Saturday, October 1, 2011

ရေမွန်းငါး

၁။
အခုတစ်လော၊ နေ့စဉ် ရက်ဆက်ဆိုသလို သူ၊ အိမ်မက်တွေချည်း မက်နေတတ်သည်။ သူမက်နေသမျှ အိမ်မက်တွေက ဘာကို ကိုယ်စားပြုသလဲ။ ဘယ်အဓိပ္ပာယ်ကို ဆောင်သလဲ။ အကောင်းလား။ အဆိုးလား ဘာကြောင့် ခဏခဏ မက်နေရတာလဲ ဆိုသည်ကို သူကိုယ်တိုင်လည်း ကွဲကွဲပြားပြား မသိ။ သူ့အနေဖြင့် အိမ်မက်တွေနှင့် ပတ်သတ်၍ ဇနီးဖြစ်သည့် မနွဲ့ကိုတောင် မပြောရဲ။ မဖြစ်မနေ ပြောမိလျှင်လည်း၊ မနွဲ့က သူ့အိမ်မက်တွေကို ရယ်စရာ ပြက်လုံးတစ်ခုလို သဘောထားကာ ခွက်ထိုး ခွက်လန်ရယ်မောလိမ့်မည်။ ထို့အပြင် သူ့စိတ်တွေ ကယောင်ချောက်ချား ဖြစ်နေပြီလား ဟူသော စူးစမ်းသည့် အကြည့်မျိုးနှင့် မကြာခဏ အကဲခတ်လိမ့်ဦးမည်။ သူ့အိမ်မက်တွေကလည်း ကြားရသူများ အတွက် အလွန်ရယ်စရာကောင်းနေသည်။

အိမ်မက်ထဲတွင် ညစဉ်မပြတ် မြင်မက်နေရသူများက ကမ္ဘာကျော် မီလျံနာကြီးများ၊ ဘီလျံနာကြီးများ အပြင်၊ အားကစားလောကမှ ထင်ရှားကျော်ကြားသည့် သန်းကြွယ် သူဌေးများလည်း ပါဝင်သည်။ ခက်သည်က သည်လူတွေကို သူမမြင်ဖူးဘူး။ တီဗွီ၊ ဗီဒီယိုများထဲတွင် မဆိုထားနှင့် ယုတ်စွ အဆုံး ဂျာနယ် မဂ္ဂဇင်းများထဲတွင်ပင်၊ တစ်ခါမျှ မတွေ့ဖူးခဲ့။ တစ်ခါတစ်ရံတွင် ကမ္ဘာကျော် သန်းကြွယ် သူဌေးကြီး ဘီလ်ဂိတ်က သူ့ကို ဖိတ်ခေါ်ကာ အစားအသောက်များဖြင့် တည်ခင်း ဧည့်ခံတတ်ပြီး၊ တစ်ခါတစ်ရံတွင် ရေနံသူဌေး မိုဗစ်ခ်ျလို ပုဂ္ဂိုလ်မျိုးက သူ၏ကမ္ဘာကျော် ဇိမ်ခံ ရွက်လှေကြီးပေါ်သို့ ဖိတ်ကြားကာ၊ တံစိုးလက်ဆောင် များပေးခြင်း၊ ဗော်ဒ်ကာများဖြင့် ဧည့်ခံခြင်း၊ တစ်ခါတစ်ရံတွင် ကမ္ဘာကျော် သန်းကြွယ် အားကစားသမားများက တဖိတ်ဖိတ် လက်နေသော နောက်ဆုံးပေါ် ကားများဖြင့် လာရောက် ခေါ်ငင်ကာ ကပွဲ ခန်းမများ၊ ဟိုတယ်လ်ကြီး များ၊ စားသောက်ဆိုင်ကြီး များသို့ သွားရောက်ကာ၊ စားကြသောက်ကြ ဈေးဝယ်ကြ နှင့် အလွန်ပျော်စရာ ကောင်း နေတတ်သည်။ သူ့အနေဖြင့် ပို၍ပျော်ရွှင် ကျေနပ်စရာ ကောင်းနေတတ်သည်က အိပ်မက်များ ထဲတွင် ထိုပုဂ္ဂိုလ်တို့နှင့် တွေ့တိုင်း၊ သူ၏လက်စွဲတော် ဖြစ်သည့် ချိုင်းထောက်နှစ်ခု ပါမလာခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အိပ်မက်များကို သူ့အနေနှင့် တစိမ့်စိမ့်ကျေနပ် နေရခြင်းလည်း ဖြစ်ပါသည်။

အခုလည်းကြည့်။ သူ။ မနိုးခင် ကလေးကမှ မက်နေခဲ့ပြီးသော အိပ်မက်ကလေးကို ကြည်နူးစွာဖြင့် ပြန်လည် စဉ်းစားနေခဲ့မိသည်။ အိပ်မက်ထဲတွင် သူကိုယ်တိုင် နာမည် မမေးလိုက်မိသော မိန်းကလေး တစ်ဦးက အလွန် စည်ကားလှသောမြို့တော်ကြီး တစ်ခုကို ခေါ်သွားခဲ့သည်။ ထိုမြို့တော်ကြီးသည် ကြီး ကျယ် ခမ်းနားလွန်းလှပြီး လျှပ်စစ်မီးရောင် တထိန်ထိန်ဖြင့် လှချင်တိုင်း လှနေခဲ့သည်။ မိုးကို ထိနမ်းလုမတတ် မြင့်မားလှသော အဆောက်အအုံတွေ၏ ခြေရင်းများတွင် သူ နှင့် မိန်းကလေးတို့ သွက်လက်စွာ လှုပ်ရှား သွားလာနေကြသည်။


“ယောက်ျားဖြစ်ပြီး ဘယ်နေရာမှ ၀ီရိယ မရှိဘူး။ ကိုယ်က သူများထက် ၀ီရိယ စိုက်နိုင်မှ ထမင်းနပ်မှန်မယ် ဆိုတာလည်း သိရက်သားနဲ့။အားအားရှိ ပျင်းနေတာနဲ့ အချိန် ကုန်နေတာပဲ”

