Saturday, October 1, 2011

စည်း

ကျွန်တော် လူမှန်း သိတတ်စ အရွယ် ကတည်းက ဦးနိုင်ဝင်းရဲ့ လက်ပေါ်မှာ ကြီးလာ ခဲ့ရတာ။
ဒါကြောင့်လည်း သူ့ကို ကျွန်တော် အတော် ခင်မင် နေမိတာ ဖြစ်လိမ့်မယ် ထင်တယ်။ ဒါပေမဲ့ အဖေ၊ အမေနဲ့ ကျန်မိသားစု ၀င်တွေကတော့ ဦးနိုင်ဝင်းကို သိပ်မနှစ်မြို့ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အမြင်မှာ ဦးနိုင်ဝင်းက ညီအစ်ကို မောင်နှမတွေရဲ့ မျက်နှာကို အိုးမဲ သုတ်တဲ့သူ၊ အကျင့်ဆိုးတဲ့ သူအဖြစ် သတ်မှတ် ထားကြတာ။

သူ ဘယ်လိုဆိုးတယ် ဆိုတာကို နားမလည်တတ်သေးတဲ့ အရွယ်မှာ ကျွန်တော် မသိသေးပေမယ့် နောက် ပိုင်းမှာ ခပ်ဝါးဝါး သိခွင့်ရလာခဲ့တယ်။ ဦးနိုင်ဝင်း ဆိုးတယ် ဆိုတာက သူတစ်ပါး ပစ္စည်းကို လက်ဆော့ခြေ ဆော့ ရှိတာ၊ ခိုးတတ်တဲ့ အကျင့်ရှိတာကို ဆိုလိုတာ။ ဒီတော့ ဦးနိုင်ဝင်းက ဆွေမျိုးတွေကြားမှာ စုန်းပြူးပေါ့။ အဲဒီတုန်းက ဦးနိုင်ဝင်းများ အိမ်ကို လာပြီဆိုရင် အမေ တို့က မျက်လုံး ဒေါက်ထောက်ပြီးတော့ကို အသင့်အနေ အထားနဲ့ ကြည့်နေကြရတာ။ တိုးတိုးတိတ်တိတ်နဲ့လည်း ကျွန်တော်တို့ကို သတိပေး တတ်သေးတယ်။

“နိုင်ဝင်းလာရင် သတိထား။ ပိုက်ဆံတွေ ဘာတွေ အလွယ်မထားနဲ့။ ဒီကောင်က သစ္စာရှိတာ မဟုတ်ဘူး”

ကျွန်တော် သတိထားမိ သလောက်တော့ ကျွန်တော်တို့ အိမ်ကို ဦးနိုင်ဝင်းလာလို့ ပစ္စည်းတစ်ခုခု ပျောက်တယ် ဆိုတာမျိုးတော့ ဒီကနေ့ အထိ မကြုံဖူးသေးဘူး။ ဒါပေမဲ့ ဦးနိုင်ဝင်းက သူ့အစ်မ ရင်းတွေ ဖြစ်တဲ့ ကျွန်တော့် အဒေါ်တွေ ကိုတော့ ချမ်းသာ မပေးတတ်ဘူး။ မကြာခဏ ဆိုသလို အဒေါ်တို့က အိမ်ကိုရောက် ရောက်လာတတ်ပြီး သူတို့ ပစ္စည်းတွေကို ဦးနိုင်ဝင်းယူ သွားတဲ့ အကြောင်း တငိုငို တရယ်ရယ်နဲ့ လာပြောတတ် ကြတယ်။ တော်ကြာ ဦးနိုင်ဝင်း ဘာတွေ ယူသွားပြန်ပြီ။ “ဗီရိုပေါ် တင်ထားတဲ့ ပိုက်ဆံ ကလေး မရှိတော့ဘူး”၊ “ဈေးရင်းဖို့ စုထားတဲ့ ပိုက်ဆံ ကလေး နိုင်ဝင်း ယူသွားလို့ မမရယ်။ ကျွန်မတို့တော့ ဒုက္ခ ရောက်ပါပြီ” ဆိုပြီး အမေ့ကို မျက်ရည်လည်ရွဲနဲ့ ပြောသံဆို သံတွေဟာ နားနဲ့ မဆံ့အောင် ကြားခဲ့ရဖူးတယ်။ ဒီတော့ ဦးနိုင်ဝင်းဟေ့ ဆိုလိုက်တာနဲ့ ကျောထဲက စိမ့်နေအောင်ကို ကြောက်ကြတာလည်း မပြောနဲ့လေ။

ဦးနိုင်ဝင်းက ကျွန်တော် တို့အမေဘက်က တော်တာ၊ အမေရဲ့ဦးလေးက မွေးတာဆိုတော့ အမေနဲ့ မောင်နှမ၀မ်းကွဲ ဆိုပါတော့။ ဦးနိုင်ဝင်းမှာတော့ မောင်နှမ သုံးယောက်ရှိတယ်။ သူ့မှာ စွဲနေတဲ့ အကျင့် ဆိုးကြောင့် ဘယ်သူမှ မေတ္တာ မရှိဘူး။ နောက်ပြီး လူကလည်း အဲဒီ အမှုနဲ့ပဲ ထောင်ထဲ ကို ၀င်လိုက်ထွက်လိုက်နဲ့ ဆိုတော့ အမျိုးတွေ အားလုံးက သူ့ကို ပေယျာလကန် သဘော ထားလိုက်ကြတယ်။


ကျွန်တော် ငယ်ငယ် ကတည်းက ဒီကနေ့ အထိ မှတ်မိနေတာ တစ်ခု ရှိသေးတယ်။ အဲဒါက တခြား မဟုတ်ဘူး။ ဦးနိုင်ဝင်း ထောင်က ထွက်လာရင် ကျွန်တော်တို့အိမ်ကို ရောက်လာ တတ်တာပဲ။ ဦးနိုင်ဝင်း ရောက်လာပြီဆိုရင် အရင်ဆုံး အမေ့ကို မျက်နှာငယ်လေးနဲ့ ပြောတတ်တယ်။

