Saturday, October 1, 2011

ပူမှုရယ်တဲ့ ဆယ်ကုဋေ

လမ်းထိပ်က စီခနဲ ကြားလိုက်ရပြီး လူတွေ ဟိုပြေး ဒီလွှားနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ ဆိုကတည်းက ဒေါ်ပန်းရုံ သိလိုက်ပြီ။
ဒါဟာ သူ့သားတွေထဲက တစ်ယောက်ယောက် ဆိုတာ။ ဒါကြောင့် ခေါင်းပေါ်က ဖွာရရာ ကျနေတဲ့ ဆံပင်ဖြူဖြူတွေကိုတောင် ပြန်မထုံးအားဘဲ လမ်းထိပ်ဆီကို အူယားဖားယား ပြေးထွက် လာခဲ့မိတယ်။ ခါးထဲက လုံချည်ကလည်း ဖိုသီဖတ်သီ။ ခြေထောက်မှာလည်း ဖိနပ်တောင် ကပ်နိုင်တာ မဟုတ်တော့ ပတ်ဝန်းကျင် အတွက် စုတ်သပ်စရာ၊ ခေါင်းတခါခါ လည်တခါခါ ဖြစ်စရာ အပူရုပ် ဆိုတာ သိပ်သေချာတယ်။ ဒေါ်ပန်းရုံ လမ်းထိပ်ရောက်လို့ ဇော်ကြီးတို့ ထိုင်နေကျ လက်ဖက်ရည် ဆိုင်ကို လှမ်းကြည့်လိုက်တော့ ထင်ထားတဲ့ အတိုင်းပဲ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း။ သနားသလိုလို ကရုဏာ သက်သလိုလိုနဲ့ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတဲ့ လူအုပ်ကြားထဲကို ဒေါ်ပန်းရုံ တိုးဝင်လိုက်တဲ့ အခါမှာ လူငယ်သုံးလေးယောက်က ဇော်ကြီးကို ၀ိုင်းဆွဲနေကြတာ တွေ့လိုက်ရတယ်။

“ဖယ်စမ်းပါကွာ။ ဒီကောင် သက်သက် လူပါးဝတာကွ။ ငါမခံနိုင်ဘူး။ ဒီကောင့်ကို သတ်မယ်”

နှုတ်ကလည်း မြည်၊ လူကလည်း ရုန်းနဲ့ အုန်းအုန်း ထနေတဲ့ လူတွေကြားထဲက သူ့သားကို ဒေါ်ပန်းရုံက
“ဟဲ့ကောင် ဇော်ကြီး၊ နင်ပြဿနာ ရှာပြန်ပြီလား ဟင်။ နင်တို့ ငါ့ကိုများ သနားကြပါဦးဟယ်” ဆိုပြီး ငိုသံကြီးနဲ့ လှမ်းပြောရင်း သူ့သားနားကို ကပ်သွားတယ်။

“ဟာ အမေ ဘာသိလို့လဲဗျ။ ဒီကောင်က တော်တော့်ကို လူပါးဝတာ အမေရ။ ဟေ့ကောင် မင်း ထမင်းဝအောင် စားထား။ မင်းနဲ့ ငါနဲ့ တွေ့ကြဦးမယ်”

ကြိမ်းရင်းမောင်းရင်း၊ ရုန်းရင်းကန်ရင်းနဲ့ ဇော်ကြီးက တဖြည်းဖြည်း ငြိမ်သက်စ ပြုအလာမှာ ဟိုတစ်ယောက်က အဲဒီ ပတ်ဝန်းကျင်မှာ ရှိတောင် မနေတော့ပါဘူး။ ဒီတော့ ဒေါ်ပန်းရုံက သူ့သားကို ဖျောင်းဖျပြီး အိမ် ပြန်ခေါ်လာရတယ်။ အိမ် ရောက်တော့မှ ဇော်ကြီးကို တိုးတိုးတိတ်တိတ်ကျိတ် မေးရတယ်။


“ဘယ်က ဘယ်လို စဖြစ်ကြတာလဲ သားရယ်” ဆိုတော့ ဇော်ကြီးက

“မပြောချင်ပါဘူး အမေ ရာ။ ညက အာကြီးနဲ့ မန်ယူ ကန်တဲ့ပွဲမှာ အာကြီးက ကံမကောင်းလို့ ရှုံးတာတဲ့။ ဒီကောင်က အာကြီး ပရိသတ် လေ။ ကျွန်တော်က မဟုတ် ဘူး၊ ဖာဂူဆန်ရဲ့ ပရိယာယ်ကြောင့် အာဆင်နယ် ရှုံးရတာ ဆိုတော့၊ မင်းဘောလုံးပွဲ အကြောင်း ဘယ်လောက် နားလည်လို့လဲဆိုပြီး ကျွန်တော့်ကို ပြဿနာစရှာ တာ” ဒေါနဲ့မောနဲ့ ရှင်းပြနေတဲ့ ဇော်ကြီးကို ဒေါ်ပန်းရုံက
“သားရယ် ဒီလောက် ကလေးက ပြဿနာဖြစ် လောက်တဲ့ ကိစ္စမှမဟုတ် တာ။ တတ်နိုင်သလောက် ကိုယ့်ဘက်ကသည်းခံမှပေါ့”

“သည်းမခံနိုင်ပါဘူး အမေရာ။ ကျွန်တော်ကတော့ မန်ယူကို စော်ကားတာဟာ ကျွန်တော့်ကို စော်ကားတာပဲလို့ အောက်မေ့တယ်။ တွေ့ပစေဦး။ ဒီကောင့်ကို မှတ်လောက် သားလောက်အောင် ရိုက်ခွဲထားလိုက်ဦးမယ်။ ဇော်ကြီးကို ဘာမှတ်နေလဲ မသိဘူး”

အဲဒီအချိန်မှာ အိမ်ထဲကို ခပ်သုတ်သုတ် ၀င်လာတဲ့ ခေါင်းကျားက ဒေါ်ပန်းရုံနဲ့ ဇော်ကြီးကို တစ်ချက် လှမ်းကြည့်တယ်။ ပြီးတော့ ကွမ်းတံတွေးကို ပျစ်ခနဲထွေးရင်း သူ့အစ်ကိုဖြစ်သူကို
“ဟေ့ကောင် ဇော်ကြီး၊ မင်းကို ရင့်လွှတ်လိုက်တာ ဘယ်ကောင်လဲ။ ငါ သွားကျွေးလိုက်မယ်”

ဒေါ်ပန်းရုံက ဆတ်ခနဲ ခေါင်းထောင်ကြည့်ရင်း ခေါင်းကျားကို
“ဟဲ့ ခေါင်းကျား၊ ဒီမှာ အစ်ကို လုပ်သူကိုလည်း မနည်း ထိန်းနေရတဲ့ ကြားထဲ နင်က တစ်မှောင့်။ ဘယ်သူ ဖြစ်ဖြစ် နင်နဲ့ဘာဆိုင်လဲ။ ကိုယ့်ဘာသာ ကိုယ်နေစမ်း”

“ဟာ အမေကလည်း မဆိုင်ဘဲ ရှိမလားဗျ။ ဇော်ကြီး က ကျွန်တော့် အစ်ကိုပဲ ဥစ္စာ” ဆိုပြီး ခေါင်းကျားက လက်သီး တစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကျန်လက် ဖ၀ါးထဲကို တဖျတ်ဖျတ် ထိုးထည့်နေတယ်။ ပြီးတော့ မကျေမချမ်းနဲ့ “ဒီပွဲမှာ ငါမရှိလိုက်တာ နာတယ်ကွာ။ ငါသာ ရှိလို့ကတော့ ဒီကောင် အနည်းဆုံး ငါးချက်ပဲ”ဆိုပြီး ဖိနပ်ချွတ်မှာ ထိုင်ချလိုက်တယ်။ ခေါင်း ကျားရဲ့ ရင်ဘတ်မှာ ထိုးထားတဲ့ သိမ်းငှက်ရုပ်ကြီးကတော့ ချက်ချင်း ထပျံတော့မယ့် အတိုင်း တလှုပ်လှုပ် ခုန်လို့။

