Friday, September 30, 2011

အ၀ိဇ္ဖာပုံဆောင်ခဲ

တစ်ယောက်နဲ့ တစ်ယောက် အကျင့်စရိုက်ချင်း၊ သဘာဝချင်း တန်းညှိလို့ မရတာဟာ အမြဲတမ်း မှန်နေတဲ့ သီအိုရီတစ်ခုပဲ မဟုတ်လား။
ခက်တာက "လူအကြောင်း ပေါင်းမှသိ" လို့ဆိုကြပေမယ့် မပေါင်းဘဲနဲ့ သိနေရတဲ့ လူတစ်ယောက်ကတော့ ရပ်ကွက်ထဲမှာ သေသေချာချာကို ရှိနေခဲ့တယ်။ သူ့နာမည်က ဦးဘကျောက်တဲ့။ သေချာတာက ဒီလူကြီးဟာ နာမည်နဲ့လိုက်အောင် မာကျောတဲ့ အကျင့်စရိုက်တွေ အပြင် ထူးခြားတဲ့ အမူအကျင့်တွေကြောင့် သူ့ကို ဘယ်သူမှ မဆက်ဆံချင်ကြဘူး။ မပတ်သက်ချင်ကြဘူး။ ဆေးဖော် ကြောဖော် မလုပ်ချင်ကြဘူး။ ဒ်ီတော့ရပ်ကွက်သူ ရပ်ကွက်သား အတော်များများက သူ့ကို လူ့ခွစာ၊ လူ့ကပ်စီး၊ လူ့ကန့်လန့် တစ်ယောက် အဖြစ် ကန့်ကွက်သူ မရှိဘဲ အားလုံးက တညီတညွှတ်တည်း လက်ခံထားကြရတယ်။

ရပ်ကွက်ထဲမှာ နေကြထိုင်ကြတဲ့ ပျိုပျိုအိုအို၊ ကျားမမရွေး ဘယ်သူနဲ့မှ မတည့်သလို၊ ဦးဘကျောက် ကိုယ်တိုင်ကလည်း ဘယ်သူနဲ့မှဖက်လဲ တကင်း တရင်းတနှီး ဆက်ဆံတာ မဟုတ်ဘူး။သူ့အိမ်မှာ တစ်ယောက်တည်း ပဲ နေတယ်။ လင်မယား နှစ်ယောက် ရှိပေမယ့် တစ် ယောက် တစ်အိုးစီ ချက်စား တယ်။ သူ့ဇနီး အဘွားကြီး ကို အပေါ်ထပ် တစ်ထပ်လုံး အပိုင်စားပေးထားပြီး အိမ် အောက်ထပ်ကတော့ သူ့ ဗိမာန် ဖြစ်တယ်။ သေချာတာ က သားထောက်သမီးခံ မရှိ ကြလို့ ဒီလူကြီးနဲ့ အဘွားကြီး တစ်ဦးကို တစ်ဦး အမှီသဟဲ ပြုရင်း ကြင်ကြင်နာနာ နေ ထိုင်ကြမယ် မထင်နဲ့။ အမိုး တစ်ခုတည်းအောက်မှာ နေ ကြတာမှန်ပေမယ့်တစ်ယောက် နဲ့တစ်ယောက် စကားမပြော ဖြစ်ကြတာ ဆယ်စုနှစ်တစ်ခု ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်း လာကြပြီးပြီ။ ဒါက နှစ်ယောက်တည်းသာရှိတဲ့ သူတို့ရဲ့  မိသားစုအရေး။