“ကျွန်တော့်ကို ထမင်း နည်းနည်းလောက် ကျွေးပါ မမရယ်”

ဒါဆိုရင် အမေက သိပြီ။ ဦးနိုင်ဝင်း ထောင်က ထွက်လာပြီ ဆိုတာ။ ဒီတော့ အမေက ဗျစ်တောက်ဗျစ် တောက်ပြောရင်း လက်ကတော့ ထမင်း တစ်ဇလုံ ခူးပြီးသားပဲ။ ဒါဆိုရင် ဦးနိုင်ဝင်းက လက်ထဲ ရောက်လာတဲ့ ထမင်းဇလုံကို သူ့ရဲ့အနီး စပ်ဆုံး ရန်သူတစ်ဦးလို ခပ်စိန်းစိန်းကြည့်ရင်း အပြတ် အသတ် ချေမှုန်းတော့တာပဲ။ စားလို့သောက်လို့များ ၀ပြီဆိုရင် အမေ ဆူသမျှကို ခေါင်းငုံ့ခံရင်း နောက်ဆုံးမှာ အမေပေး လိုက်တဲ့ မုန့်ဖိုးလေးကို ယူပြီး ပြန်သွားတော့တာပဲ။

အိမ်ကို အဲဒီလို လာပြီးရင် ဦးနိုင်ဝင်းတစ်ယောက် တစ်လ ကိုးသီတင်းလောက် တော့ ပျောက်သွား တော့တာပဲ။ ဦးနိုင်ဝင်း ပြန်သွားပြီဆိုရင် အမေက သူ့ရဲ့နောက်ကျောကို ကြည့်ရင်း သက် ပြင်းကို ခပ်လေးလေးချပြီး ကျန်ရစ်ခဲ့တတ်တယ်။ တစ် ခါတလေ ဦးနိုင်ဝင်းရဲ့အစ်မတွေ အိမ်ကိုလာလို့ အမေက ဦးနိုင်ဝင်းအကြောင်းများ ပြောမိရင် အဒေါ်တို့က အမေ့ ကို-
“ဘာဖြစ်လို့ ကျွေးလိုက်တာလဲ မမရယ်။ ဒီကောင်က ခွေးမြီးကောက် ကျည်တောက်စွပ်သလိုပဲ။ သူ့ အချိုးကို ဘယ်တော့မှ ပြင်မယ့်ကောင် မဟုတ်ဘူး”
လို့ မကြာခဏ မြည် တွန်တောက်တီးတတ်တယ်။

အဲဒီလိုအခါမျိုးမှာ ကျွန် တော်ကတော့ ဦးနိုင်ဝင်းကို အလိုလို သနားနေမိတယ်။ တစ်ခါတလေ ကျွန်တော် ကျောင်းသွားရင် လမ်းမပေါ်မှာ ဦးနိုင်ဝင်းကို တွေ့တတ်တယ်။ ဒါကို ကျွန်တော်က ၀မ်းသာအားရ နှုတ်ဆက်ရင် သူက ကျွန်တော့်ကို တွေတွေကြီး ပြန်ကြည့်နေတတ်ပြီး စကားကို မြန်မြန်ဖြတ်ရင်း ကျွန်တော့် အနားက ခပ်မြန်မြန် ခွာသွားတတ်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သူ့ကို ခင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဦးနိုင်ဝင်းဟာ အကျင့် မကောင်းတာ မှန်ပေမယ့် ကျွန်တော်တို့ မိသားစုကို တော့ ဘာဒုက္ခမှ ပေးခဲ့တာ မဟုတ်ဘူး။ နောက်ပြီး ဦးနိုင်ဝင်း အိမ်ကိုလာရင် သူ့မျက်နှာဟာ အမြဲလိုလို ပြုံးနေ တတ်ပြီး ကျွန်တော် ဂျီကျ သမျှကို မညည်းမညူ  လုပ်ပေးတော့တာပဲ။ ဥပမာ အုန်းပင်ပေါ်က စွန်ကို တက်ဖြုတ် ခိုင်းတာမျိုး။ “ဦးနိုင်ဝင်း သီချင်းဆိုပြ” ဆိုရင်လည်း သူ့ရဲ့ အသံဝါ၀ါကြီးနဲ့ စည်းမကျ ၀ါးမကျ ပျော်ပျော်ကြီးအော် ဟစ်ဆိုပြတာမျိုး ဆိုတာ အပရိကလောက်ပဲ ရှိသေးတယ်။

တစ်ခါတလေကျရင်တော့ အဖေက ကျွန်တော့်ကို ဦးနိုင်ဝင်းနဲ့ ခပ်ကင်းကင်းနေ ဖို့ သတိပေးတတ်တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဖေ ဘာကြောင့်တားတယ် ဆိုတာကို ရေရေရာရာ မသိခဲ့ဘူး ပေါ့။ နောက်ပြီး ဦးနိုင်ဝင်းက သူ ထောင်ထဲမှာတွေ့ကြုံ ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဘာရယ်မဟုတ်ဘဲ ကျွန်တာ့်ကို ပြန်ပြောပြတတ်တယ်။ အဲဒီအခါမှာ ကျွန်တော်ကတော့ တစ်ခါမှမကြုံဖူးဘူး တဲ့ အတွေ့အကြုံမျိုး ဆိုတော့ အထူးအဆန်း ဖြစ်နေတာပေါ့။ အထဲမှာ ပုံစံ ထိုင်ရတာ ဘယ်လို၊ ထမင်းစားရတာ ဘယ် လို၊ ရေချိုးရင် ဘယ်လို၊ ရန် ဖြစ်ရင် ဘယ်လိုအပြစ်ပေး တယ် ဆိုတာတွေဟာ ကျွန်တော်တို့ တစ်ကြိမ် တစ်ခါမှ မကြုံဖူးဘူးတဲ့ အတွေ့အကြုံသစ်တွေ ဆိုတော့ စိတ်ဝင်စားတာပေါ့။