ဒေါ်ပန်းရုံက သားနှစ်ယောက်ရဲ့ မျက်နှာကို တစ်လှည့်စီ ကြည့်ရင်း အပြေ ပြေ အလျော့လျော့ ဖြစ်နေတဲ့ ခေါင်းက ဆံပင်ကို တစ်ပတ် လျှိုထုံးလိုက်ရင်း အိမ်ရှေ့ ရေ စည်မှာ မျက်နှာထွက်သစ် လိုက်ရတယ်။ ပြီးမှသွားတိုက် ဖို့ကို သတိရပြီး သက်ပြင်း ကို ဟင်းခနဲ ချလိုက်ရတယ်။

ဒီလိုပါပဲ။
ဒေါ်ပန်းရုံဆိုတာ မိုးလင်းလို့ မျက်စိ နှစ်လုံး ပွင့်လာတာနဲ့ တစ်ပြိုင်နက် ဘယ် သားကြောင့် ဘာအသံကြား ရမလဲ ဆိုတာ အမြဲ နားစွင့်နေ ရတဲ့သူ။ သေချာတာက မနက် ၇ နာရီ ထိုးလို့ မြန်မာ့ အသံက ရေကင်းသံ မလာသေးဘူး၊ ပြဿနာသံကို တစ်ခုမဟုတ် တစ်ခု ကြားနေ ရတဲ့သူ။ မွေးထား လိုက်တာကလည်း လေးယောက်လုံးလုံး သားယောက်ျားလေးတွေ ချည်းပဲ။ တချို့ကတော့ ပြော ကြပါရဲ့၊ ယောက်ျားလေး မွေးရင် အပါယ်တံခါး ပိတ်တယ်တဲ့။

အခုတော့ ဒေါ်ပန်းရုံ အတွက် အပါယ် တံခါးပိတ် မပိတ်တော့ မသိဘူး။ လူကတော့ အရှင်လတ်လတ် ငရဲ ကျနေသလိုပဲ။ ဒါကလည်း ဒေါ်ပန်းရုံ စိတ်အချဉ် ပေါက်တိုင်း ပြောနေကျစကား။ ဒါ ပေမယ့် သူ့သားတွေကတော့ တစ်ယောက်ကို တစ်မျိုးနဲ့ မရိုးနိုင်အောင် ဆိုးနေကြတော့တာ။ အကြီးကောင် ဇော်ကြီး ဆိုရင် လူကသာ ၃၀ ကျော် လာတာ။ ဘယ်အလုပ်ကိုမှ မည်မည်ရရ လုပ်ချင်တာ မဟုတ်ဘူး။ မိဘတွေ ဘယ်လို နေရနေရ၊ သူကတော့ ညည ဘောလုံး ပွဲလေးကြည့်လိုက်၊ ဘောလ်ပင်န်လေး တစ်ချောင်းနဲ့ ဟိုစာရွက်လေး ခြစ်လိုက်၊ ဒီစက္ကူလေး ဖြည့်လိုက်နဲ့ အချိန်ကုန် အလုပ်ရှုပ် နေတဲ့သူ။

ဒီကြားထဲ လက်ဖက်ရည် ဆိုင်တွေမှာ ရှိသမျှ ဂျာနယ်တွေကို စုံအောင်ဖတ်၊ တွေ့သမျှလူနဲ့ အရည်မရ အဖတ်မရငြင်း၊ အခန့်မသင့် ရင် ရန်ဖြစ်၊ ကွဲကြပြဲကြနဲ့ ဒေါ်ပန်းရုံကို သောကမီးကြီး သထက်ကြီးအောင် လောင်စာ ဖြည့်ပေးနေတဲ့သူ။ ရပ်ကွက်ထဲမှာလည်း လူမိုက်လိုလို၊ လူရမ်းကားလို လိုနဲ့ မိုက်တိမိုက်ကန်း ဆိုးဆိုး သွမ်းသွမ်းပဲ။ တစ်ခါတလေ အပေါင်းအသင်း ကောင်းကောင်းနဲ့ တွေ့ရင် သေရည်ကလေး တမြမြနဲ့ လောကကို ထီ မထင်သလိုလို၊ စိတ်အချဉ် ပေါက်နေသလိုလို ဆေးလိပ်ကို လက်ကြားညှပ်ပြီး ဟောင် ဖွာဟောင်ဖွာ လုပ်နေရရင် ကျေနပ်နေတဲ့သူ။
နောက်တစ်ယောက်က ခေါင်းကျား။

သူ့ကို မွေးတုန်းက ဒေါ်ပန်းရုံဟာ မင်းသား ညွန့်ဝင်းရဲ့ ဖာတစ်လုံးခေါင်းကျား ကားကိုကြည့်ဖို့ အသွား လမ်းမှာ ဗိုက်နာပြီး ဆေးရုံကို ရောက်သွားပြီး မွေးလို့ နာမည်ကို ထွေထွေထူးထူး ရှာစရာ မလိုဘဲ ခေါင်းကျားဖြစ်လာ ရတာ။ တချို့အကြောင်း မသိတဲ့ သူတွေကတော့ ခေါင်းပြား လို့ မှားယွင်းခေါ်ကြတုန်း။ သူ့ရဲ့အကျင့်ကျတော့ တစ်မျိုး။

မနက်လင်းပြီ ဆိုတာနဲ့ အိမ်က ထွက်သွားလိုက်တာ၊ မိုးကြီးစုံးစုံး ချုပ်မှ ပြန်လာ တတ်တဲ့သူ။ တစ်ခါတလေ တော့ သတိရရင် နေ့လယ် ဖြစ်ဖြစ်၊ ညနေစောင်းရင် ဖြစ်ဖြစ် တစ်ခေါက်တစ်ကျင်း ပြန်လာတတ်တယ်။ အဲဒီလို ပြန်လာရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒေါ်ပန်းရုံ အနေနဲ့ ဘယ်လိုကနေ ဘယ် လို ရှာကြံပြီး ချက်ပြုတ်ထား မှန်းမသိတဲ့ ထမင်းကို ရှေ့လူ နောက်လူ မကြည့်ဘဲ တ၀တ ပြဲစားသွားတာမျိုး။

သူ့ရဲ့ အဓိက အလုပ် က ရပ်ကွက်ထဲမှာရှိတဲ့ ဘိလိ ယက်ခုံတွေ မှန်သမျှ ခုံပေါက် စေ့လိုက်ထိုးတဲ့အလုပ်ပဲ။ ဘိ လိယက်ထိုးတဲ့အလုပ်ကိုလည်း အတော့်ကို ကျွမ်းကျင်တဲ့သူ။ ဒေါ်ပန်းရုံ ကြားသလောက် တော့ ခေါင်းကျားနဲ့ထိုးရင် အနည်းဆုံးပြိုင်ဘက်ကို ပွိုင့် အသာကြေးအသာ ပေးရ တတ်တယ်တဲ့။ တစ်ခါ တလေ ခေါင်းကျားတို့က ရပ် ကွက်ထဲမှာရှိတဲ့ ခုံတွေမှာတင် အားမရလို့ တခြားရပ်ကွက် တွေမှာတောင် လိုက်ထိုး တတ်သေးတယ်ဆိုပဲ။
ဒါပေမယ့် မြိုးမြိုးမြက် မြက်ကလေးနိုင်လာရင်တော့ အမေ့အတွက် ဆိုပြီး ခေါက်ဆွဲ ကြော်ကလေး၊ ကြာဆံကြော် ကလေး ၀ယ်လာတတ်ပါရဲ့။

သေချာတာကတော့ အဲဒီ ခေါက်ဆွဲကြော်၊ ကြာဆံကြော် ဆိုတာကလည်း အသံသာ ကြားလိုက်ရတာ။ ဒေါ်ပန်းရုံ စားလိုက်ရတယ် ဆိုတာ သိပ် ရှိလှတာ မဟုတ်ဘူး။ ကျန်တဲ့ ကောင်တွေက ကြုံရင်ကြုံ သလို၊ လစ်ရင် လစ်သလို၊ ပါးဖြဲ နားဖြဲ စားသောက်သွား တတ်ကြတာ။ ဒါကြောင့် ဒေါ်ပန်းရုံအနေနဲ့ ပန်းကန်မှာ ကပ်ကျန်ခဲ့တဲ့ ဆီကလေး တဝေ့ဝေ့နဲ့ အနံ့ကလေး တသင်းသင်း လောက်နဲ့သာ ကျေနပ်လိုက်ရတာမျိုး။ ဒါပေမယ့် သားသမီးတွေက လိမ်လိမ်မာမာသာနေ၊ ဒေါ်ပန်းရုံ ရှာကျွေးဖို့လည်း ၀န်မလေးဘူး။ ပင်ပန်းမှာကိုလည်း မကြောက်ဘူး။ သား သမီးတွေကိုး။