သွားပြီ။ တစ်နေ့တာ အတွက် သူ၏ ကြည်နူးစရာ အကောင်းဆုံး အချိန် ကလေးမှာ မျက်စိ ပွင့်သည်နှင့် တွဲလျက်ပါလာသော မနွဲ့၏ ဖရုဿဝါစာတွေနှင့် ရောထွေး ပျောက်ကွယ်သွားပြီ။ ထို့ကြောင့် သူက အိပ်ရာထဲမှ ဖင်ဒရွတ် ဆွဲထပြီး ခြင်ထောင် ဖွင့်ထွက်လိုက်ရသည်။ ခြင်ထောင် အပြင် ရောက်တော့ အိပ်ရာနံဘေးတွင် ယှဉ်လျက်ချထားသော ချိုင်းထောက်ကလေးကို အားယူထပြီး မျက်နှာ ပြေးသစ်လိုက်ရသည်။ ပြီးနောက် အ၀တ်အစားကို အမြန်လဲကာ စိုက်ပျိုးရေး ဥယျာဉ်ရှိရာသို့ အပြေး ထွက်လာ လိုက်ရသည်။

သူသည် အရင်က ဒီလမ်းပေါ်တွင် ဒီအချိန် သွားတိုင်း မြန်ဆန် တက်ကြွနေတတ်ခဲ့သော်လည်း ယခုတော့ ထိုသို့မဟုတ်။ သူ့စိတ်က စိုက်ပျိုးရေး ဥယျာဉ်ရှိရာသို့ ရောက်လာမှာကို အရမ်းစိုးရိမ် နေသည်။ ထိုမှတစ်ဆင့် ဈေးရောင်းသွားရမှာကိုလည်း ထိတ်လန့် ကြောက်ရွံ့နေခဲ့ရသည်။ ဈေးရောင်း မထွက်ပြန်လျှင်လည်း မနွဲ့၏ မြည်တွန် တောက်တီးမှုများ၊ အလိုမကျ ခြင်းများနှင့် ရက်လုပ်ထားသည့် သားသမီး သုံးယောက်၏ ငိုယိုသံများ၊ မပြည့်စုံခြင်းနှင့် ထပ်တူကျနေသည့် သူ ကိုယ်တိုင်၏ သက်ပြင်းမောတို့ဖြင့် အချိန်တွေကို ဖဲ့ခြွေ နေရလိမ့်မည်။ ထို့ကြောင့် အိမ်မှာနေရသည်ထက် စာလျှင် အနည်းဆုံး တစ်မနက်စာ လောက်တော့ အသက်ရှူ ချောင်လိမ့်မည်ဟု ယူဆကာ ထွက်လာခဲ့ရခြင်းလည်း ဖြစ်ပါသည်။

သူဦးတည်ရွေ့လျားနေသော စိုက်ပျိုးရေး ဥယျာဉ်ခြံသည် ရာသီပေါ် သီးနှံများနှင့် တကွ ပန်းအမျိုးမျိုးကို စိုက်ပျိုး ရောင်းချသော ခြံတစ်ခု ဖြစ်သည်။ ခြံဟု ဆိုသော် လည်း ရပ်ကွက် တစ်ခုစာ နီးပါးမျှ ကျယ်ဝန်းသည်။ ထိုခြံ ထဲတွင် သူ့အခင်းနှင့် သူ၊ သူ့ မြေနှင့်သူ တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြီး ပြန်လည်ရောင်း ချသူများ စုပေါင်း နေထိုင်ကြသည်။

သူက ထိုဥယျာဉ်မှ ရွှေ ပန်း၊ ငွေပန်း၊ စံပယ်ပန်းများကို ဖောက်သည် ယူကာ ပြန်လည် ရောင်းချခြင်းဖြင့်၊ သူနှင့် သူ့မိသားစု၏ အသက် သွေးကို ကျားကန်ထိန်းမတ် ထားခြင်းဖြစ်သည်။ အရင်က ဆိုလျှင် သူက အခြား သူများထက် ဦးအောင် အိပ်ရာမှထ။ ချိုင်းထောက် နှစ်ဖက်ကို အားယူ၍ ခြေစုံလှမ်းကာ ဥယျာဉ် ရှိရာသို့ အူယားဖားယား ပြေးနေကျ။ ဥယျာဉ်သို့ ရောက်လျှင် ခြံရှင်က အဆင်သင့်တွဲ သီထားသော ပန်းကုံးများကို ယူကာ ကားမှတ်တိုင်ဆီသို့ ပြန်ပြေးရသည်။
ထိုအခါသူ၏ ခြေလှမ်းများသည် အခြား လူကောင်းတို့၏ ခြေလှမ်းများထက် ပို၍ သာသည်ကတော့ အမှန်ပင်။ သူက ခြေထောက်ကို ချည်းအားကိုးခြင်း မဟုတ်ဘဲ၊ လက်ကိုပါ စည်းဝါး ကျကျ ပေါင်းစပ် ရွေ့လျားရသူဖြစ်သည်။ ချိုင်းထောက် နှစ်ဖက်ကို ရှေ့သို့ စုံပစ်လိုက်ပြီး မြေပြင်တွင် ထောက်ကာ ခန္ဓာကိုယ်ကို လွှဲ၍ လွှဲ၍ သွားနေပုံမှာ ရွေ့လျားနေသော နာရီတစ်လုံး၏ ချိန်သီးကဲ့သို့ ဖြစ်နေမည်လားဟုလည်း သူကြံကြံ ဖန်ဖန် တွေးမိဖူးသည်။

ကားမှတ်တိုင်သို့ ရောက်လျှင် ဂိတ်မှ ပထမဆုံး ထွက်လာသော ကားကိုစီး ကာသူ ရောင်းနေကျ ဈေးက လေးသို့ ပြေးရသည်။ ဈေးသို့ ရောက်ပြီ ဆိုသည်နှင့် သူ့ခန္ဓာ ကိုယ်တစ်ခုလုံး ချွေးသံ တရွှဲ ရွှဲနှင့် ဟောဟဲ လိုက်နေပြီ။ သို့သော် သူမနားနိုင်သေး။ ဖောက်သည်ဆိုင်များ ဆီသို့ ပြေး၍ ပို့ရပြန်သေးသည်။ ဆိုင်တွေကတော့ ဈေးဦးပေါက် ချိန် မဟုတ်သေးသဖြင့် ပန်းဖိုးကို ချက်ချင်း မရသေး။