အဲဒီလိုအချိန်မျိုးမျာ အဖေက မျက်နှာအပျက်ပျက် အယွင်းယွင်းဖြစ်ပြီး ဒေါနဲ့မော နဲ့ ၀င်ဟန့်တတ်တယ်။
“ဟေ့ကောင်နိုင်ဝင်း တော်ကွာ။ ငါ့သားကို မင်းရဲ့ ဗရုတ်သုတ်ခ အတွေ့အကြုံ တွေကို လာပြောပြမနေနဲ့။ ကျက်သရေ မရှိဘူး”
ဆိုရင် ဦးနိုင်ဝင်းက မျက်နှာငယ်လေးနဲ့-
“ဟုတ်... ဟုတ်ကဲ့ အစ်ကို”
ဆိုပြီး ခေါင်းကြီး အောက်စိုက်ပြီး ပြန်သွား တတ်တယ်။ ဒီလိုပြဿနာ တွေဖြစ်ပြီးလို့ ဦးနိုင်ဝင်း ပေါ် မလာတာ ကြာရင် အမေကတော့ သတိတရနဲ့ ပြောတတ်တယ်။

“ဟိုကောင်မလာတာ ကြာပြီ။ နောက်တစ်ခေါက် ၀င်သွားပြန်ပြီ ထင်တယ်”

ဆိုတာမျိုး။ တစ်ခါ တော့ ဦးနိုင်ဝင်း အရင်လို ပေါ်မလာဘဲ တစ်ခါပျောက် သွားပြန်တယ်။ အဲဒီတုန်းက လည်း တော်တော်လေး ကြာတော့ အမေက ထုံးစံအတိုင်း     “ဟိုကောင် ၀င်သွားပြန် ပြီလားမသိဘူး”
လို့ ပြောပြန်ရော။
ဒါပေမဲ့ ဒီတစ်ခါ ဦးနိုင်ဝင်း ပျောက်သွားတာက ကောင်းသော ပျောက်ခြင်းမျိုး ပါ။ ဘာဖြစ်လို့လဲဆိုတော့ လူသတင်း လူချင်းဆောင်ပြီး သတင်း သဲ့သဲ့က ကျွန်တော် တို့နားထဲကို ရောက်လာ တယ်။ ဦးနိုင်ဝင်း မိန်းမရ သွားတာတဲ့။ ဒီသတင်းကို ကြားပြီးလို့ သိပ်မကြာခင်မှာ အိမ်ကို ရောက်လာတော့ အမေ က
“နိုင်ဝင်းရယ်၊ သူများ သားသမီးကို ယူပြီးရင် အရင်လိုတော့ လုပ်ကိုင် မကျွေးပါနဲ့ ဟယ်။ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားပါ”
ဆိုတော့ ဦးနိုင်ဝင်းက
“ဟုတ်ကဲ့”
ဆိုပြီး ခပ်သွက်သွက် ခေါင်းညိတ်ပြတယ်။

ဒါပေမဲ့ လူတစ်ယောက် ရဲ့အကျင့် ဆိုတာက ဖျောက်ရ ခက်လေတော့ မကြာခင်မှာဘဲ ဦးနိုင်ဝင်းရဲ့သတင်းကို ကျွန်တော်တို့ ကြားခဲ့ရတယ်။ “နောက်တစ်ကြိမ် ၀င်သွားပြန်ပြီ”တဲ့။ ဒါဟာ ဦးနိုင်ဝင်း အတွက် မရိုးနိုင်တဲ့ သတင်း တွေပဲ။ ဒီအခါမှာ အဖေက ၀င်ပြီး မှတ်ချက်ချတယ်။

“ဒီကောင်က သူ့ခန္ဓာ ကိုယ်နဲ့ ကုန်ထမ်းစားရင်တောင် မငတ်ပါဘူးကွာ။ သူ ကိုယ်တိုင်က ဒီအလုပ်ကို မလုပ်ရရင် မနေနိုင်အောင် ဖြစ်နေတာ။ စောရနက္ခတ်နဲ့ များ ယှဉ်ပြီးမွေးထားသလား မသိပါဘူးကွာ”    တဲ့။

အဖြေမှန်ကတော့ ဦးနိုင်ဝင်းရဲ့ ဒုက္ခကို ဝေယူမယ့်သူ တစ်ယောက် ထပ်တိုးလာရ တယ် ဆိုပါတော့။ အဲဒါ တခြားသူ မဟုတ်ဘူး။ သူ့ မိန်းမ မယုဝေပဲပေါ့။ ထုံးစံ အတိုင်း ဦးနိုင်ဝင်းတစ် ယောက် ထောင်ထဲကို ၀င်လိုက် ထွက်လိုက် အကြိမ်ကြိမ်သာ လုပ်နေတာ ကလေးတွေကတော့ ဟောတစ်ယောက် ဟောတစ်ယောက်ပဲ။ အဲဒီ ကလေးတွေ ဆိုတာလည်း အပြိုင်းအရိုင်း ကြီးလာ လိုက်တာများ မသိရင် သင်တန်း ကျောင်း တစ်ခုခုက တစ်ပတ်စဉ်တည်း ဆင်းလာကြသူ တွေလို့တောင် ထင်ရလောက် တယ်။ မတ်တတ်များ တန်းစီ ရပ်နေရင် တစ်ညီတည်းပဲ။

တစ်ခါတလေ ထောင်က ထွက်လာပြီး အိမ်ရောက် ချိန်နဲ့ကြုံရင် ကျွန်တော်က  သူ့ကို စမိသေးတယ်။
“ဦးနိုင်ဝင်းတို့များ အပြင်မှာ နေရတဲ့ အချိန်က သိပ်မများလို့နော်။ အခုတောင် ဘယ်နှယောက်လဲ”
ဆိုရင် ဦးနိုင်ဝင်းက ပြုံးစိစိနဲ့ စဉ်းစားသလို လုပ်ရင်း ပြန်ပြောတတ်တယ်။