တစ်ခါတုန်းကများ ဒေါ်ပန်းရုံက မုန့်လက်ကောက် ကလေးတွေ ကြော်ရောင်းနေချိန်။ မနက်လေးနာရီ မထိုးခင် လောက်မှာ မီးခွက်ကလေး မှိတ်တုတ် မှိတ်တုတ်ကို လက်တစ်ဖက်က ကိုင်၊ ကျန်လက် တစ်ဖက်က ခေါင်းပေါ်မှာ ရွက်ထားရတဲ့ တောင်းကို ထိန်းရင်း လမ်းထိပ်က တဲကလေးမှာ ဈေးသွား ထွက်ရတာ။ ဒေါ်ပန်းရုံရဲ့ ခင်ပွန်း ဦးမိုးသီး အပါအ၀င် ဘယ်သား တစ်ယောက်ကမှ သတိတရ နဲ့ လိုက်ပို့တယ် မရှိပါဘူး။ သေချာတာက လမ်းမှာမမြင် မစမ်းနဲ့ ခလုတ်တိုက်လည်း ဒင်းတို့ မသိဘူး။ မအေကြီး မှောက်လျက်လဲလို့ ကောက် ညှင်းတွေ သဲထဲပြုတ်ကျကုန် တာလည်း ဒင်းတို့သိတာ မဟုတ်ဘူး။

အဲဒီလောက် မသိတတ်တဲ့ အပြင်၊ ဒီ့ထက်ပိုပြီး အလိုက်ကန်းဆိုး မသိတတ်တဲ့ သတ္တ၀ါတွေကလည်းရှိသေး။ ဘယ်သူ ရှိရဦးမလဲ။ အကြီး ကောင်ဇော်ကြီးပေါ့။ အဲဒီနေ့က နှင်းတွေဝေ နေလိုက်တာ ကလည်း ပိတ်လို့၊ အေးလိုက် တာကလည်း စိမ့်နေရော။ ဒေါ်ပန်းရုံကတော့ ထုံးစံ အတိုင်း မီးခွက်ကလေး မှိတ် တုတ်မှိတ်တုတ်နဲ့ မုန့်လက်ကောက် ထိုင်ကြော်နေတာပေါ့။ ဟိုနားဒီနားမှာ ရှိတဲ့ ကင်းတဲ တွေဆီက သံချောင်းသံလေး ချက်စီကြားပြီး သိပ်မကြာခင် မှာ ဒေါ်ပန်းရုံကို လမ်းမပေါ် ကနေ လှမ်းမေးသံကြားလိုက် ရတယ်။

“အဘွားကြီး ဘာတွေ ကြော်နေတာတုံး”

ဒီတော့ ဒေါ်ပန်းရုံကလည်း ဈေးဦး ကလေးတော့ ပေါက်ပဟဲ့ ဆိုတဲ့ သဘောနဲ့ ၀မ်းသာအားရ ပြန်ပြောလိုက်တယ်။
“မုန့်လက်ကောက် ကြော်ပါ သားရယ်”

“တစ်ခု ဘယ်လောက်လဲ”

ဈေးဝယ်သူက အသံနဲ့ အတူ ကနားဖျင်းအောက် ၀င်ထိုင်တယ်။ ဒီအခါမှာ ဒေါ်ပန်းရုံက မုန့်လက်ကောက် ကြော်ကလေး တစ်ရာဖိုးကို ပန်းကန်ကလေးထဲထည့်၊ ထန်းလျက်ရည်ကလေး တန်ရုံ လောက်ကိုလည်း ပန်းကန်လုံး တစ်ခုထဲထည့်ပြီး သူ့ရှေ့ချ ပေးထားတာပေါ့။ ၀ယ်သူ ကတော့ မာဖလာကြီး ခေါင်းပတ်ပြီး မီးခွက်ကို ကျောပေးရင်း လမ်းဘက် လှည့်ငေးနေတယ်။ ဒါကြောင့် ဒေါ်ပန်းရုံက အိုးထဲမှာ ရှိတဲ့ သူ့မုန့်ကလေးတွေကို အဖျား ချွန်ထား တဲ့ ၀ါးချောင်းကလေးတွေနဲ့ အထက်အောက် လှန်ပေးရင်း သတိပေးလိုက်ရတယ်။

“ရပြီ သား”

သိပ်မကြာခင်မှာပဲ ဈေး ၀ယ်သူက
“အဘွားကြီး နောက်ထပ် နှစ်ရာဖိုး ထပ်ထည့်”လို့ ဆိုလာပြန်တယ်။ ဒီတော့ ဒေါ်ပန်းရုံက ဒီနေ့ဈေးဦး ပေါက်ကောင်းပြီ ဆိုပြီး ၀မ်းသာအားရနဲ့ နှစ်ရာဖိုးထပ် ထည့်ပေးလိုက်တယ်။ အဲဒီမုန့်တွေ ကုန်သလောက်ရှိတော့
“အဘွားကြီး ဘယ်လောက် ကျသလဲ”

“သုံးရာပါ သားရယ်”

ဒေါ်ပန်းရုံရဲ့ ဖြေသံ အဆုံးမှာ ၀ယ်သူရဲ့နှုတ်က ရယ်သံတစ်ခု ခပ်အုပ်အုပ် ထွက်လာပါတယ်။ ဒါကြောင့် ဒေါ်ပန်းရုံက ဒီအသံ ငါကြား ဖူးပါတယ် ဆိုပြီး မော့အကြည့် မှာ သူကလည်း ခေါင်းမှာ ပေါင်းထားတဲ့ မာဖလာကြီး ချွတ်တဲ့ပြီး
“အမေ ဒီမှာ ဘယ်သူ လဲဗျ။ ကြည့်ပါဦး”လို့ ပြောရင်း တစ်ချိုးတည်း လစ်ပြေး တော့တာပဲ။ ဒေါ်ပန်းရုံကလည်း ဈေးဦး ဈေးဖျားကြီး အနှောင့်အယှက် လာပေးတဲ့ ဇော်ကြီးကို ပါးစပ်ကနေ အမျိုးမျိုး ဆဲဆိုပြီး ထင်းစနဲ့ လိုက်ပေါက်တာ ဇော်ကြီး ခပ်ဝေးဝေး ရောက်တဲ့ အထိ အော်ရယ်ပြီး ပြေးတုန်း။ ဒေါ်ပန်း ရုံဆိုတာ စိတ်ဆိုး လိုက်တာလေ။ အသားတွေတောင် တဆတ်ဆတ် တုန်လို့။

ဒါကို ဇော်ကြီးက အိမ်ပြန် အရောက်မှာ ခေါင်းကျားနဲ့ ပြောပြီး တဟားဟား ရယ်နေလိုက်ကြတာ မပြီးနိုင်၊ မစီးနိုင်အောင်ပဲ။ နောက်ဆုံး တော့ ပြဿနာက သူတို့ညီ အစ်ကိုနှစ်ယောက် ပေါင်းပြီး ဒေါ်ပန်းရုံကို စလိုက် နောက် လိုက်နဲ့ပဲ ပြီးသွားတာပါပဲ။ တစ်အောင့်လောက် ကြာမှ ဇော်ကြီးက
“ရော့ အမေ့ပိုက်ဆံ သုံးရာ” ဆိုပြီး လာပေးတယ်။ ဒီတော့ ဒေါ်ပန်းရုံက
“အမယ်လေး လေး။ ဒါကျောက်ခဲထဲက ထွက်ကျ လာတဲ့ အဆီအနှစ်တော်ရေ့။ ကျုပ်များ ထီပေါက်တော့ မလားပဲ” ဆိုရင်း ၀မ်းသာ အားရနဲ့ လှမ်းယူရတယ်။