ပတ်ဝန်းကျင်နဲ့ ဆက်ဆံ ပုံကိုလည်း ကြည့်ဦး။ အထူး သဖြင့် ရပ်ကွက်ထဲက လူ အတော်များများက ဦးဘ ကျောက်နဲ့ တိုက်ရိုက်ပတ် သက်ဖို့၊ ဆက်ဆံဖို့ကို တော် တော်တွန့်ကြတယ်။ ရွံ့ ကြ တယ်။ ရှေ့ မတိုးရဲကြဘူး။ ဒီလိုဖြစ်စေတဲ့ အခြေခံ ပြဿနာတွေထဲက အထင်ရှား ဆုံးပြယုဂ်ကတော့ တခြား မဟုတ်ဘူး။ မလွဲမရှောင်သာ ကြုံတွေ့ နေရလေ့ရှိတဲ့ ရပ်ကွက် ထဲကသာရေး၊ နာရေးကိစ္စတွေ မှာပဲ။တစ်ခါတလေမှာ ဘယ် သူ့ ဘယ်သူရဲ့  သားသမီး ကလေးတွေကို စုပေါင်းပြီး ရှင်ပြုပေးဖို့အတွက် ရပ်ကွက် က ကမကထပြုလို့ စေတနာ သဒ္ဓါပေါက်သလောက် လှူပါဆိုတဲ့စကားမျိုး။ ဘယ် သူ့ရဲ့ အဖေကြီးတော့ ဘယ် တုန်းက ဆုံးသွားပြီ။ မြေချ စရိတ်ကလေးအတွက် ကူညီ ပါဦးဆိုတဲ့စကားမျိုး။ အဲဒီလို စကားမျိုးတွေကို ဦးဘကျောက် ကြားရင် ချက်ချင်း ပြန်ပြော တတ်တယ်။

“အလှူ လှူတယ်ဆို တာ လက်ရှိပစ္စုပ္ပန်အကျိုး စီးပွားကို တိုးတက်ကြီးပွား လာအောင် ဘာတစ်ခုမှ အ ထောက်အကူပြုတာ မဟုတ် ဘူး။ ဒါကြောင့် မလှူနိုင်ဘူး ကွာ”
ဆိုပြီး ခပ်ပြတ်ပြတ်၊ ခပ်မာမာ ပြောလွှတ်တတ် သည်။

နောက်ဆုံး သူနေတဲ့ လမ်းကိုခင်းဖို့ တစ်အိမ် ဘယ် လောက်ဆိုပြီး ခွဲတမ်းချ အလှူခံတာတောင် ဦးဘ ကျောက်က တတ်နိုင်သမျှ ခွတိုက်လိုက်သေးတာ။
“ငါ့အိမ်ရှေ့ မခင်းကြနဲ့ ပေါ့ကွာ” ဆိုတာမျိုး။

ဒီတော့ ရပ်ကွက်သူ ရပ်ကွက်သား အတော်များ များနဲ့ ဦးဘကျောက်ဟာ တဖြည်းဖြည်းနဲ့ ပြဒါးတစ် လမ်း၊ သံတစ်လမ်းကို ဖြစ် လာကြတော့တာ။ ပြီးတော့ ဦးဘကျောက်ရဲ့ ပုံပန်းသွင် ပြင်ကို ကြည့်ပြန်ရင်လည်း လူ့ကပ်ဖဲ့မှန်း အားလုံးသိကြ တယ်။ လောကနီတိတွေ၊ သူ တော်ကောင်းအင်္ဂါတွေနဲ့ ဘာမှစစ်ကြောနေစရာတောင် မလိုဘူး။ ပြောင်နေအောင် ရိတ်ထားတဲ့ ဦးပြည်းပြောင် ပြောင်ရယ်၊ နဖူးပြင်မှာ မညီ မညာနဲ့ ကန့်လန့်ဖြတ်ဆွဲထား တဲ့ မျဉ်းပြိုင်တွေလို အရေး အကြောင်းတွေရယ်၊ ပြီးတော့ ပြန့်ကား ကျယ်ပြန့်တဲ့ နား ရွက်ကြီးတွေရယ်ဟာ သူ့ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်တွေ ပဲ။ ဒီ့ထက်ပိုဆိုးပြီး မြင်သူ တိုင်း အော့နှလုံးနာစေတဲ့ လက္ခဏာကတော့ သူ့ခေါင်း ကြီးတစ်ခုလုံးနဲ့ မတန်အောင် သေးငယ်လွန်းနေတဲ့ မျက်လုံး အစုံအပြင် လူတစ်ယောက်ကို ကြည့်လိုက်ရင် အဲဒီစက္ခုတွေ ဟာ သိသိသာသာ ကျုံ့ ဝင် သွားတတ်တာကိုက သူ့ရဲ့ စိတ်ထားအခြေခံကို သီအိုရီ ကျကျ ဖော်ကျူးနေသလိုပဲ။