“ခုနစ်ယောက်”    တဲ့။

ဒါပေမဲ့ လူဆင်းရဲတို့ သဘာဝ အတိုင်း ကလေးတွေကို ပညာရယ်လို့ ကောင်း ကောင်း မသင်ပေး နိုင်ရှာပါဘူး။ ဒီတော့ သူ့ရဲ့ကလေးတွေကို လမ်းတွေပေါ်မှာ ဘဲဥပြုတ်၊ ကြက်ဥပြုတ် လိုက်ရောင်း နေတာမျိုး၊ အကြော်ရောင်း နေတာမျိုးတွေ ကို မကြာမကြာ တွေ့နေမြင် နေရတယ်။ ဒီကလေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိတ်မကောင်း ဖြစ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူးလေ။

ဒီလိုနဲ့ ကျွန်တော် ကိုယ်တိုင်လည်း တဖြည်းဖြည်းနဲ့ လူလားမြောက်လာတယ် ဆို ပါတော့။ ဦးနိုင်ဝင်းကတော့ ထုံးစံအတိုင်း သူ့အကျင့်ကို စွန့်နိုင်ပုံ မရသေးဘူး။ အိမ်ကို လည်း တစ်ခါတစ်ခါ ရောက် လာတုန်းပဲ။ ဒါပေမဲ့ အရင်လိုတော့ ခဏခဏ မလာဖြစ်တော့ဘူး။ သူ့မှာလည်း သား ရေးသမီးရေး မိသားစု အရေး တွေ ရှိနေမှာပေါ့။

တစ်ခါတလေမှာတော့ သူ့သားလေးတွေ၊ သမီးလေးတွေဟာ ဖရဲသီးလိုလို သင်္ဘောသီးလိုလို အသီးအနှံ လေးတွေ လိုက်ရောင်းရင်း ကျွန်တော်တို့ လမ်းတွေဘက်ကို ရောက်ရောက်လာတတ်တယ်။ ဒါဆိုရင် အမေက သူ့ကလေး တွေကို လှမ်းခေါ်၊ ဈေးဝယ်ရင်း၊ မုန့်ဖိုးပေးရင်း ဦးနိုင်ဝင်းရဲ့သတင်းကို မေးတတ်စမ်းတတ်တယ်။

အဲဒီလိုအခါမျိုးမှာ သူ့ သားလေးတွေ၊ သမီးလေး တွေက ခပ်သွက်သွက်ပြန် ပြောတတ်တယ်။
“အဖေက မော်စကိုမှာ” ဆိုတာမျိုး။ ဒါဆိုရင် အမေက-
“ဟဲ့... ဘယ်လောက် ကြာပြီလဲ”
ဆိုရင် ကလေးတွေက သူတို့အဖေ အထဲကို ရောက်နေတဲ့ ကာလ တစ်ခုကို ပြန်ပြော သွားကြတာပဲ။
ဒီလို အခါမျိုးမှာ အဖေ သာ အနားမှာ ရှိနေရင် မနေနိုင် မထိုင်နိုင် ၀င်ပြောတတ်တယ်။

“ငါပြောပါရောလား။ ဒီ ကောင်က ခွေးမြီးကောက် ကျည်တောက်စွပ်ပါလို့”

ဒီလိုနဲ့ ကျွန်တော်ကိုယ် တိုင်လည်း ပညာတင်မက ကြင်ရာပါစုံချိန် ရောက်လာ တယ် ဆိုပါတော့။ ဒါကြောင့် ကျွန်တော်နဲ့လက်ထပ်မယ့် ဇနီးလောင်းရဲ့အိမ်ကို လူကြီး စုံရာနဲ့ သွားတောင်း၊ နေ့ ကောင်းရက်သာရွေးပြီး မင်္ဂလာ ဆောင်ဖို့ ပြင်ဆင်ကြ တယ်။

ကျွန်တော့် မင်္ဂလာဆောင်အတွက် သတ်မှတ် ထားတဲ့ရက်က မေလဆန်း ပိုင်းဆိုတော့ ရာသီဥတုအနေနဲ့ အတော့်ကို ပူတဲ့ရာသီ ဖြစ်နေတယ်။ ဒါကြောင့် မင်္ဂလာပွဲ အတွက် ဇနီးလောင်းရဲ့အိမ် ရှေ့မှာ မဏ္ဍပ်ထိုး၊ ဧည့်ခံပွဲ အတွက် ပြင်ဆင်ကြရတာဟာ  လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ကူညီဝိုင်းဝန်းကြတဲ့သူ တွေအားလုံး ချွေးတလုံးလုံးနဲ့။ တစ်ယောက်နဲ့ တစ်ယောက် ပြောကြဆိုကြ နောက်ကြပြောင်ကြနဲ့ ပတ် ၀န်းကျင်တစ်ခုလုံးဟာ အုန်းအုန်းကျက်ကျက် ဆူဆူညံညံ ကို ဖြစ်နေတော့တာ။

သေချာတာက ကျွန်တော် ကိုယ်တိုင်လည်း သတို့ သားလောင်းသာ ဆိုတယ် ဟိုဟာလုပ် ဒီဟာလုပ်နဲ့ တစ်ချက်မှ နားရတယ် မရှိဘူး။ ဒီ အချိန်မှာ အိမ်ရှေ့ကို ကျွန်တော် လုံးဝမျှော်လင့်မထား တဲ့လူတစ်ယောက် ဘွားဘွား ကြီးရောက်လာခဲ့တယ်။ အဲဒီလူက အထူး ပြောစရာ မလိုတဲ့ ဦးနိုင်ဝင်းပဲပေါ့။ မင်္ဂလာ ဆောင်အတွက် ပြင်ဆင်နေကြ တဲ့အချိန်လည်းဖြစ်၊ မဏ္ဍပ် ထိုးဖို့ ကျင်းတူးတဲ့သူကတူး၊ တိုင်စိုက်တဲ့သူက စိုက်နေကြ တဲ့အချိန်မှာ ရုတ်တရက် သူ ရောက်လာတော့ ကျွန်တော် အတော် အံ့သြသွားတယ်။