ဒေါ်ပန်းရုံ မွေးထားတဲ့ အလတ်ကောင် မောင်ကြည်ကတော့ နည်းနည်း ထူးခြားတယ်။ နေတာ ထိုင်တာလည်း အကြီးကောင်တွေထက် စာရင် နည်းနည်းအေးတယ်လို့ ဆိုရမယ်။ သူကလည်း အလုပ်ကလေး မလုပ်တာက လွဲရင် မိဘနဲ့ ညီအစ်ကို မောင်နှမတွေကို ဘာဒုက္ခမှ ပေးတာ မဟုတ်ဘူး။ အား အားရှိ စာအုပ် တစ်အုပ်နဲ့ တစ်နေကုန် တစ်နေခန်း အချိန် ကုန်နေတတ်တဲ့သူ။ သေချာတာက ဒေါ်ပန်းရုံက ဘယ် သားသမီးကိုမှ မုန့်ဖိုးပေးစရာ မလိုပေမယ့် ဆေးလိပ်ဖိုး၊ စာအုပ်ဖိုး အဖြစ်နဲ့ နှစ်ရာမျိုး၊ သုံးရာမျိုးတော့ ခြစ်ခြုတ်ပြီး ပေးတတ်တယ်။

ဒါပေမယ့် မောင်ကြည် ရဲ့ အားနည်းချက်က ဘယ်သူနဲ့မှ တည့်အောင် မနေနိုင်တဲ့ အချက်ပဲ။ ဆိုလိုတဲ့ သဘောက သူ့အထက်က အစ်ကိုတွေနဲ့ မတည့်သလို၊ သူ့အောက် ကညီနဲ့လည်း တည့်တာ မဟုတ်ဘူး။ ယုတ်စွအဆုံး ဖအေဖြစ်သူ ကိုဖိုးသီးနဲ့တောင် တည့်တာ မဟုတ်ဘူး။ အပြစ်က ဘယ်သူနဲ့ ပြောပြော စကားကြီး စကားကျယ် ပြောတတ်တဲ့ အပြစ်။

ရှင်းရှင်းဆိုရရင် မောင် ကြည်ကလည်း မောင်ကြည် ပဲ။ နေရာတကာမှာ ဆရာကြီး လုပ်ချင်တဲ့သူ။ စကားလုံး တွေက ပါးစပ်နဲ့ မဆံ့အောင် ပြောတတ်တဲ့ အပြင် သူ ဖတ်တဲ့ စာအုပ်တွေရဲ့ ကောင်းကျိုး ကြောင့် ပုလင်းဖင်လောက် ရှိတဲ့ မျက်မှန်ထူထူကြီး တပ်ထား ရတာ သာကြည့်။ အသက် ကသာ ၃၀ မပြည့်သေးတာ၊ သူ့အပေါင်း အသင်းတွေကတော့ မောင်ကြည့်ကို ချစ်စနိုး နဲ့ခေါ်ကြတာ“ဘကြီး”တဲ့လေ။

တစ်မိသားစုလုံးမှာ မောင်ကြည်နဲ့ မတည့်ဆုံး သူကို ပြပါ ဆိုရင်တော့ သူ့ အဖေ ဦးဖိုးသီးပဲ။ ဦးဖိုးသီး ဆိုတာကလည်း တေမိ မင်းသား ဘ၀က ရုတ်တရက် စုတေပြီး လူ့ဘ၀မှာ လာပြီး ၀င်စားသလား ထင်ရလောက်အောင် တစ်နေ ကုန်နေလို့ စကားသုံးခွန်း ပြည့်အောင် ပြောတာ မဟုတ်ဘူး။ ပြောပြန် ရင်လည်း စကားလုံးတွေကို တိုရေရှားရေ ပြောတတ်တာ။ “အင်း...အဲ”ဆိုတာလောက်ပဲ။ သေချာတာက အဲဒီစကား မပြောတဲ့သူကို သွားသွားပြီး မောင်ကြည်က စာသံပေသံနဲ့ ဘုန်းကြီးစာချ လုပ်နေတာ။ ကြာလာတော့ ဦးဖိုးသီးက မျက်လုံးကြီးပြူးပြီး စိတ်မရှည်တဲ့ လေသံနဲ့ “ဟေ့ကောင် မောင်ကြည်တော်ကွာ”ဆိုပြီး အဆုံးသတ်လေ့ ရှိတယ်။

မကြာခဏ ဖြစ်လေ့ရှိတဲ့ ပြဿနာရဲ့ဇာစ်မြစ်က သူ့ အစ်ကိုတွေ ရပ်ကွက်ထဲမှာ ဆိုးသွမ်း ပေတေနေတဲ့ ကိစ္စပဲ။ ဒီကိစ္စမှာ အဓိက တာဝန်ရှိသူ က သူ့အဖေပဲလို့ မောင်ကြည်က စွပ်စွဲတော့ ဦးဖိုးသီးက ရုတ်တရက် ဘယ်ခံနိုင်မလဲ။ မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်တာပေါ့။ ဒါဆိုရင် မောင်ကြည်က အတွန့်တက်ပြီ။

“ကျွန်တော်က စေတနာနဲ့ ပြောတာကို အဖေက လက်မခံနိုင်ပြန်ဘူး။ ကြည့်လေ။ အဖေ့သားတွေဟာ ပညာကို ဖြစ်ဖြစ်မြောက်မြောက် မသင် ခဲ့ရလို့ ဒီလို မိုက်တိမိုက်ကန်း ဖြစ်နေကြတာ မဟုတ်ဘူးလား” ဒါဆိုရင် အိမ်ဦးခန်းမှာ ထိုင်ပြီး ဟိုလိုလို ဒီလိုလိုနဲ့ ငေး ငေးငိုင်ငိုင်ဖြစ်နေတတ်တဲ့ ဦးဖိုးသီးက ပြန်ပြောနေကျ စကားတစ်ခွန်း ရှိတယ်။

“ဘာ လာပြန်ပြီလား။ ငါက ပညာ သင်မပေးလို့ဆို တဲ့ စကား။ နေစမ်းပါဦး ဟေ့ကောင်။ ငါက ဘယ်လောက်ပဲ ပညာ သင်ပေးပေး မင်းတို့ တွေကကော ဘယ်လောက် ကြိုးစားကြလို့လဲကွ။ ကြိုး စားချင်စိတ်ကော ရှိကြလို့လား။ ဟိုကောင် ခေါင်းကျား ဆိုရင် စာမေးပွဲခန်းထဲမှာ သွားခိုးချမိလို့ ကျောင်းက ထုတ်ပစ်လိုက်တာ မဟုတ်လား။ ဒါကို မင်းက ငါ့ စကား နွားရလုပ်ပြီး မိဘကို အပြစ် လာတင်နေသေးတယ်။ ဟုတ်လား”ဆိုပြီး ပြင်းပြင်း ထန်ထန် ခုခံ ချေပတော့တာပဲ။

ဒီလို မသင့်မြတ်မှုတွေကြောင့် ဦးဖိုးသီးက မောင်ကြည့်ကို စကားမပြော ဖြစ်အောင် သတိထားနေရာ ကနေ နောက်ဆုံးသားအဖ နှစ်ယောက်ဆိုတာ မျက်နှာ ချင်းဆိုင်လို့ မရအောင်ကို ဖြစ်လာတော့တာ။ အငယ်ဆုံးကောင်ထွေး လေးကတော့ တစ်ဘာသာ။ အားအားရှိ လတ်လျား လတ်လျားနဲ့ လက်ဖက်ရည် ဆိုင်မှာ တစ်နေ့ကုန် တစ်နေခန်းထိုင်၊ ဖြတ်သွားဖြတ်လာ ကောင်မလေးတွေကို စ၊ ည ညကျရင် အပေါင်းအသင်းတွေ တစ်အုပ်တစ်မကြီး အိမ်ကို ခေါ်လာပြီး ဂစ်တာ တစ်ဒေါင်ဒေါင် တီးနဲ့ပဲ အချိန်ကုန် နေတာ။ အရပ်ထဲကတော့ အမနာပ ပြောကြတာပေါ့။ “မိမနိုင် ဖမနိုင်ကလေးတွေ” ဆိုပြီးတော့လေ။