ဈေးထဲတွင် ရှိသော ဆိုင်ခုံများတွင် ရိုက်ထားတတ်သော သံချိတ်များ၊ ဘုရားစင်များ၊ ၀ါးဆိုင်များဆိုလျှင် ပန်းချိတ်ရ လွယ်ကူမည့် နှီးချက်များ၊ ချိန်ခွင်များတွင် လိုက်လံ၍ ချိတ်ပေးထားရုံသာ။ ဈေးကွဲသွားမှ ပန်းဖိုးကို လိုက်သိမ်းရခြင်း ဖြစ်သည်။ ဤအခြေအနေ အားလုံးမှာ လွန်ခဲ့သော သုံးရက်ခန့်ကသာ ဖြစ်သည်။
အခု ထိုသို့မဟုတ် တော့။

သူပို့နေကျ ဆိုင်များတွင် သူ့ထက် အရင်ရောက်လာ၍ ချိတ်ဆွဲထားလေ့ ရှိသော ပန်းကုံးများက ဦးစွာ နေရာယူ တတ်နေပြီ။ သူက ဆိုင်တစ် ဆိုင်ကို ရောက်၍ ပန်းချိတ် မည်ပြင်လိုက်လျှင်၊ သံချိတ် ကလေးတွင်ဖြစ်စေ၊ နှီးချက် ကလေးများတွင်ဖြစ်စေ၊ သူ့ ပန်း မဟုတ်သော ရွှေပန်းငွေ ပန်းများက နေရာယူပြီးနေ ကြပြီ။ ထို့ကြောင့် သူ့အနေ ဖြင့် တပ်ခေါက်၍ လှည့်ပြန် ခဲ့ရသည့် ရက်မှာ နှစ်ရက်တိတိရှိပြီ။

နဂိုကတည်းကမှ ပါးစပ်ဖွာပြီး အပြောဆိုးသော မနွဲ့၏ စကားသံတွေက သူ့ နားကို တဖျပ်ဖျပ်လာ၍ ရိုက်ခတ်နေသည်။ ထို့ပြင်သူ ရောင်းနေကျ ဈေးကွက်ကို လာရောက်၍ အနှောင့်အယှက် ပေးသူ မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း သိချင်လာသည်။ သူ့လို ဒုက္ခိတ တစ်ယောက်ကို အနိုင်ကျင့်ကာ ကိုယ်ချင်းစာစိတ် ကင်းမဲ့သူ အား သူ့လက်ထဲရှိ ချိုင်း ထောက်နှင့် အားရပါးရလွှဲ ရိုက်ပစ်ချင်လာသည်။ ထို့ ကြောင့် စိုက်ပျိုးရေး ဥယျာဉ် ရှိရာသို့ လှမ်းနေသော သူ့ခြေ လှမ်းတွေက မခံချင်စိတ် ကြောင့်ပို၍ ရုန်းကြွလာသည်။ မြန်ဆန်လာသည်။ ရှေ့ခပ် လှမ်းလှမ်းတွင် စိုက်ပျိုးရေး ဥယျာဉ်ကို မြင်ရပြီ။

သူရောင်းနေကျ ဈေးသို့ ရောက်သောအခါ၊ အရှေ့ အရပ်ဆီမှ နေမင်းသည်ပင် ရဲရဲ မထွက်နိုင်သေး။ ဒီကနေ့တော့ သူ့ဈေးကွက်ကို လာ ရောက်ပိတ်ဆို့သူအား မိအောင် ဖမ်းမည်ဟု ဆုံးဖြတ်ထား သည်။ မိလျှင် ဖြစ်ချင်ရာဖြစ်ဟု သဘောထားကာ မှတ်လောက်သားလောက်အောင် ဆုံးမ ပစ်လိုက်မည်။ ဒီကိစ္စသည် သူ့တစ်ယောက်တည်း ကို ထိုးနှက်တိုက်ခိုက်ခြင်း မဟုတ်သည့်အပြင် သူ့ကိုမှီခို နေသော မိသားစု တစ်ခုလုံးကိုပါ အလဲထိုး လိုက်ခြင်းပင် ဖြစ်သည်။ ယုတ်စွ အဆုံးဆိုရ လျှင် သူ့ဘ၀ကို ဖျက်ဆီးခြင်းဟု သူခံယူထားသည်။

ပထမဦးစွာ သူပို့နေကျ ကုန်စုံ ဆိုင်ကို လှမ်းကြည့်လိုက်တော့ ပန်းကုံးတွေကရောက် နှင့်နေပြီ။ စိတ်ထဲတွင်ဖျဉ်းခနဲ ဖြစ်သွားပြီး ရင်ထဲရှိ ဒေါသ ရိပ်တို့ တလိပ်လိပ်ကြွတက် လာသည်။ အသက်ရှူနှုန်းတွေ မြန်လာပြီး မေးကြော ကြီးတွေပါ တင်းလာသည်။ ထို့ပြင် ချိုင်းထောက်ကိုင်ထား သည့်သူ့လက်တွေက တဆတ် ဆတ်တုန်လာသည်။ နောက် တစ်ဆိုင်သို့ ထပ်လျှောက် လိုက်ပြီး မျှော်လင့်ချက်များ စွန်းပေနေသည့် သူ့မျက်ဝန်း များဖြင့် ခေါင်းရင်းဘက်သို့ မော့ကြည့်လိုက်သည်။ ဘာ ပြောင်းလဲမှုမှ မရှိ။ ဘုရားစင်ရှိ စံပယ်ပန်းကလေးတွေက သူ့ကို ပြောင်လှောင်နေသလို ခံစားရ၏။