အမေဆိုတာ ပါးစပ် အဟောင်းသားနဲ့ ဘာပြောလို့ ဘာဆိုရမှန်းတောင် မသိ တော့တဲ့ ပုံမျိုး။ ကျွန်တော် ကိုယ်တိုင်လည်း တခြား အချိန် တခြားနေရာမှာ ဆိုရင် ဘာမှ ပြောစရာ မရှိပေမယ့် ဒီ နေရာမှာတော့ သူ့ကို မတွေ့ချင်ဘူးလေ။ သူ့ရဲ့ လက်ဆော့ခြေဆော့ အကျင့်က ကျွန်တော်တို့ မိသားစုကို ကောင်း ကောင်းကြီး ဒုက္ခပေးသွားနိုင် တယ်။ အခု ကျွန်တော် ရှိနေတဲ့ ဇနီးလောင်းရဲ့အိမ်က ဘာမှ မယူဘူးထား၊ အနားအိမ် တွေက တစ်ခုခုကို အလွယ် လုပ်သွားရင် ဆိုတဲ့ အတွေးက ကျွန်တော့်ရဲ့အသိစိတ်ကို ခပ်ပြင်းပြင်း ခြောက်လှန့်လာ တယ်။ ဒါမျိုး ဖြစ်ခဲ့မယ် ဆိုရင်လည်း ဒီပတ်ဝန်းကျင်မှာ ကျွန်တော် အရှက်ကွဲပြီ။

နောက်ပြီး ဒီပတ်ဝန်းကျင်က ကျွန်တော် တစ်ခါမှ မဆက်ဆံဖူးသေးတဲ့ ပတ်ဝန်းကျင် အသစ်။ ပိုဆိုးတာက အခုတွေ့နေရတဲ့ လူတွေဟာလည်း တစ်ခါမှ ရင်းနှီးဖူးတဲ့ သူတွေ မဟုတ်ဘူး။ သေချာတာက ဦးနိုင်ဝင်းကြောင့် မျက်နှာ ပူစရာတွေ ကြုံလာရ ရင်တော့ မိဘတွေရဲ့ သိက္ခာ၊ ဒီကနေ့မှ ကျွန်တော့်ကို ခင် ပွန်းတော်ရမယ့် ဇနီးလောင်းရဲ့ ဂုဏ်သိက္ခာတွေ အတွက် ကျွန်တော် စဉ်းစားလို့ မရနိုင် အောင်ကို ဖြစ်နေတော့တာ။

ကျွန်တော့်မှာ အဲဒီစိုးရိမ် စိတ်တွေကြောင့် ဦးနိုင်ဝင်းကို ပါးစပ် အဟောင်းသားနဲ့ ကြည့်နေတုန်းမှာ ဦးနိုင်ဝင်းက ခါးတောင်းတောင် ကျိုက် ပြီးနေပြီ။ ဒါကို ကျွန်တော်က
“ဦးနိုင်ဝင်း ဘာလုပ် မလို့လဲ”

ဆိုပြီး အထိတ်တလန့် မေးမိတော့ ဦးနိုင်ဝင်းက
“မဏ္ဍပ် ဆင်မလို့လေ”
ဆိုပြီး ၀တ်လာတဲ့ သူ့ရဲ့ အင်္ကျီ ခပ်နွမ်းနွမ်းလေးကို လက်ထဲမှာတင် လုံးပြီး အိမ်ရှေ့ကခြံစည်းရိုးမှာ ညှပ်ထားလိုက်တယ်။ နောက်တော့ မပြီးသေးတဲ့ ကျင်းတွေတူး၊ တိုင်တွေစိုက် လုပ်တော့တာ ပဲ။ ဒါကို အမေက ကျွန်တော့်ကို အဓိပ္ပာယ်ပါပါ လှမ်း ကြည့်တယ်။ ကျွန်တော်လည်း ဘာပြောလို့ ဘာဆိုရ မှန်းမသိဘဲ အမေ့ကို ကြည့်လိုက်၊ ဦးနိုင်ဝင်းကို ကြည့်လိုက်နဲ့ ဂနာမငြိမ် ဖြစ်လာတယ်။

ဦးနိုင်ဝင်းကတော့ ခပ်အေးအေးပဲ။ သူလုပ်စရာတွေကိုလည်း တစ်ခုချင်း လိုက်လုပ်နေတယ်။ ရပ်ကွက်ထဲက လူငယ်တွေနဲ့လည်း ချက်ချင်း ဆိုသလို အဖွဲ့ကျ သွားတော့တာပဲ။ ကျွန်တော့်အတွက်က တော့ အဲဒီအချိန်မှာကတည်းက စိတ်ထဲမှာ မလွတ်လပ် တော့ဘူး။ သူ့ကိုပဲ အရိပ် အခြည်ကြည့်နေရတော့တာ။ သူကတော့ ရှိသမျှ အလုပ်တွေ အားလုံးဟာ သူ့တစ်ယောက် တည်းရဲ့ အလုပ်တွေလို့ သဘောထား နေရော့သလား မသိပါဘူး။ နေပူကြီးထဲမှာ ကျောပြောင်ကြီးနဲ့ အားကြိုး မာန်တက် လုပ်နေတော့တာ ပဲ။

မနက် အုန်းနို့ခေါက်ဆွဲ ချက်ဖို့ ရေလိုတယ် ဆိုလိုက် တာနဲ့ ရေပုံးကို ကောက်ဆွဲပြီး တိုင်ကီလေး ငါးစည်တော့ ပြည့်အောင် ဆွဲဖြည့်လိုက်တာ ပဲ။ လိုအပ်လာတဲ့ စားပွဲ၊ ကုလားထိုင်၊ ဟင်းချက်အိုး၊  ပန်းကန်ခွက်ယောက် အဆုံး အလုပ်တွေ အားလုံးကို အပြေးလုပ်နေတဲ့ အပြင် “ထင်းလိုပြန်ပြီ” ဆိုရင်လည်း သူပဲအပြေးဝယ်။ ကြီးနေတဲ့ ထင်းတုံးကြီးတွေကိုလည်း တဖြန်းဖြန်းခွဲနဲ့ သူတစ်ယောက်တည်း ဂျင်ခြေလည် အောင်ကို လုပ်နေတော့တာ။ အဲဒီအခါမှာ အမေက ကျွန်တော့်အနား ကပ်လာပြီး တိုးတိုးလေး ပြောတယ်။