ဘာပဲဖြစ်ဖြစ် ထွေးလေး အနေနဲ့ ဂုဏ်ယူစရာက လက်ရှိ ကျောင်းတက်နေဆဲ ဆိုတော့ ဒေါ်ပန်းရုံ နည်း နည်းဂရုစိုက်ရတယ်။ အနည်း ဆုံး ၁၀ တန်းကလေး အောင် သွားရင်တောင် ညီအစ်ကိုတွေ အားလုံးထဲမှာ သူတစ်ယောက်ပဲ ချွန်ချွန်မွန်မွန်ဖြစ်မှာ။ နောက်ပြီး ဟိုအကောင် မောင်ကြည်ရဲ့ အပြောကလည်း လွတ်မှာ။ ဒါပေမယ့် ဒေါ်ပန်းရုံ သတိထား မိသလောက်တော့ ထွေးလေးလည်း ဒီပုတ်ထဲ က ဒီပဲပဲလေ။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး မဟုတ်လား။ ဒီအစ်ကိုတွေနဲ့ အတူတူ နေနေမှတော့ ဒီစရိုက်၊ ဒီအချိုးအတိုင်းပဲ လာမှာပေါ့။ တစ်ခါတလေ မအေကစာ တွေ ဘာတွေကျက်ဖို့များပြော မိရင် ခံမပြော နားမထောင်နဲ့ ထုံပေပေကြီး ပြန်ပြီးကြည့် နေလိုက်တာများ ဇော်ကြီး ငယ်ငယ်ကအတိုင်းပဲ။

ဒီတော့ ဒေါ်ပန်းရုံဆို တာ တစ်ခါမှ စိတ်ချမ်းသာ လက်ချမ်းသာနေရတယ် မရှိဘူး။ တော်ကြာ သူများသား သမီးကို ရိုက်လိုက်လို့ ရဲစခန်း လိုက်ရပြန်ပြီ။ ထောင်ဝင်စာ ပြေးတွေ့ရပြန်ပြီ။ တစ်ခါတလေ ဒီက ညီအစ်ကိုတွေထက် သူများက လက်ဦး သွားလို့ ဆေးရုံလည်း ပြေးရ ပြန်တာပဲ။ ဒါကြောင့် ဒေါ်ပန်း ရုံဟာ သူ့သားတွေနဲ့ ပတ်သက်လာရင် တရားရုံးနဲ့ ဆေးရုံဆိုတာ ချောင်းပေါက်မတတ်ပဲ။ နောက်ဆုံး ရပ်ကွက်ထဲက လူတွေမပြောနဲ့။ တရား ရုံးတို့၊ ဂါတ်တဲတို့၊ ဆေးရုံတို့ မှာရှိတဲ့ ၀န်ထမ်းတွေကတောင် ဒေါ်ပန်းရုံကို ကောင်းကောင်း မှတ်မိနေကြပြီ။

တစ်ခါတလေ ဒေါ်ပန်းရုံ စိတ်ဆိုးတာက သားသမီး တွေကို မဟုတ်ဘူး။ သူတို့ အဖေ ကိုဖိုးသီးကို။ ကိုဖိုးသီးဟာ ဒေါ်ပန်းရုံ အနေနဲ့ ဘယ်လိုနည်းနဲ့ ရှာကျွေးတဲ့ ထမင်း တစ်နပ်ပဲဖြစ်ဖြစ်၊ မနက် တစ်နပ်၊ ညနေတစ်နပ် စားနေ ရရင်ကို ကျေနပ်နေတော့တာ။ သားသမီးတွေကို ပြောခြင်း၊ ဆိုခြင်း၊ ဆုံးမခြင်းဆိုတာ လုံးလုံး မရှိသလောက်ပဲ။

ဒေါ်ပန်းရုံက သူများ အိမ်မှာ အ၀တ်လျှော် ကျွေးလည်း စားတာပဲ။ ဈေးရောင်း ကျွေးလည်း ဒူးကလေး တနှန့်နှန့်နဲ့ မြိန်ရေရှက် ရေစားလိုက် တာပဲ။ သူများ လက်တို လက်တောင်းခိုင်းလို့ မုန့်ဖိုး ပဲဖိုးရတဲ့ ငွေကလေးနဲ့ ချက် ကျွေးလည်းစားတာပဲ။ “မင်း ပိုက်ဆံကို ဘယ်လိုများ ရှာလာတာလဲ”လို့များ တစ်ခါမှ မေးဖူးတာ မဟုတ်ဘူး။

သေချာတာက အိမ်က ကျေးဇူးရှင်တွေထဲက ဘယ်သူက ဘာပြဿနာ ရှာလာ လာ၊ အာမခံ လိုက်ပေးရတာ ဒေါ်ပန်းရုံ။ ဘယ်အကောင် ကွဲလာလာ ဆေးရုံကို အူယား ဖားယားပြေးပြီး ချုပ်ပေးရတာ ဒေါ်ပန်းရုံပဲ။ တစ်ခါ တလေများ ယိုင်နဲ့နေတဲ့အိမ် ကလေးကို “ဒေါက်ထောက် ပေးစမ်းပါ။ ကိုဖိုးသီးရယ်” ဆိုရင် “မင်းသားတွေ ဘာလုပ်နေကြလဲ”ဆိုတဲ့ စကားနဲ့ အဆုံး သတ်လိုက်တာပဲ။ ဒီ တော့ ဒေါ်ပန်းရုံ အနေနဲ့ လင်ကုန်ရှုံးတော့ တစ်သက်လုံး မှောက်ဆိုတဲ့ အတိုင်း စိတ်ချမ်း သာရာ တစ်ကွက်မှကို မရှိတာ။ ကြံဖန်ပြီး ကျေးဇူးတင် ရမယ် ဆိုရင်တော့ ကိုဖိုးသီး တစ်ယောက် အရက် မသောက် တတ်တာ၊ မရမ်းကားတတ်တာ၊ ဖဲမရိုက်တတ်တာလေး တွေကိုပဲ ရှာကြံ ချီးကျူးပြီး ကျေးဇူး တင်ရမလို ဖြစ်နေ တော့တာ။ အခုလည်းကြည့်။

အကြီးကောင် ဇော်ကြီးက မိုးမလင်းသေးဘူး။ ပြဿနာ ရှာလာလို့ အိမ်ကို အရအမိ ပြန်ခေါ်လာပြီး သူ့ မျက်စိအောက် ရောက်လာ တာတောင် တစ်ခွန်းတလေ ၀င်ဆုံးမတာ မဟုတ်ဘူး။ သူ့ သားသမီး မဟုတ်သလိုပဲ။ ခေါင်းရင်းမှာ အမြိုင့်သား ထိုင်ပြီး မသိချင်ယောင်ဆောင် နေလိုက်သေးတဲ့ အပြင် တစ်ခါ တလေ ဒူးကလေးများတောင် နှန့်လိုက်သေးတယ်။ ဒါ ကြောင့် ဒေါ်ပန်းရုံက အမြင် ကတ်ကတ်နဲ့
“ဒီမှာ ကိုဖိုးသီး အခု ပြဿနာ ဖြစ်လာတာ ရှင့်သားနော်။ ကျွန်မသာ အချိန်မီ ရောက်မသွားရင် ရှင့်သား ရဲစခန်းနဲ့ ဆေးရုံ တစ်ခုခုပဲ။ ဖအေပီပီ ရှင် နည်းနည်းပါး ပါး ဆုံးမပါဦးလား” ဆိုတော့ အနားက ဇော်ကြီးနဲ့ ခေါင်းကျားက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။ ဒီအခါမှာ ဦးဖိုးသီးက ခပ်အေးအေး လှမ်းပြောတယ်။

“ဒါကတော့ ပန်းရုံရယ်၊ နင့်သားတွေက မိုက်တာကိုးဟ။ သူ့ထိုက်နဲ့ သူ့ကံပေါ့။ ငါတို့က ဘာတတ်နိုင်မှာ မို့လို့လဲ”