ထို့နောက် တစ်ဆိုင်ပြီး တစ်ဆိုင် လျှောက်ရင်း ဈေးတစ်ခုလုံးသာ ဆုံးသွားသည်။ သူ့လက်ထဲရှိ ပန်းတွေက အရာမယွင်းသေး။ ခြေလှမ်း တွေကို ရှေ့သို့ဆက်မတိုးချင် လောက်အောင်ဖြစ်လာသည်။ အမြင်အာရုံတွေေ၀၀ါးလာပြီး ပတ်ဝန်းကျင်မြင်ကွင်းကိုပင် ပီပီပြင်ပြင် မမြင်ရချင်တော့။ ထို့ကြောင့် နေရာမှာ တင်ရပ်ပြီး မျက်လုံးကိုလက် မောင်းရင်းနှင့် အသုတ်တွင် သူ့မြင်ကွင်းအတွင်းသို့ လူရိပ် သဏ္ဌန်တစ်ခုက လှစ်ခနဲဝင် လာသည်။ သူလည်း ထိုလူ ရိပ်နောက်သို့ ခပ်သွက်သွက် လိုက်လာခဲ့မိသည်။ သူက နောက်မှနေ၍ အားသွန်ခွန် စိုက်လိုက်နေသော်လည်း ရှေ့ ကလူကို မမီနိုင်သည့်အပြင် တဖြည်းဖြည်းပို၍ပင် ဝေးဝေး လာသည်။ လုံးလုံးကြီးတော့ ပျောက်မသွားသေး။ ထို့ပြင် ရှေ့က လူမှာ အထည်ဆိုင် တစ်ခုနှင့် ကွယ်သွား ပြန်သဖြင့် သူက တစ်ဖက်လမ်းမှ ပြန်၍ လိုက်သည်။
သူသဲသဲကွဲကွဲတွေ့လိုက်တော့ လုံးဝလူ မမှားနိုင်တော့။ ထိုသူ၏ လက်ထဲတွင် သူ့ကဲ့သို့ ပန်းကုံးများကို ကိုင်ထားပြီး လမ်းလျှောက် ချန်ပီယံ တစ်ယောက်ကဲ့သို့ သွက်လက် ပေါ့ပါးစွာ လှုပ်ရှားနေသည်။ သူသည်လည်း နောက်မှ လိုက်ရင်း လိုက်ရင်းနှင့် ဈေးအနောက်ဘက် ပေါက်သို့ ရောက်မှန်း မသိ ရောက်လာသည်။ ရှေ့မှလူ သည် ဈေးပေါက်ဝသို့ ရောက်သောအခါ ထောင်ထားသော စက်ဘီး တစ်စီးကို သော့ဖွင့်၍ ခပ်သွက်သွက် နင်းထွက် သွားတော့သည်။ သူလိုက်၍ ဘယ်လိုမှ မမီနိုင်တော့။ လိုက်သွား၍လည်း ဘာမှ အကျိုးထူးမည် မဟုတ်။ ထို့ ကြောင့်လက်ထဲရှိပန်းတွဲကြီး ကိုငုံ့ကြည့်ကာ ၀မ်းပန်း တနည်းဖြင့် ကြက်သေသေ နေမိသည်။

“ရွှေပန်း ဘယ်လို ရောင်းသလဲ”

ရုတ်တရက် ကြားလိုက်ရသော ဈေးဝယ်သူ တစ်ယောက်၏ အမေးကြောင့် သူ့အာရုံတွေကို အမြန်စုစည်း လိုက်ပြီး တစ်ရာဖိုး “ဆယ့်နှစ်ကုံး” ဖြစ်ကြောင်း ပြန် ပြောလိုက်ရသည်။ ဈေးဝယ် အမျိုးသမီးက သူ့ပန်းကုံးတွေကို တစ်လှည့်ချိုင်းထောက်ကို တစ်လှည့်၊ သေးသိမ်စွာဖြင့် ကြုံလှီနေသော သူ့ ခြေထောက် သေးသေးကလေးတွေကို တစ်လှည့်ကြည့်ကာ
“ငါးရာဖိုးပေးပါ”

သူ့မှာ ၀မ်းသာအားရ ဖြင့်ပန်းကုံးတွေကို အမြန်ရေတွက်ပြီး ကျွမ်းကျင်မှုကြောင့် ယဉ်ပါးနေသည့် သူ့လက်တွေက ဓားကလေး တစ်ချောင်းနှင့် ဖြတ်ကာ ပြန်ထုံးပေး လိုက်သည်။ သူ့နောက်နားရှိ ကုန်စိမ်းသည်တွေက သူရောင်းနေသည့် ပန်းတွေနှင့် ပတ်သက်ပြီး ပြောဆိုနေကြ ပုံရသဖြင့် ရပ်ပြီး နားစွင့်နေ လိုက်မိသည်။
“အဲဒီပန်းတွေက မသန့် ဘူးတဲ့”

“ဟယ်၊ ဟုတ်ရဲ့လားဟယ်”

“ဟုတ်မယ် ထင်တယ်။ သူနေတဲ့ ရပ်ကွက်က သင်္ချိုင်းကုန်းနှင့် နီးနီးလေးပဲဥစ္စာ”

“ဘုရား၊ ဘုရား။ ဒါ ကြောင့်တစ်ဈေးလုံးက သူ့ ပန်းတွေကို မ၀ယ်ကြတော့တာကိုး” ဟု တွေးလိုက်မိသည်။ အမှန်ဆိုလျှင် သူနေသော ရပ်ကွက်က သင်္ချိုင်းကုန်းနှင့် ဘယ်လောက် နီးနီး၊ သူ့ရိုးသားမှုကို သူကိုယ်တိုင် သိသည်။ ထို့ပြင် တန်ဖိုးနည်း လွန်းလှသော ဤပန်းကလေးတွေ အတွက်၊ တစ်ခါမှတောင် သူ မစဉ်းစားမိဖူးခဲ့။ လူတချို့၏ အကြင်နာတရားခေါင်းပါး မှုက သူ့မိသားစု၏ ထမင်းအိုး ကလေးကို ရိုက်ခွဲလိုက်သည့် အလား။ ဒီပြဿနာ၏ အခြေ ခံရင်းမြစ်မှာ ဟိုပန်းသည်ပဲ ဖြစ်ရမည်ဟု သူအတပ်တွေး လိုက်မိသည်။

“ရောင်းမကောင်းဘူး။ ဈေးကွက်ကို သူများလုသွား လို့... ဆိုရုံနဲ့ ကလေးတွေရဲ့ ပါးစပ်ပေါက်တွေက ပိတ်သွားမှာ မဟုတ်ဘူး ကိုတရုတ်”

မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း မနွဲ့၏စကား ရပ်များအတွက် သူ့အသိစိတ်က လက်ခံရန် အင်အားနည်း လွန်းလှသည်။ သူရင်ဆိုင်နေ ရသော ဖြစ်ရပ်မှန် အခြေအနေ ကို ဇနီးတစ်ယောက် အနေဖြင့် အသိတရားနှင့် ယှဉ်ကာ လက်ခံသင့်သည်ဟု သူထင်သည်။ ထို့ပြင် မည်သို့မည်ပုံ ရင်ဆိုင်ဖြေရှင်းကြမည်လဲ ဆို သည့်နားလည်မှုများနှင့် ခြားနားစွာ မြည်တွန်တောက်တီး လာသည့် ဇနီးဖြစ်သူ အတွက်လည်း သူစိတ်ပျက်ရသည်။

ထို့ပြင် သူ့မိသားစု၏ ရပ်တည်မှု တစ်ခုလုံး အလဲလဲ အပြိုပြိုဖြစ်သွားစေရန် သွားပုပ် လေလွင့် ပြောဆိုခဲ့သော ပန်းသည်ကိုလည်း အာရုံမှာ ပြန်မြင်ရင်း မေးရိုးနှစ်ခုကို တင်းတင်းစေ့ကာ ဖိကြိတ် ထားလိုက်မိသည်။ ကံကြမ္မာ သည်သူနှင့် သူ့မိသားစု အပေါ် ရက်စက်ခဲ့သမျှမှာ တဆိတ်လွန်လွန်းသည်ဟု သူ အောက်မေ့မိသည်။
သို့သော် တွေဝေနေ၍ မပြီး။ မိန်းမော နေ၍ မပြည့်စုံ။ တစ်စုံတစ်ခု အတွက်တော့ မဖြစ်မနေ စဉ်းစားရတော့ မည်။ လူမမည် ကလေးသုံး ယောက်အတွက် သူ့လုပ်ငန်း ကို ပြောင်းလဲမည်လား။ ဒါမှမဟုတ် ဈေးကွက် အသစ်ကိုပဲ ရှာမည်လား။ သူ့အနေနှင့် လုပ်ငန်းပြောင်းမည် ဆိုလျှင် လုပ်စရာ အလုပ်က နည်းပါးလွန်းလှသည်။ ခြေ ထောက် နှစ်ဖက်စလုံး မသန် စွမ်းသည့် ဒုက္ခိတတစ်ယောက် အတွက် ရွေးချယ်စရာမှာ သိသိသာသာ ပါးလျနေသည်မှာ သေချာပါသည်။

ကွမ်းယာကို ဗန်းနှင့် လွယ်၍ ရောင်းလျှင် ကောင်းမည်လားဟု သူအကြိမ်ကြိမ် တွေးမိဖူးသည်။ မဖြစ်နိုင်ပါ။ သူတွေ့ဖူးသော ဒုက္ခိတ ကွမ်းယာသည်များမှာ အနည်းဆုံး ခြေထောက် တစ်ချောင်းစီတော့ ရှိနေတတ်သည်။ ထိုသူတွေက ၎င်းင်းတို့၏ ခြေထောက် တစ်ချောင်းကို အားပြုရပ်ပြီး ချိုင်းထောက်နှင့် ထိန်းထား လိုက်လျှင် အဆင်ပြေသွားပြီ။ သို့သော် သူက ထိုသို့မဟုတ်။ ခြေထောက် နှစ်ချောင်းစလုံးကို ထောက်၍ ရပ်မနေနိုင်သောကြောင့် ချိုင်းထောက် နှစ်ဖက်စလုံးကို အားကိုးရ သည်။ ထို့ကြောင့်ချိုင်းထောက်နှစ်ခုကို အားပြု ခိုတွယ်ပြီး ကွမ်းယာပေးရမည့် အလုပ်မှာ ဘယ်လိုမှ အဆင်မပြေနိုင်။ ဒါတင်မကသေး ရှေ့တွင် လွယ်ထားရ မည်ဖြစ်သော ကွမ်းယာဗန်း ကလည်း သူ့ချိုင်းထောက်၏ လှုပ်ရှားမှုကို အနှောင့် အယှက်ပြုဦးမည်။

“မနက်၊ မနက်ဆိုရင် လည်း နှိုးလိုက်ရတာ အမော။ ဈေးရောင်းသွားဖို့ ဆိုတာ တီကောင်ကို ဆားနဲ့ တို့ရသလိုပဲ။

“ဘယ်နေရာမှ ၀ီရိယ မရှိတာ။ သူများနဲ့ ယှဉ်လို့ရှုံး ရတာ နည်းတောင် နည်းသေးတယ်။ လူတွေကလည်း အံ့ပါရဲ့တော်။ အကြင်နာ တရား ခေါင်းပါးလိုက်ကြ တာ။ ဖျတ်ဖျတ်လတ်လတ်၊ တက်တက်ကြွကြွ ရှိရက် သားနဲ့ ဒုက္ခိတရဲ့ အလုပ်ကိုမှ လာလုရတယ်လို့။ လုတာလည်း ကောင်းကောင်း လုတာ မဟုတ်ဘူး။ အတင်းက ပြောသေးတယ်”

သက်ပြင်းကို “ဟင်း“ ခနဲချလိုက်ရင်း လမ်းထိပ်သို့ ထွက်ရန် သူစဉ်းစားလိုက် သည်။ သူ့အနေဖြင့် မနွဲ့၏ သောကကို နားလည်နိုင်ပါ ၏။ ကိုယ်ချင်းစာနိုင်ပါ၏။ မပြည့်စုံမှုကြောင့် ဆူပွက်လာသော ဒုက္ခထုထည်ကို နှုတ် ဖင့်သာ ဖြိုဖျက်နေရရှာခြင်း လည်း ဖြစ်ပါသည်။ သူအိမ်ပေါ်မှ ဆင်းလာခဲ့သဖြင့် မနွဲ့၏ မြည်တွန် တောက်တီးမှုတွေက မှိန်ဖျော့ ပါးလျစွာဖြင့် သူ့နောက်နားတွင် ကျန်ရစ်ခဲ့သည်။မိသားစု ရပ်တည်ရေး အတွက် တစ်ခုခုအပြောင်းအလဲ လုပ်ရ မည်ကိုတော့ သူသေသေချာချာ သိနေ၏။ သို့သော် ဘယ်လို ပြောင်းလဲရမည်ကိုတော့ သူမတွေးရသေး။