“ဒီလိုတော့လည်း အားကိုးရသားပဲ သားရဲ့” တဲ့။ ကျွန်တော်ကတော့ သက်မကို ချရင်း
“သိပ်လည်း ချီးမွမ်း မနေနဲ့ဦး အမေ။ ပတ်ဝန်းကျင်က တစ်ခုခုကို ကပ်ဆွဲ သွားမှ ဟုတ်ပေ့ဖြစ်နေဦး မယ်”

လက်ရှိ အခြေအနေ အရ ကျွန်တော့်မှာက မြွေပွေးကို ခါးပိုက်ထဲ ထည့်ထားမိတဲ့သူ လို အထိတ်ထိတ် အလန့်လန့်နဲ့ စိတ်သွားတိုင်း ကိုယ်မပါ နိုင်အောင် ဖြစ်နေရတော့တာ။ ဒါမှမဟုတ်ရင်လည်း မိုင်းဗုံး တစ်လုံးကို ကိုင်ထားရတဲ့သူ လို ဘယ်အချိန် ထပေါက်မ လဲဆိုတာကို ရေရေရာရာမသိ နိုင်တော့တဲ့ ဘ၀။ ဒါကြောင့် ဘ၀မှာ အပျော်ဆုံးလို့ ဆိုတဲ့ အချိန်သုံးပါးထဲက မင်္ဂလာ ဆောင်တဲ့ အချိန်မှာတောင် မပျော်နိုင်တဲ့ အခြေအနေလေ။

တစ်ခါတလေ ကျတော့လည်း ကိုယ့်ဆီကို ဒီလောက် လာကူညီနေတာ ဒီလို အတွေးမျိုးတော့ မထား သင့်ဘူးလေလို့ ကိုယ့်ကိုယ် ကိုယ် အားပေးရင်း သောကတွေကို မသိမသာ ဖြေဖျောက် နေရပြန်တယ်။ ဦးနိုင်ဝင်း ကတော့ အလုပ်ကို တကယ့်ကို ကျားစီးဖားစီး လုပ်နေရှာတာ။ မျက်နှာကတော့ ထုံးစံ အတိုင်း ပြုံးစိစိနဲ့။ တစ်ခါ တလေ ကျွန်တော်နဲ့လက် ထပ်မယ့် ဇနီးလောင်းကိုပါ လှမ်းလှမ်းပြီး အကဲခတ် လိုက်သေးတယ်။

သိပ်မကြာခင်မှာပဲ  မင်္ဂလာဆောင်မှာ ဖွင့်မယ့် ဆောင်းဘောက်စ်တွေ၊ စက်တွေ ရောက်လာတယ်။ အဲဒီ ပစ္စည်းတွေကို မဏ္ဍပ်ထဲမှာ နေရာချဖို့ ဟိုရွှေ့ဒီထားနဲ့ နေရာ မကျနိုင်အောင် ဖြစ်နေ ကြတယ်။ အဓိက ပြဿနာက ဆောင်းဘောက်စ်တွေ တင် စရာ စားပွဲခုံကောင်းကောင်း မရှိတာပဲ။ ရှိတဲ့ ခုံတွေကလည်း ဟိုဟာတင် ဒီဟာ ထားနဲ့ အဆင်မပြေနိုင်အောင် ဖြစ်နေခဲ့ကြရတယ်။ ဒီအချိန် မှာ အိမ်ရှေ့အိမ်က ကောင် မလေးက စားပွဲတွေလိုရင် သူ့ အိမ်မှာ လာယူဖို့ပြောတော့ ကျွန်တော်တို့အတွက် အဆင် ပြေသွားတာပေါ့။ ဒါပေမဲ့ ကျွန်တော့်ခေါင်းထဲမှာ အဲဒီ စားပွဲတွေကို ဘယ်သူသွားယူ မလဲဆိုတဲ့ ပြဿနာက ပေါ် လာပြန်ရော။ ဒီတော့ ကျွန် တော်က ရုတ်တရက်ဆုံးဖြတ်ပြီး ၀မ်းသာအားရနဲ့
“အေး... ကျေးဇူးပဲ ညီမရယ်။ အဲဒီစားပွဲတွေကို ကိုယ်လာယူပါ့မယ်”
ဆိုပြီး စကားကို ပိတ်ထားလိုက်ရတယ်။

ဒါမှလေ။ အဲဒီလိုမှ မဟုတ်ရင် ဦးနိုင်ဝင်းက သူ သွားမယ်ဆိုရင် ခက်ဦးမယ်။ ဒါနဲ့ ကျွန်တော်လည်း အိမ်ရှေ့ အိမ်ပေါ်ကို အမှတ်တမဲ့ တက်လာခဲ့လိုက်ရတယ်။ ယူရမယ့် စားပွဲက အပေါ်ထပ်မှာ ဆို တော့ နည်းနည်းခက်မယ့် သဘောရှိတယ်။ ဒါကြောင့် အိမ်သူ အိမ်သားတွေကို အနီး အနားမှာ ရှိလိုရှိငြား ရှာကြည့် တော့ ဘယ်သူ့ကိုမှ မတွေ့ရ ဘူး။ သူများ အိမ်ဆိုတော့ အနားမှာ တစ်ယောက်ယောက် ရှိနေမှကို ပိုကောင်းမှာလေ။

အဲဒီအချိန်မှာ ဦးနိုင်ဝင်းက ကျွန်တော့် အနားကိုတောင် ရောက်နေပြီ။ ဒီအိမ်ပေါ်ကို သူ ဘယ်လို ရောက်လာသလဲ ဆိုတာတောင် ကျွန်တော် သတိ မထားလိုက်မိဘူး။ ရင်ထဲမှာလည်း တဒိုင်းဒိုင်းခုန် လာတယ်။ တစ်ခုခု အမှား မှားအယွင်းယွင်း ဖြစ်လာရင်တော့ ဒုက္ခပဲလို့ တွေးပူမိ လိုက်သေးတယ်။
“ဘယ်စားပွဲကို သယ်ပေးရမလဲ”