ဒါကို အိမ်ခန်းရဲ့တိုင်ကို မှီပြီး ထိုင်နေတဲ့ မောင်ကြည်က မျက်မှန်ကို ချွတ်ပြီး မျက်ဝတ်တွေ သုတ်နေရာကနေ
“အဲဒါပြောတာပေါ့ အမေရ။ ငယ်ငယ်ကတည်း က အဖေက ဘယ်သူ့ကိုမှ ဆုံးမခဲ့တာ မဟုတ်တော့။ အခုမှ ပြောနေလည်း အပိုပဲလေ”

“ဟေ့ကောင် မောင်ကြည် တော်ကွာ”

ဦးဖိုးသီးရဲ့ အော်သံကြောင့် မောင်ကြည် ငြိမ်သွားတယ်။ ဒီလို အော်လိုက်ပြီ ဆိုရင် သူ့အဖေ သေသေ ချာချာ ဒေါသ ထွက်နေလို့ ဆိုတာ မောင်ကြည်က အတိ အကျ သိထားပြီးသား။ ပြီးတော့ မောင်ကြည်က သူ့မျက်မှန် ထူထူကြီးကို နှာခေါင်းရင်းအထိ ပင့်တင်ရင်း တစ်ဦးတည်း ရေရွတ် သလိုလိုနဲ့ တိုးတိုးကလေး ပြောတယ်။

“ကျွန်တော်လည်း ဒီလို ပညာမဲ့တဲ့ အစ်ကိုတွေ ကြားထဲမှာ နေရတာ တော်တော် စိတ်ညစ်တယ်”

“ဟေ့ကောင် မနေချင် ရင်ဆင်းသွား။ မင်း ဘာမှ လူဝါးမ၀နဲ့။ အခုတို့ ရန်ဖြစ် တာက ပညာတတ်တာ မတတ်တာနဲ့ ဘာမှမဆိုင်ဘူး ကွ။ နားလည်လား”ဆိုပြီး ဇော်ကြီးက ၀င်ဟန့်တယ်။ ဒီတော့ မောင်ကြည်က
“ကဲ ဒါဆိုရင် ကိုကြီးကို ကျွန်တော်ပြောမယ်။ ပညာတတ် နယ်ပယ်က ပါမောက္ခ ကြီးတွေ စကားများပြီး တစ်ယောက်ကို တစ်ယောက် ထိုးကြိတ် နေတာမျိုး ကိုကြီး မြင်ဖူးလား။ နောက်ပြီး တစ်ဦးနဲ့ တစ်ဦး အလျှော့ မပေးစတမ်း ပြိုင်ဆိုင် နေကြတဲ့ စီးပွားရေး ပညာရှင်တွေဟာ တစ်ဦးနဲ့ တစ်ဦး အော်ဟစ် ဆဲဆိုနေတာ မျိုးကော ကိုကြီး ကြားဖူးလား။

“ကျွန်တော် ပြောချင် တာက အဲဒီလူတွေလည်း ကိုကြီးတို့လိုပဲ ဒေါသ ရှိတာပဲ။ စိတ်ရှိတာပဲ။ ဒါပေမယ့် ဘာဖြစ်လို့ ကိုကြီးတို့လို အုတ် အော်သောင်းတင်း မဖြစ်တာလဲ။ စဉ်းစားကြည့်ပေါ့။ အဖြေက ရှင်းရှင်းလေးရယ်”

“အဲဒါ သူတို့တတ်ထား နားလည်ထားတဲ့ ပညာတွေ၊ ဆင်ခြင်ဥာဏ်တွေက သူတို့ရဲ့ အသိတရားတွေကို ထိန်းသိမ်း ပဲ့ပြင်သွားလို့ပေါ့”

“ဟေ့ကောင် မောင်ကြည်၊ မင်း မတော်သေးဘူး လား...ငါ ထထိုးလိုက် မယ်”

ဆိုပြီး ခေါင်းကျားက ၀င်ပိတ်လိုက်တော့မှ မောင်ကြည်က သရော် သလိုလို၊ ရိသလိုလိုနဲ့ အဟီး ဆိုပြီး ပြုံးဖြီးဖြီးနဲ့ အိမ်ခန်းထဲ ၀င်သွားရော။ သေချာတာက မောင်ကြည်ဟာ ထမင်းစားချိန် မတိုင်ခင် အထိ သူ့အိပ်ရာထဲမှာ စာအုပ်တစ်အုပ်နဲ့ ဘယ်လူး ညာလှိမ့် ဖြစ်နေမယ် ဆိုတာ ဒေါ်ပန်းရုံ သိထားပြီးသား။ ပြီးတော့မှ ဒေါ်ပန်းရုံက သူ့ယောက်ျား ဦးဖိုးသီးဘက် လှမ်းကြည့်လိုက်တယ်။ နကမ္ပတိပဲ။ မတုန်မလှုပ် ကျောက်ရုပ်ပဲ။ ဇော်ကြီးက တော့ လမ်းကို ပြန်ထွက်ဖို့ အားယူနေပြီ။ ခေါင်းကျား ကလည်း လမ်းမဘက်ကို တမျှော်မျှော်။ ဒီတော့မှ ဒေါ်ပန်းရုံက
“ဟဲ့ နှစ်ကောင်၊ နင်တို့ ဟာလေ အကောင်ကြီးပြီး ဘာဦးနှောက်မှ မရှိတဲ့ အကောင်တွေ။ ဟိုကောင် မောင်ကြည် ပြောသွားတာ ဒီတစ်ခါ မှန်တယ် ဟဲ့။ နင်တို့ကို အငယ်က ပြန်ဆုံးမသွားတာ။ နင်တို့ မရှက်ကြဘူးလား”

“ဟာ အမေကလည်း ဒီ မှန်ကြောင် စာကြမ်းပိုး ဘက်က ရှေ့နေလိုက်နေပြန်ပါပြီ”

ဆိုရင်း ဇော်ကြီးက ထိုင်ရာက ထတော့၊ ဒေါ်ပန်း ရုံက
“အမယ် အမယ် ဒါက ဘယ်လဲ”

“ဂျာနယ် သွားဝယ် မလို့ပါ အမေရာ”

“မ၀ယ်နဲ့”

“မ၀ယ်လို့ မဖြစ်ဘူး အမေရ။ ညက ပွဲတွေကို ဂျာနယ်နဲ့ တိုက်ပြီး အလုပ်လုပ် ရဦးမှာ”
ဆိုပြီး ဇော်ကြီးက ခပ် သွက်သွက်ထွက်သွားလို့ ခြံဝ မရောက်ခင် ခေါင်းကျားကလည်း
“ဟေ့ကောင် ဇော်ကြီး နေဦး။ ငါလည်း လိုက်မယ်”
လို့အော်ရင်း ပြေးထွက် သွားလေရဲ့။
ဒေါ်ပန်းရုံက သားနှစ် ယောက်ရဲ့ နောက်ကျောကို ကြည့်ရင်း လမ်းထိပ် ရောက်တာနဲ့ တစ်နေရာစီ ဦးတည် သွားကြမယ်ဆိုတာ အတပ် သိပြီးသား။ ဒါကြောင့် ခေါင်းကိုသာ ခပ်လေးလေး ခါနေလိုက်ရတယ်။

“မပန်းရုံ...မပန်းရုံ”

ခပ်လှမ်းလှမ်းက တည်းက အမောတကော ခေါ်လာတဲ့ အသံ တစ်ခုကြောင့် ဒေါ်ပန်းရုံ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသေးတယ်။ ဟိုကောင်တွေ လမ်းထိပ် ထွက်သွားတာမှ မကြာသေးဘူး။ အခု ပြဿနာ ဖြစ်ပြန်ပြီလား ဆိုပြီး တော့တောင် စိုးရိမ် လိုက်မိသေးတယ်။ ပြီးမှ အသံ လာရာဆီကို လှမ်းကြည့်ရင်း
“သြော် မခင်မြပါလား။ မောကြီးပန်းကြီးနဲ့ ဘယ်လို ဖြစ်လာတာတုံး”