တရွေ့ရွေ့ဖြင့် လမ်းထိပ်သို့သာ ရောက်လာသည်။ သူ့အနေဖြင့် ဘယ်ကိုသွားရ မည်ဟု ဆုံးဖြတ်ထားခြင်း မရှိ။ ထို့ကြောင့် ကင်းတဲဘေး ရှိ အုတ်ခုံကလေးတွင် ၀င် ထိုင်နေလိုက်သည်။ သူ့ မျက်နှာချင်းဆိုင်တည့်တည့်တွင် အရက်ဆိုင်တစ်ခု ရှိနေ ပြီး ထိုဆိုင်ထဲမှ လူတစ် ယောက် ယိုင်ထိုးယိုင်ထိုးနှင့် ထွက်လာသည်။ ၎င်းင်း၏ နောက်မှ လူတစ်ယောက်က ကပ်လိုက်လာပြီး ရှေ့လူ၏ ပခုံးကို ခပ်ဆတ်ဆတ်တွန်း လိုက်ပြီး...

“အလကားကောင်၊ ယောက်ျားရင့်မာကြီးဖြစ်ရဲ့ သားနဲ့ မင်းမို့ အရှက်မရှိ အရက် လာတောင်းသောက် တယ်။ သွားဟေ့ကောင် နောက်တစ်ခါ ငါ့ဆိုင်ထဲက ဘယ်ဝိုင်းမှာမှ လာတောင်း မသောက်နဲ့ ဖောက်သည် ပျက်တယ်” ဟု ဒေါသတကြီးနှင့် မောင်းထုတ်နေသည်။

အိမ်မှာ နားပူသဖြင့် လမ်းထိပ်သို့ ထွက်လာမိကာမှ အခြေအနေတွေက ပိုဆိုးနေ သည်။ ထို့ကြောင့် သူ့စိတ်တွေ ပို၍ ရှုပ်ထွေးလာသည်။ အသက်ရှူပင် မ၀ချင်တော့။ အရက်သမားကို သူ လှမ်း ကြည့်လိုက်တော့ ဒယီးဒယိုင်ဖြင့် ခပ်လှမ်းလှမ်းရှိ လက်ဖက်ရည်ဆိုင်ထဲသို့ ၀င်သွား သည်။ ထို့နောက် လက်ဖက် ရည်သောက်နေသည့် လူငယ် တစ်ယောက်ကို တိုးတိုး ပြော နေပြန်သဖြင့် သူစိတ်ဝင်တစား ကြည့်နေမိသည်။ သိပ်မကြာခင်မှာ လူငယ်က အောင့်သက်သက် ဖြင့် ခါးကြားထဲမှ ပိုက်ဆံ အိတ်ကို ဆွဲထုတ်ကာ နှစ်ရာ တန်တစ်ရွက် ထုတ်ပေးလိုက် သည်။ အရက်သမားက နှစ်ရာတန်ကို တရိုတသေယူကာ အရက်ဆိုင်ထဲသို့ ပြန်ဝင်သွား သည်။ အတော်ကြာသည် အထိ ဘာပြဿနာတက်သံ မှ မကြားရတော့။

“ဟင်”
မွန်းကျပ်မှုနှင့် ရောထွေး နေသော သက်ပြင်း ရှည်ကြီး တစ်ချက်ကို သူခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်မိသည်။ ထို့နောက် အနားတွင် မှီထား သော ချိုင်းထောက်ကလေး ကို သူခပ်စူးစူး စိုက်ကြည့် နေမိသည်။ ထိုချိုင်းထောက် ကလေးကြောင့် သူ့ဆီမှာ ပန်းငါးရာဖိုး ၀ယ်သွားသော မနက်က ဈေးဝယ်အမျိုးသမီး ၏ ကရုဏာ မျက်ဝန်းများကို ပီပီပြင်ပြင် သတိရလိုက်သည်။ သူ့အာရုံထဲတွင် ထို အမျိုးသမီး၏ ကရုဏာ မျက်ဝန်းများကို တော်တော်နှင့် မေ့ဖျောက်နိုင်လိမ့်မည် မဟုတ်မှန်း သူသေသေချာ ချာ သိနေသည်။ ဘာပဲဖြစ် ဖြစ် ဒီချိုင်းထောက်ကလေးက တစ်ဖက်တစ်လမ်းမှ အကူအညီပေးနေပါသေးလား ဟုတွေးရင်းသူ ကျေနပ်ရပြန် သည်။

ထို့နောက် ထိုင်ရာမှ ထကာ အိမ်သို့ပြန်လာခဲ့လိုက်သည်။ အိမ်ပေါက်ဝရောက်တော့ မနွဲ့က သူ့ကိုတစ်ချက် စွေကြည့်ပြီး အိမ်ထဲသို့ ခြေဆောင့် ၀င်သွားသည်။ သူ အိမ်ပေါ်သို့ လှမ်းတက်မည် အပြုတွင် ထရံကို မှီကာ တရှုပ်ရှုပ်ငိုနေသော သားကြီး ပြည့်စုံကို မြင်လိုက်ရသဖြင့် သူတစ်ချက် တွေသွားသည်။ မနွဲ့က ကလေးတွေကို ရိုက်ထားပြန်ပြီဟု သဘောပေါက် လိုက်သည်။ ထို့ကြောင့်ပြည့်စုံ ကိုအနားသို့ ခေါ်ကာ
“ဘာဖြစ်တာလဲ သား၊ အဖေ့ကို ပြောစမ်း”

ကလေးက ၀မ်းပန်း တနည်းငိုချလိုက် ပြန်သည်။
“ဟီး ဟီး”

ထို့နောက် သူ့မျက်နှာကို မရဲတရဲကြည့်ကာ ရှိုက်သံ တစ်ဝက်ဖြင့်
“အ...အမေက ပြော ...ပြောတယ်”