ဦးနိုင်ဝင်းရဲ့ အမေးကြောင့် ကျွန်တော်လည်း မြန်မြန်ပြီး အေးရောဆိုတဲ့ သဘောနဲ့ စားပွဲ တစ်လုံးကို လက်ညှိုးထိုးပြလိုက်ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခြား စားပွဲတစ်လုံးကို ယူ ထုတ်ဖို့ ပြင်လိုက်တယ်။ ဒါ ပေမဲ့ စားပွဲပေါ်မှာ စာအုပ်တွေ၊ ပန်းအိုးတွေ ရှိနေတော့ အဲဒါတွေပါ ဖယ်နေရသေး တယ်။ ပြီးတော့ စားပွဲခင်းကလည်း ရှိသေးတော့ အဲဒါကို အရင်ယူ သေသေချာချာ ခေါက်ပြီး ကုလားထိုင် တစ်ခု ပေါ် တင်ပေးထားလိုက်တယ်။ ပြီးမှ စားပွဲကို စိတ် ရှည်လက်ရှည် ရွှေ့ယူရတယ်။

အဲဒီအချိန်မှာပဲ နောက်မှာရှိနေတဲ့ ဦးနိုင်ဝင်းက ကျွန် တော့်ပခုံးကို လာတို့တယ်။ ဒါနဲ့ ကျွန်တော်လည်း သူ့ကို လှည့်ကြည့်လိုက်တော့ ကျွန်တော့်ကို အထုပ်တစ်ထုပ် လာပေးတယ်။ ပါးစပ်က လည်း ပြောလိုက်သေး တယ်။
“ဒီစားပွဲခင်းအောက်က တွေ့တာ” တဲ့။

သူပေးလာတဲ့ပစ္စည်း ကို ကျွန်တော် ယူကြည့်လိုက် တော့ ငယ်ထိပ်ကို မြွေပေါက် ခံလိုက်ရသလို ပျာခနဲဖြစ် သွားတယ်။ နောက်ပြီး မယုံ နိုင်အောင် အံ့သြနေလိမ့်မယ် ထင်ရတဲ့ မျက်လုံးမျိုးတွေနဲ့ အသက်အောင့်ပြီး သူ့ကို ကြည့်နေမိတယ်။ သူလှမ်း ပေးလို့ ကျွန်တော့်ဆီရောက် လာတဲ့ပစ္စည်းတွေက သုံး လက်မထုလောက် ရှိတဲ့ ငွေတွေ။ တစ်ထောင်တန်တွေမှ အသစ်ကျပ်ချွတ်တွေ။

“ဘုရား... ဘုရား... ဘုရား...”

ကျွန်တော့်နှုတ်က ဘု ရားကိုသာ အကြိမ်ကြိမ်တ နေလိုက်မိတော့တယ်။ ကျွန် တော့်မှာလေ ဦးနိုင်ဝင်းကို ကျေးဇူး တင်လိုက်ရတာ ပြောမနေပါနဲ့တော့။ နောက်ပြီး သူ့လက်ထဲက ပိုက်ဆံထုပ်ကို ခန့်မှန်းမိတော့ အနည်းဆုံး သုံးသိန်းလောက်တော့ ရှိမှာပေါ့။ ဒီငွေဟာ ဦးနိုင်ဝင်းလို လူအတွက် နည်းတဲ့ပမာဏ မဟုတ်ဘူး။ သူ့မိသားစု အတွက် တကယ့်ကို အထောက်အကူ ဖြစ်နိုင်တဲ့ တန်ဖိုး။ အခု ဒီအခွင့်အရေး ကို ပယ်ဖျက်ပြီး ကျွန်တော့် ဂုဏ်သိက္ခာအတွက် ငဲ့ကွက် ပေးလာတဲ့ ဦးနိုင်ဝင်းကို ကျေးဇူးတင်လို့ မဆုံးနိုင် အောင်ပါပဲ။ ဒါနဲ့ ကျွန်တော်က အဲဒီ ပိုက်ဆံထုပ်ကို အိမ်ရှင်ဖြစ်တဲ့ ကောင်မလေးကို မျက်ရိပ်ပြခေါ်ပြီး ပေးလိုက်ရတယ်။ ကောင်မလေး ကိုယ်တိုင်ကလည်း အံ့သြတကြီးနဲ့
“ဟယ်... ဟုတ်ပါရဲ့၊ မေ့နေလိုက်တာ”    ဆိုပြီး ပြန်ယူသွားတယ်။

ဦးနိုင်ဝင်းကတော့ ကျွန်တော့်ကို ပြုံးပြီးကြည့်နေ လိုက်တာများ အခုထိ မျက်စိထဲက မထွက်နိုင်သေးဘူး။ ပြီးတော့ စားပွဲတွေယူ၊ မဏ္ဍပ်ထဲပြန်ဝင်လာနဲ့ လုပ်လက်စ အလုပ်တွေကို ကိုယ်စီ ကိုယ်င ဆက်လုပ်နေကြတာ ပေါ့။ ဒီလိုနဲ့ ဦးနိုင်ဝင်းဟာ တစ်ညလုံး အိပ်ရတယ်လည်း မရှိရှာပါဘူး။ နောက် တစ်နေ့မနက် မင်္ဂလာဆွမ်း ကျွေးဖို့ ဘုန်းကြီးတွေကြွလာ တဲ့အချိန်အထိ သူ့ကို မဏ္ဍပ်မှာ ပူပေါင်းတွေ လိုက်ချိတ် နေတာကို တွေ့လိုက်ရသေး တယ်။ ဒါဆိုရင် ဦးနိုင်ဝင်း တစ်ယောက် တစ်ညလုံး မအိပ် ရသေးဘူး ဆိုတဲ့ သဘောပေါ့။