ဒေါ်ခင်မြက အသက် ကိုခပ်ပြင်းပြင်းရှူရင်း ဒေါ်ပန်းရုံရဲ့ အခြေအနေကို စိတ်ချရအောင် အကဲခတ် နေသေးတယ်။ လမ်းထဲက ဖြတ်သွား ဖြတ်လာ လူတွေကလည်း ကွက်ကြည့် ကွက်ကြည့်နဲ့။ ဒါကို သတိ ထားမိတာနဲ့တင် တစ်ခုခု ထူးခြားနေတာ သေချာပြီ ဆိုတဲ့ အသိနဲ့ ဒေါ်ပန်းရုံ က မေးဆတ်ပြီး မေးလိုက်တယ်။ ဒီတော့မှ ဒေါ်ခင်မြက အနားကို ကပ်ပြီး နှစ်ယောက်တည်း ကြားသာ လောက်တဲ့လေသံနဲ့
“မပန်းရုံ မသိသေးဘူး လား”

ဒေါ်ပန်းရုံက ဇဝေဇ၀ါ နဲ့ခေါင်းကို အသာခါရင်း
“ဟင့်အင်း။ ဘာကိုလဲ မခင်မြရဲ့”

ဆိုပြီး ရင်ကို ဖိရင်းမေး ရတယ်။ ဒေါ်ခင်မြကတော့ “အ ရန်ကော”ဆိုတဲ့ သဘောနဲ့ နှုတ်က “ကျွတ်“ ခနဲ ညည်း လိုက်ပြီး
“မပန်းရုံရဲ့သား အငယ် ကောင်လေ”

“ထွေးလေး ထွေးလေး ဘာဖြစ်လို့လဲ မခင်မြရဲ့။ မြန်မြန် ပြောစမ်းပါရှင်”

ဒေါ်ပန်းရုံက ထွေး လေးရဲ့ မျက်နှာကို ကွက်ခနဲ မြင်ယောင်ရင်း အတင်းမေး တော့မှ ဒေါ်ခင်မြက
“အဲဒီကောင်လေး ညက မိန်းမ ခိုးသွားတယ်လေ”

“ဘုရား ဘုရား”

ဘုရားကို တရင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတဲ့ ဒေါ်ပန်းရုံက ဒေါ်ခင်မြ ကို ကြည့်လိုက်၊ အိမ်ထဲကို လှည့်ကြည်လိုက်၊ ပြီးတော့ ဘာမှန်းညာမှန်း မသိဘဲ လမ်းထိပ်ကို မျှော်ငေးလိုက်နဲ့ ဆောက်တည်ရာမရ ဖြစ်နေ တော့တာပေါ့။ ပြီးမှ
“မဟုတ်သေးပါဘူး မခင်မြရဲ့။ ထွေးလေးက မနက်အစောကြီးကတည်းက ကျောင်းသွားနေကျပဲ”လို့ပြောရင်း အိမ်ပေါ်ကို အပြေး တက်သွားတယ်။

ပြီးတော့ ထွေးလေး အိပ်တဲ့ ခြင်ထောင်ကို ဆွဲလှန် လိုက်တယ်။ အိပ်ရာထဲမှာ ဘယ်သူမှ မရှိဘူး။ ခေါင်းအုံး တွေ၊ စောင်တွေကလည်း ဖရိုဖရဲနဲ့။ ဒါကြောင့် ခြင် ထောင်ထဲက ပြန်ထွက်ပြီး ခေါင်းရင်းဘက်ကို ကြည့် လိုက်တော့ ထွေးလေး တီးနေကျ ဂစ်တာ တစ်လက်က ထောင်လို့။ ခြေရင်းတန်းဆီ မှာက သူဝတ်နေကျ ကျောင်းစိမ်း လုံချည်လေး။ ဒီတော့မှ ဒေါ်ပန်းရုံက နဖူးကိုရိုက်မိပြီး ထွေးလေးမှာ ကျောင်းစိမ်းလုံ ချည်ဆိုလို့ ဒီတစ်ထည်တည်း ရှိတာကို သတိရလိုက်ပြန် တယ်။ ဒီပုဆိုးကို အခုဝတ် မသွားဘူး ဆိုတော့ ဒေါ်ပန်းရုံ ရင်ထဲ ဆို့တက်လာတယ်။ ဒါဆိုရင် ထွေးလေး ကျောင်းသွားတက်တာ မဖြစ်နိုင်တော့ တာ သေချာသွားပြီ။ အိမ်ရဲ့ အလယ်တိုင်မှာတော့ ထွေး လေးရဲ့ ကျောင်းလွယ်အိတ် ကလေးက တွဲလောင်းလေး ကျလို့။

“အမလေး ဟုတ်ပါရဲ့ တော်။ မခင်မြ ကျွန်မ သား လေး ...ဒုက္ခပါပဲ။ ရှင်ကြား လာတဲ့ သတင်းက ဟုတ်နေပြီ ထင်ပါရဲ့။ ကျွန်မသားလေး က နို့နံ့တောင်စင်သေးတာ မဟုတ်ပါဘူးတော်။ ကျွန်မ သားလေး...ကျွန်မ သားလေး...။
“ဟဲ့ မောင်ကြည်၊ ကိုဖိုးသီး။ ကျွန်မသားလေး မိန်းမ ခိုးသွားပြီတဲ့ တော့်... ဟီး...ဟီး...”

အိမ်ရဲ့ ဖိနပ်ချွတ်မှာ ထိုင်ငိုနေတဲ့ ဒေါ်ပန်းရုံရှိရာကို ဒေါ်ခင်မြက တရွေ့ရွေ့လှမ်းလာပြီး အနားမှာ ယှဉ်ထိုင် လိုက်တယ်။ ပြီးမှ လေသံကို နှိမ့်ရင်း
“ညကတည်းက ထွက်သွားတာလို့ ပြောတယ်။ ကောင်မလေးက...”

“အေး ဟုတ်သားပဲ။ ကောင်မလေးက ဘယ်က တဲ့လဲ မခင်မြရယ်။ သူ့လိုပဲ ကျောင်းသားပဲလား”

“မဟုတ်သေးဘူး မပန်း ရုံ။ ကြားရသလောက်တော့ ကောင်မလေးက တော်တော် ရှုပ်ဆိုပဲ။ သူနေတဲ့ လမ်းထဲမှာ အဲဒီကလေးမနဲ့ မကြိုက် ဖူးတဲ့ သူတောင် မရှိသလောက် ဆိုပဲ။ နောက်ပြီး အဲဒီ ကောင်မလေးက အသက်တောင် မပြည့်သေးဘူးတဲ့”

“ဘုရား ဘုရား ငါ့သား လေးတော့ ရေတိမ်နစ်ပါပြီ တော့်။ လုပ်ကြပါဦး အရပ် ကတို့ရယ်။ ကျွန်မသားလေး ကျွန်မသားလေး ဟီးဟီးဟီ”

ဒေါ်ခင်မြကလည်း သက်ပြင်းကို ခပ်လေးလေး ချရင်း ဒေါ်ပန်းရုံရဲ့ အခြေ အနေကို အကဲခတ်နေသေး တယ်။ ပြီးမှ
“ကျွန်မကတော့ အိမ်နီးချင်းပီပီ စေတနာ ထားပြီး ပြောပြတာပါ မပန်းရုံရယ်။ အခုတော့ သူတို့ရဲ့ အခြေ အနေကိုပဲ စောင့်ကြည့်နေ လိုက်ပါဦး။ ကျွန်မကြားသ လောက်တော့ ကောင်မလေးက အဲဒီလိုပဲ တစ်ခါလိုက် ပြေးဖူးတယ်တဲ့”

ဒေါ်ပန်းရုံ ဦးခေါင်း ငိုက်စိုက် ကျသွားပြီး ငိုရင်း ရှိုက်ရင်းနဲ့ ထွေးလေးရဲ့ မျက်နှာကိုသာ ပြန်မြင်နေမိပြန် တယ်။ ရှိသမျှ သားဆိုးတွေ ထဲမှာ ဒီကလေး တစ်ယောက်ကိုပဲ မျှော်လင့် ထားမိတာ။ အခုတော့ ဒင်းလည်း ဘာထူး လဲ။ အသက်တောင် မပြည့် သေးတဲ့ကလေးမကို ခိုးသွား သတဲ့။ နောက်ပြီး မိန်းကလေး ရှင်ဘက်က ကြည်ကြည်ဖြူ ဖြူ လက်ခံရင် တော်သေးတယ်။ တော်ကြာ လက်သင့်မခံဘဲ အမှုတွေ ဘာတွေဖွင့်ရင်တော့ ငါ့သားလေး ဒုက္ခရောက်ရ ချည်ရဲ့။ စတဲ့အတွေးတွေဟာ ဒေါ်ပန်းရုံကို တစ်စနဲ့တစ်စ ရစ်ပတ်လာပြီး အိမ်ပေါ်ကို တက်လာမိပြန်တယ်။

