀ါးတီးရင်း ဟက်ဟက် ပက်ပက် ရယ်မောကာ “ဗိုင်း”ခနဲ  ထိုင်ချ လိုက်ပါသည်။ ပြီးနောက် ကျွန်တော်က မတ်တတ် ရပ်ခိုင်း ပြန်သည်။ ကလေးက လိုက်ရပ်သည်။ ထို့နောက် ထိုင်ခိုင်းသည်။ ထိုင်သည်။ ထခိုင်းသည်။ ပြန်၍ ထသည်။ သည်တော့မှ သမီးငယ်ကို ညွှန်ထားသော ကျွန်တော့် လက်ညှိုးကို သေသေချာချာ စေ့စေ့ ကြည့်မိရင်း၊ အာရုံထဲသို့ အတွေး တစ်ခု ၀င်လာခဲ့ပါသည်။
လက်ညှိုး တစ်ချောင်းသည် မည်မျှ အစွမ်းထက်၍၊ မည်သည့် အခြေအနေ အထိ စွမ်းဆောင် နိုင်ပါ သနည်း။ လူ မှန်းသိတတ်စ လူမမည် လေးကိုပင် ညွှန်ကြားနိုင်လျှင် အသိတရား ကြီးမားသော လူကြီးများ ကိုရော၊ ညွှန်ကြား နိုင်ပါသလား။ ထိုသို့ ညွှန်ကြား မည်ဆိုလျှင် မည်သည့် လိုအပ်ချက် တွေ ရှိနေနိုင် ပါသနည်း။ အစရှိ သည့်မေးခွန်း တွေက၊ ကျွန်တော့် အသိထဲတွင် အစဉ်လိုက် သွယ်တန်း လာခဲ့သည်။

လက်ညှိုး တစ်ချောင်း၏ ညွှန်ကြားမှု၊ ဦးဆောင်မှု၊ ဆက်သွယ် မှုထဲတွင်၊ အခြားသော လူတစ်ယောက် အတွက် မည်မျှအထိ အကျိုးရှိပြီး၊ မည်မျှအထိ အကျိုးယုတ် သွားစေ နိုင်ပါသနည်း ဟုလည်း ဆင့်ပွား တွေးတော မိပြန်သည်။ ကျွန်တော့် အနေဖြင့် ပထမဦးစွာ သတိထား မိလာစေသည့်လက်ညှိုး တစ်ချောင်းမှာ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါ အားလုံးကို အကျွတ် တရားရစေသည့် ဂေါတမ ဘုရားရှင်၏ လက်ညှိုးတော် ပင်ဖြစ်သည်။ ထိုလက်ညှိုးတော်၏ ညွှန်ပြမှုကြောင့် သတ္တ၀ါ အားလုံးအတွက် လောက အမိုက် မှောင်ကို ဖယ်ခွင်း သိမြင်နိုင်သည့် သစ္စာတရားကို ရရှိခဲ့ ကြပါသည်။

သို့သော် လက်ညှိုး တစ်ချောင်း၏ ညွှန်ကြားမှုကြောင့် ဂျူးလူမျိုးခြောက် သန်းကျော် သေကျေ ပျက်စီးခဲ့ရသော ဟစ်တလာ၏ လက်ညှိုး မျိုးကိုတော့ ကျွန်တော် မနှစ်မြို့နိုင်ပါ။ ထိုနည်းတူ လက်ညှိုး တစ်ချောင်း၏ မှားယွင်း မှုကြောင့် ဗိမ္မိသာရ မင်းကြီးနတ်ရွာ လားခဲ့ရသလို၊ အဇာတသတ် မင်းသားလည်း ငရဲကို သွားခဲ့ရ ပြန်သည်။ ထိုလက်ညှိုးကို အသုံးချခဲ့သည့် ဒေ၀ဒတ် ကိုယ်တိုင်လည်း မဟာပထ၀ီ မြေကြီး၏ ဆုပ်ခြေ ၀ါးမျိုမှုကို ခံယူခဲ့ ရပါသည်။

ထို့ကြောင့် လက်ညှိုးတစ်ချောင်း၏ နောက်တွင် သုံးစွဲသူ၏ စိတ်နေ သဘောထား၊ ကိုယ်ကျင့်တရား၊ တာဝန် ယူမှု၊ ဦးဆောင်နိုင်မှု၊ စေတနာ အစရှိသည့် စေတသိက် တွေလည်း မြောက်မြားစွာ ရောနှော ပျော်ဝင်နေမည်မှာ အသေအချာပင်ဖြစ်ပါသည်။ ထို့ကြောင့် လက်ညှိုးတစ်ချောင်းသည် လူတစ်ယောက် အတွက်၊ ပတ်ဝန်းကျင် တစ်ခု အတွက်၊ လူ့အဖွဲ့အစည်း အတွက်၊ တိုင်းပြည်တစ်ခု အတွက်၊ ယုတ်စွအဆုံး၊ လူ့ မျိုးဆက် တစ်ခုလုံး အတွက် ကြောက် ခမန်းလန့် ခမန်း တန်ခိုးကြီး အသုံးဝင် နေသည်မှာ အံ့သြဖွယ်ရာ ကောင်းလွန်း လှပါသည်။