ထားပါတော့။ မနက်မိုး လင်းလာတော့ ရောက်လာသမျှ ဧည့်သည်တွေကို လိုက် ဧည့်ခံရင်း သူ့ကို မသိမသာ အကဲခတ်ကြည့်လိုက်ရင် ဟင်းအိုးကို မီးထိုးနေတာမျိုး၊ ယောက်ျားကြီးတန်မဲ့ ပန်း ကန်တွေ ထိုင်ဆေးနေတာမျိုး။ တစ်ခုမဟုတ် တစ်ခု တွေ့နေရတယ်။ ကျွန်တော့်စိတ်ထဲမှာ သူ့ကို ကျေးဇူးတင်လို့ကိုမဆုံး နိုင်ဘူး။ သူ့တစ်ယောက်တည်းရဲ့လုပ်အားကလည်း တကယ့်ကို အားကိုးထိုက်စရာပဲလေ။ ဒါနဲ့ မင်္ဂလာဆောင်ကို လာတဲ့ ပရိသတ်တွေနည်း သွားပြီး ပစ္စည်းပစ္စယတွေ သိမ်းကြဆည်းကြတော့လည်း သူပဲ။ မဏ္ဍပ်ဖျက်၊ အိုးတိုက်၊ ပန်းကန်ဆေး စတဲ့ အလုပ်တွေ အပြင် အောက်ခြေသိမ်း အူမ ချေးခါးမကျန် မမောမပန်း လုပ်နေတာလည်း သူပဲ။

အားလုံး ကိစ္စ၀ိစ္စတွေ ပြီးသွားတော့မှ ကျွန်တော်တို့ မိသားစုလည်း တစ်ယောက် နဲ့တစ်ယောက် စကားပြောနိုင် ကြတော့တယ်။ ဦးနိုင်ဝင်း ဆိုတာလည်း မလှုပ်နိုင် မသယ် နိုင်အောင်ကို ပင်ပန်းသွားတဲ့ လက္ခဏာမျိုးနဲ့ ခွေးခြေ ကလေးတစ်လုံး ပေါ်မှာ ခြေ ပစ်လက်ပစ် ထိုင်နေရှာတယ်။ အဲဒီအချိန်မှာပဲ အမေက ကျွန်တော့်ကို
“သား... မင်းဦးလေးကို မုန့်ဖိုး ပေးလိုက်ဦးလေ”

ဆိုတော့ ကျွန်တော်က
“ဟုတ်ကဲ့၊ ကျွန်တော် ပေးမလို့ပါ အမေ”
လို့ဆိုရင်း ဦးနိုင်ဝင်း အနားကို ရောက်သွားတော့ ကျွန်တော့်ကို ထုံးစံအတိုင်း ပြုံးပြပြန်တယ်။ ဒါနဲ့ ကျွန် တော်က
“ဦးနိုင်ဝင်းရေ... ဘယ်လိုမှ သဘောမထားနဲ့ နော်”
ဆိုပြီး ငွေငါးထောင် ထုတ်ပေးတော့ ဦးနိုင်ဝင်းက မျက်လုံးကြီး ပြူးရင်း အကြောက်အကန် ငြင်းတယ်။ လုံးဝ မယူဘူး။ အမေက လည်း ၀င်ပြောတယ်။

“ဟဲ့... နိုင်ဝင်း၊ နင့်တူ စိတ်မကောင်း ဖြစ်နေဦးမယ်။ ယူထားလိုက်”
ဆိုတာတောင် သူက ခေါင်းခါနေတုန်းပဲ။ ပြီးတော့ ပါးစပ်ကလည်း ပြောသေးတယ်။

“ကျွန်တော် သူ့ကို လက်မဖွဲ့နိုင်ဘူး မမရယ်။ ဒီလောက်ကလေး လုပ်ပေးရ တာတောင် အားမရသေးဘူး။ဒါကြောင့် မယူပါရစေနဲ့”

ဆိုပြီး မနေ့က ခြံတိုင်မှာ ချိတ်ထားခဲ့တဲ့ သူ့ရဲ့အင်္ကျီလေးကို ကောက်စွပ်ရင်း ခြံ အပြင်ဘက်ကို ငိုက်စိုက်ငိုက် စိုက်နဲ့ ထွက်သွားတယ်။ ပြီးတော့ ခြံရှေ့အရောက်မှာ တစ်ခုခုကို ပြောစရာ ကျန်နေပုံနဲ့ တွေတွေကြီး ရပ်နေတယ်။ နောက်ပြီး အိမ်ထဲက ကျွန်တော်တို့ကို လည်ပြန် ကြည့်တယ်။ ဒါနဲ့ ကျွန်တော် လည်း သူ့အနား ပြေးကပ် သွားပြီး အလောတကြီး မေးလိုက်တယ်။

“ပြော ဦးနိုင်ဝင်း၊ ပြော။ ကျွန်တော့်ကို အားမနာနဲ့”
ဆိုတော့ သူ့မျက်လုံးမှာ ညှိုးရိပ်သမ်းနေပြီး အထစ် ထစ်အငေါ့ငေါ့နဲ့ ခက်ခက်ခဲခဲ ပြောရှာတယ်။

“ဦးကို သိပ်ပေးချင်ရင် ပိုက်ဆံတော့ မပေးပါနဲ့။ မနက်ကကျန်တဲ့ အုန်းနို့ခေါက် ဆွဲလေးနဲ့ ဟင်းရည်လေးသာ နည်းနည်းလောက် ပေးပါ။ ဦး ရဲ့သားလေးတွေနဲ့ သမီးလေးတွေ မနေ့ကတည်းက ထမင်း မစားရသေးလို့ပါ”

ဦးနိုင်ဝင်းရဲ့ စကားတွေဟာ ကျွန်တော့်ရင် တစ်ခုလုံးကို ဗြောင်းဆန် သွားစေတယ်။ မျက်လုံးထဲမှာလည်း မနေ့တုန်းက ကျွန်တော့်ကို ကမ်းပေးလာတဲ့ ပိုက်ဆံထုပ်ကြီး ကို ဖျတ်ခနဲ ပြန်မြင်နေမိ တယ်။

မောင်နှင်းပန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၁)

No comments:

Post a Comment