ပြီးမှ အိမ်ဦးခန်းမှာ အမြိုင့်သား ထိုင်ပြီး အခြေ အနေကို စောင့်ကြည့်နေတဲ့ ဦးဖိုးသီးကို
“ကဲ ကိုဖိုးသီး။ ကြားပြီ မဟုတ်လား။ ရှင့်သားလူ လိမ္မာလေး မိန်းမ ခိုးသွားတဲ့ ကိစ္စလေ”
မောင်ကြည်ကလည်း ထုံးစံအတိုင်း အိမ်တိုင်ကို မှီထိုင်ရင်း မျက်မှန်ထူထူကြီး အောက်က ပေကလပ် ပေကလပ် မျက်လုံးတွေနဲ့ ကျီး ကြည့် ကြောင်ကြည့် ကြည့်နေတယ်။ တော်တော် ကလေး ကြာမှ ခပ်ရွံ့ရွံ့ဝင်မေးတယ်။

“ဘယ်သူနဲ့တဲ့လဲ အမေ”

“ဘယ်သူနဲ့လဲတော့ ငါလည်း မသိသေးဘူး။ ကောင်မလေးကတော့ ခပ်ရှုပ် ရှုပ်ပဲတဲ့။ ငါ သေသာသေ လိုက်ချင်တော့တာပဲ”
“ကဲ ကိုဖိုးသီး ရှင်ဒီ အတိုင်း ထိုင်နေတော့မှာလား။ နည်းနည်းပါးပါး လိုက်မရှာ တော့ဘူးလား။ မိန်းကလေး မိဘတွေက မနေလို့ ရဲတိုင် ဘာတိုင်လုပ်ရင် ရှင့်သား မလွယ်ဘူးနော်”

ဒေါ်ပန်းရုံဘယ်လောက် ပြောပြော ဦးဖိုးသီးကတော့ ထိုင်ရာက မထသေးဘူး။ ပြီးတော့ တစ်ခါမှ မတည့်ဖူးတဲ့ မောင်ကြည့်ကိုပါ ဆတ်ခနဲ လှမ်းကြည့်တယ်။ အဓိပ္ပာယ်က “မင်း သွားရှာ ကြည့်ပါဦးလား” ဆိုတဲ့ သဘော။ ဒါကို ရိပ်မိပုံရတဲ့ မောင်ကြည်က စာအုပ်က လေးကို ချိုင်းကြားညှပ်ရင်း သူ့အခန်းထဲ ၀င်သွားရော။

ဒေါ်ပန်းရုံကတော့ သူ လိုလို၊ ကိုယ်လိုလို လုပ်နေတဲ့ သားအဖနှစ်ယောက်ကို တစ် ယောက်စီကြည့်ရင်း တလှိုက် လှိုက်တက်လာတဲ့ ဆို့ဆို့နင့်နင့် ဝေဒနာတွေဟာ တနင့်တပိုးနဲ့ ပိုပိုပြီး ဆိုးလာတယ်။ ဒါ ကြောင့် ငိုလိုက်၊ ရှိုက်လိုက် နဲ့ မနားနိုင်အောင်ပဲ။ ဒါကို အကဲခတ်မိတဲ့ ဦးဖိုးသီးက ပြေရာပြေကြောင်း ဆိုတဲ့ သဘောနဲ့ ခပ်အေးအေး ဆိုတယ်။

“ပန်းရုံရယ် နင်ကတော့ ငါ့ကို သားသမီးတွေနဲ့ ပတ် သက်ပြီး အထိန်းအကွပ်မရှိ ဘူးလို့ ဘယ်လောက်ပြော ပြော၊ ငါကတော့ ကိုယ်ရင်က ဖြစ်တဲ့သားသမီးတွေ မှန်ပေ မယ့် ဒီကောင်တွေက မိုက်ရိုင်း တယ်ဟ။ နောက်ပြီးတော့ ငါတို့က အသက်တွေလည်း ရလာကြပြီလေ။ ဒီတော့ ဘယ်လိုနေပြီး ဘယ်လိုသေ ရမယ် ဆိုတာကို သိနိုင်ကြသေး တာမဟုတ်ဘူး။ ဒါကြောင့် နောက်ဆုံးအနေနဲ့ ငါနားလည် ထားတာ တစ်ခုတော့ရှိတယ်။ ဒီကောင်တွေ လူစုပြီးတို့နေ တဲ့ အိမ်ကလေးကို အမွေလာ မခွဲကြသေးတာပဲ ငါအနေနဲ့ ၀မ်းသာ နေရသေးတာဟ”

ဦးဖိုးသီးရဲ့ စကား ကြောင့် ဒေါ်ပန်းရုံ မျက်ရည် တွေကြားကနေ ဆတ်ခနဲ လှမ်းကြည့်တယ်။ အဲဒီ မျက်လုံးထဲမှာ အံ့သြတာရော၊ နာ ကြည်းတာရော၊ မယုံနိုင်တာ ရော၊ လက်မခံနိုင်တာရော၊ အစစအရာရာ ရောထွေးနေတဲ့ ခံစားမှုတွေကတော့ စေးစေး ပျစ်ပျစ် ပျော်ဝင်နေတယ်။ ပြီး တော့ အဲဒီမျက်လုံးတွေထဲက ပဲ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျ လာပြီး ရင်ဘတ်ကို တဖုန်း ဖုန်းမြည်အောင်တီးရင်း
“အမယ်လေးလေး၊ ကြားကြရဲ့လား အရပ်ကတို့ ရယ်။ ဖအေအရင်းခေါက် ခေါက်ကြီးက ပြောလိုက်တဲ့ စကားလေ...ဟီး...ဟီး... ဟီး...
“သားသမီးတွေ အမွေ ခွဲမှာကို စိုးရိမ်နေတဲ့ အဖေ တဲ့။ ကျွန်မ တစ်သက်လုံးမှာ ဒီတစ်ခါသာ ကြားဖူးတဲ့ စကားပါတော်။ လာပြီး နားထောင်ကြပါဦး အရပ်ကတို့ ရဲ့...ဟီး...ဟီး...”

လမ်းပေါ်မှာ သွားလာ နေကြတဲ့ လူတွေကတော့ “ဒီ မိန်းမကြီး ဘာဖြစ်ပြန်ပြီလဲ” ဆိုတဲ့ သဘောနဲ့ ကွက်ကြည့် ကွက်ကြည့် လုပ်သွားကြသေး တယ်။ ဒေါ်ပန်းရုံကတော့ ငို တုန်း။ အားပါးတရ ငိုနေတုန်း ရှိသေးတယ်။ အဲဒီအချိန်မှာပဲ လမ်း ထိပ်ဆီက အုန်းအုန်းကျွက်ကျွက်နဲ့ ဆူဆူညံညံအသံတစ် ခုကို ကြားလိုက်ရလို့ ဒေါ်ပန်း ရုံတစ်ယောက် ငိုနေရာကနေ ချက်ချင်းရပ်ပြီး အထိတ် တလန့်နဲ့ ခေါင်းထောင်ကြည့် လိုက်မိပြန်တယ်။ ဒေါ်ပန်းရုံ ရဲ့ မြင်ကွင်းထဲမှာ လမ်းသူ လမ်းသား တချို့က သိချင်ဇောနဲ့ လမ်းထိပ်ဘက်ကို ခပ် သုတ်သုတ်သွားနေကြတာကို အတိုင်းသား တွေ့နေရတယ်။ လက်အစုံကတော့ ရင်ဘတ် ကို ခပ်တင်းတင်း ဖိလို့။


မောင်နှင်းပန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ ဩဂုတ် ၂၀၁၀)

No comments:

Post a Comment