“အေး၊ ဘာပြောလို့လဲ သားရဲ့”
ကလေးသည် မနွဲ့ရှိရာ သို့ ဆတ်ခနဲ စောင်းငဲ့ကြည့် ရင်း    “သားကို ကျောင်းထုတ် ပြီး လက်... လက်ဖက်ရည် ဆိုင်မှာ စားပွဲထိုး လုပ်ခိုင်း မလို့တဲ့။ ဟီး ဟီး”

သူမနွဲ့ကို ခပ်တင်း တင်းကြည့်လိုက်သည်။ မနွဲ့က သူ့မျက်လုံး၏ အကြည့်ဒဏ်ကို မခံနိုင်ပုံနှင့် နောက်ဖေးသို့ ထွက်သွားသည်။ သူ့ မျက်လုံးထဲတွင် ဒေါသရိပ် တို့ ခပ်စိပ်စိပ်ခိုတွယ် ပါဝင် သွားမည်ကိုလည်း သူ့ဘာသာ သိလိုက်သည်။ သူ့အနေဖြင့် ဒုက္ခိတဖြစ်နေသည်မှာ မှန်သော်လည်း သားသမီးတွေ ကိုတော့ စိတ်အား မငယ်စေချင်။ ဒီလို စကားမျိုးကိုလည်း သူ့ဇနီး အနေနှင့် မပြောသင့်ဟု သူထင်သည်။ မိမိတို့ အနေနှင့် အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ ကလေးတွေ ကိုတော့ ခိုင်းစားရန် လုံးဝ စိတ်မကူး။ သားသမီးတို့၏ ပညာရေးကိုလည်း လုံးဝ အထိပါး မခံနိုင်။ ထို့ကြောင့် သူက မနွဲ့ပါ ကြားသာစေရန် ရည်ရွယ်၍
“ဒီမယ်သား။ အဖေ ပြောတာကို မင်းသေသေချာချာ နားထောင်စမ်း။ မင်း အမေက စိတ်ညစ်နေတုန်းမို့ ပြောတာဖြစ်မှာပါကွာ။

“ငါ့သားကို အဖေ ဘယ်တော့မှ ကျောင်းမထုတ်ဘူး။ ဘယ်တော့မှလည်း စားပွဲထိုး မဖြစ်စေရဘူး။ ငါ့သားပညာတတ် တစ်ယောက်ဖြစ်ကို ဖြစ်ရမယ်ကွာ။
“ဒါကြောင့် မင်းလုံးဝ အားမငယ်နဲ့၊ ငါ့သားသမီး တွေအတွက်ဆိုရင် အဖေ ဘယ်ဘ၀ရောက်ရောက် ကြိုး စားပေးမယ်။ အဖေတို့က သားသမီးတွေကို ဥစ္စာအမွေမပေးနိုင်ပါဘူးကွာ။ ဒါ ကြောင့် ပညာအမွေပဲ ပေးရ မှာပါ။ ငါ့သားကသာ စာကို ကြိုးစားသင်နော် ကြားလား”

ဝမ်းနည်းမှုကြောင့် တဖြည်းဖြည်း လှိုင်းထလာသော သူ့စကားသံများ အဆုံးတွင် သားကြီးက သူ့အနားမှ ငေါက်ခနဲထသွားကာ လွယ်အိတ်ကို ဆွဲဖြုတ်ပြီး စာအော် ကျက်နေသည်။ သို့သော် ရှိုက်သံကလေးကတော့ သဲ့သဲ့ စွက်နေတုန်း။

သူ့မျက်လုံးအစုံတို့ အပွင့်တွင် အရင်ဆုံး ပတ်ဝန်းကျင်ကို နားစွင့်လိုက်မိသည်။ ခပ်လှမ်းလှမ်းဆီမှ အားကုန် တွန်ကျူးလိုက်သော ကြက်ဖ တစ်ကောင်၏ တွန်ကျူးသံကို ကြားလိုက်ရသည်။ အနားတွင် အိပ်နေတုန်းရှိသော မနွဲ့ ကို ငဲ့ကြည့်လိုက်တော့ အသက်ကို မှန်မှန်ရှူရင်းအိပ် မောကျနေသည်။ သူအိပ်ရာမှ ထလိုက်ပြီး အ၀တ်အစားကို အရင်လဲလိုက်သည်။

ထို့နောက် အိမ်ပေါ်မှ အသံမမြည်အောင်ဆင်းပြီး ရေစည်ထဲသို့ လက်နှစ်ကာ မျက်နှာသစ်လိုက်ရသည်။ ပြီးလျှင် လမ်းထိပ်သို့သူ ထွက်လာခဲ့သည်။ သို့သော် စိုက်ပျိုးရေးဥယျာဉ်ကိုတော့ သူသွားမည် မဟုတ်။ ခြံရှင်ကို ပန်းဖိုး အကြွေးတွေ ပေးစရာ ရှိနေသည်။ နောက်ရက်တွေမှ သွားဆပ်လိုက်မည်ဟု စိတ်ကူးထားသည်။ ဒီကနေ့ ပန်းသွားရောင်းဖြစ်လျှင်လည်း အရင် နေ့တွေလို စိတ်ညစ်နေ ရဦးမည်ဟု သူနားလည်ထား သည်။ ထို့ကြောင့်စိုက်ပျိုးရေး ဥယျာဉ်၏ ကျောချင်းကပ် ဖြစ်သော အဝေးပြေးကား ဂိတ်ရှိရာသို့ ဦးတည်လိုက် သည်။

သူ့အာရုံထဲတွင် သား ကြီးပြည့်စုံ၏ ငိုသံစွက်၍ ပြောနေသောစကားများ၊ ဇနီး ဖြစ်သူမနွဲ့၏ ဒေါသတကြီး ပြောဆိုနေသံများ၊ မီလျံနာ၊ ဘီလျံနာကြီးများနှင့်တကွ၊ ဘာမှ နားမလည်သေးသော သားငယ်၊ သမီးငယ်တို့၏ ပုံရိပ်များက မကြာခဏပေါ် လာခဲ့သည်။ ဒီပုံရိပ်တွေသည် ယခုထွက်လာသော သူ့ခြေလှမ်းတွေ အတွက် အားအင် တွေဖြစ်လိမ့်မည်။ ထို့ကြောင့် ချိုင်းထောက်ကို အားပြုကာ ရှေ့သို့သာ အာရုံစိုက်၍ လှမ်းနေရသည်။

ရှေ့တွင် မီးရောင် တထိန်ထိန်ဖြင့် အဝေးပြေးဂိတ် ကိုမြင်ရပြီ။ ၀င်းထဲသို့ ကွေ့ဝင်သွားကြသော ကားကြီး၊ ကားငယ်များ၊ မီးတိုင်များ အောက်တွင် ငြိမ်သက်စွာ စီတန်း ရပ်ထားကြသော အဝေးပြေးကားများ၊ ပျားပန်း ခပ်မျှ လှုပ်ရှားသွားလာနေ ကြသော ခရီးသည်များ၊ ဥဒဟို သွားလာနေကြသော အငှားကားများ၊ ဈေးသည် များ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များမှ ဖွင့်ထား ကြသော တရားခွေများ၊ သီချင်းသံများက ကမ္ဘာသစ် တစ်ခုလို လှပသစ်လွင်နေ ကြသည်။

သူ့ခြေလှမ်းတွေက တဖြည်းဖြည်းနှင့် မြန်ဆန် တက်ကြွ လာကြသည်။ သို့သော် ချိုင်းထောက်၏ လက်ကိုင်ကို ဖိထားရလွန်း သောကြောင့် သူ့လက်ဖနောင့် ဆီမှ တစစ်စစ်နှင့် နာကျင် လာသည်။ ထိုလက်ကို ဖြန့်ကြည့်လိုက်လျှင် ကျွဲပခုံး ထနေသော လက်ဖမိုးကို သူမြင်ရလိမ့်မည်။ သို့သော် ဤကိစ္စသည် သူ့အတွက် ပြဿနာ မဟုတ်။ အဝေးပြေး ကားဂိတ်သို့ မြန်မြန်ရောက်ရန်သာ သူ့ကိစ္စဖြစ်နေသည်။

ညက သူကိုးနာရီကျော် မှ အိမ်ပြန်ရောက်သည်။
သူအိမ်ပေါ် တက်လာ တော့ ဇနီးရော ကလေးပါ အိပ်ကုန်ကြပြီ။ ထို့ကြောင့် ရေမိုးချိုး၊ ထမင်းစားပြီး အိပ်ရာ ၀င်လိုက်ရသည်။ ခေါင်းအုံးပေါ်ကို ခေါင်းတင်လိုက်တော့ ဆုတစ်ခုကို သူ တောင်းလိုက်သည်။
“ဒီည အိမ်မက် မမက် ပါစေနဲ့ဘုရား”

အိပ်မက်တွေကို သူ မမျှော်လင့်တော့ပါ။ နှစ်လည်း မနှစ်သက်တော့ပါ။ ခါတိုင်းလို မက်ပြီးသမျှ အိပ်မက်တွေကို ပြန်လည် စဉ်းစားနေရန်လည်း အချိန် မရတော့ပါ။ သေချာသည်က သူ့ဘ၀အတွက် မည်သည့် အိပ်မက်ကမှ အထောက် အကူပြုလိမ့်မည် မဟုတ်သည်ကို သူသေသေချာချာ သိနေပါပြီ။ ထို့နောက် မည်သည့် အချိန်တွင် အိပ်ပျော်သွား သည်ကိုပင် သူကိုယ်တိုင် မသိတော့။

သူအိပ်ရာက နိုးလာ သည်နှင့် မနေ့က အတိုင်း ကြက်တွန်သံကို ခပ်စူးစူး ကြားလိုက်ရပြန်သည်။ ထို့နောက် အိပ်ရာမှ ထပြီး မနေ့ကရခဲ့သော ငွေသားတချို့ကို ကျွတ်ကျွတ် အိတ်ကလေးနှင့် ထုပ်ကာ မနွဲ့ မြင်သာအောင် စားပွဲပေါ် တင်၍ ထွက်လာ မိသည်။ ခြံဝရောက်တော့ အိပ်ခန်းဆီမှ ချွတ်နင်းသံကို ကြားလိုက်ရသဖြင့် မနွဲ့နိုးပြီကို သူသိလိုက်သည်။ ထို့နောက် ဖယောင်းတိုင် ထွန်းရန် မီးခြစ်နေသံကို ကြားရပြန်သည်။ မနွဲ့ကတော့ သူထားခဲ့သည့် ပိုက်ဆံတွေကို မြင်လိမ့်မည်။နှစ်ရာတန်၊ ရာတန်စသော အခြားအသေးသုံး ငွေစက္ကူများကို ရေတွက်ရင်း တစ်စုံတစ်ခုကို စဉ်းစား နေလိမ့်မည်။ ဇနီးဖြစ်သူ၏ အတွေး ထဲတွင် လက်ရှိ သူလုပ်နေ သည့်အလုပ်ကို တစ်စုံတစ်ယောက်က လာရောက် နှောင့်ယှက်ဦးမည်လား ဆိုသည့် သံသယစိတ်များလည်း ပါဝင် နေနိုင်မှန်း သူ ခန့်မှန်းမိသည်။ သူကတော့ လုံးဝ စိတ်မပူ။

လက်ရှိ သူ့အလုပ်ကို လုချင်လည်းလုကြပါစေ။ သူ လုံးဝဂရုမစိုက်ပါ။ အဘယ် ကြောင့်ဆိုသော် သူ့တွင် ဘယ်သူနှင့်မှ မတူသော ချိုင်းထောက် တစ်စုံနှင့် ကြုံလှီ သေးကွေးသော ခြေနှစ်ချောင်း တို့ ရှိနေပါသည်။ ထို့ကြောင့် အိပ်မက်တွေကို သူမခင်တွယ် ချင်တော့။
မောင်နှင်းပန်း
                                                                         September 2009 ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း

1 comment:

  1. အရေးသွက်သွက်နဲ့ရေးထားပေမယ့် ဖတ်ပြီးတော့ မွန်းကြပ်မှုရသ ပြင်းရှရှ
    ခံစားရတယ် ၊ အဲဒါကြောင့်တော်တော်ကြိုက်မိတယ်

    ReplyDelete