အဲဒီ ဦးဘကျောက်ရဲ့ ပုံပန်းသဏ္ဌာန်ကို ခပ်ဝေးဝေး က လှမ်းကြည့်မယ်ဆိုရင် မားမားမတ်မတ်နဲ့ တစ်လှမ်း ချင်း လျှောက်တတ်သလို ကျီးကန်းတစ်ကောင်ရဲ့ မျက်လုံးမျိုးတွေနဲ့လည်း ပတ်ဝန်းကျင်ကို မျက်စိ ကစားတတ်သေးတာ။ အဲဒီလို သွားရင်းလာရင်းနဲ့ လမ်းထဲမှာ မတော်တဆ တစ်ယောက်ယောက်နဲ့တွေ့ ရင် ဦးဘကျောက်ရဲ့ စိတ်နေ သဘောထားကို ဒိုင်းခနဲ မြင်သာအောင် ကြုံကြရတာ ပဲ။ သေချာတာက သူနဲ့ တည့်တည့်ကြီးတွေ့နေလို့ မချစ်သော်လည်း အောင့်ကာ နမ်းဆိုသလို။ “ ဦးလေး... နေကောင်းလား”လို့များ ပဋိ သန္ဓာရပြုမိရင် ဦးဘကျောက် ကတော့ ထုံးစံအတိုင်း သေး သေးစူးစူး မျက်လုံးကလေး တွေကို သိသိသာသာ ကျုံ့ သွင်းရင်းပြန်ပြောတတ်တယ်။

“မင်းရှေ့ မှာ မားမားကြီး လေကွာ။ ဘာဖြစ်လို့ စကား မရှိ စကားရှာပြီး လာမေးနေ ရတာလဲ”ဆိုတာမျိုး။
သေချာတာက ဦးဘ ကျောက်အနေနဲ့ လမ်းပေါ်မှာ ယောက်ျားတွေနဲ့တွေ့လို့ ဒီ စကားမျိုးတွေကို သက်သက် ခွတိုက်ပြီး ပြောတတ်ပေမယ့် အမျိုးသမီးတွေကိုတော့ ငဲ့ညှာ မယ်မထင်နဲ့။ ပိုဆိုးသွားမယ်။ တစ်ခါများ ဦးဘကျောက်က ခုံဖိနပ်ကြီး တခွပ်ခွပ်နဲ့ လမ်း ထိပ်ကို ထွက်အသွား၊ ရွှေမိ ဆိုတဲ့မိန်းကလေးတစ်ယောက် က အကြော်တွေဝယ်ပြီး မျက်နှာချင်းဆိုင် လျှောက် အလာနဲ့ လမ်းမှာဆုံရော။

ဟို မိန်းကလေးက ရုတ်တရက် သူ့ကို မြင်တော့ လက်ကဆွဲ လာတဲ့ အကြော်ထုပ်ကလေး ကို မြှောက်ပြပြီး “ဦးလေး စားပါဦးလား”လို့ လောကွတ် ချော်လိုက်မိတယ်လေ။ ဒီနေရာမှာ ဦးဘကျောက်က ပတ်ဝန်းကျင်ကို မျက်စိ တစ်ချက် ကစားလိုက်ပြီး “သြော်...အေးအေး” ဆိုပြီး ရွှေမိရဲ့ အိတ်ထဲက အကြော် သုံးလေးခုကို နှိုက်ပြီး ထွက် သွားပါလေရော။ ရွှေမိဆိုတာ ဘာပြန်ပြောရမှန်း မသိဘဲ အိုးတိုးအမ်းတမ်းကြီးကို ဖြစ်ကျန်ခဲ့တော့တာ။ ခက်တာက ပဋိသန္ဓာရ စကားဆိုတာ လူတိုင်း မဖြစ် မနေ ပြောတတ်ကြတာပဲ မဟုတ်လား။ ဘယ်သူကရော အရေးတယူလုပ်ပြီး အခုလို ယူစားမှာလဲ။ လူ့ဝတ္တရားအရ “စားပါ...စားပါ”ဆိုတာ လောက်နဲ့ ခင်မင်ရင်းနှီးမှုကို ပြရမှာပဲမဟုတ်လား။

အခု တော့ ဦးဘကျောက်လုပ်ပုံက ဘယ်သူ့အတွက် ၀ယ်လာမှန်း မသိတဲ့ အကြော်တွေကို ခပ်တည်တည်နဲ့ ယူစားသွား တာဆိုတော့ ဟိုမိန်းမအနေနဲ့ “ဦးလေး ကျွန်မ အလကား ပြောတာ။ ကျွန်မ အကြော် တွေ ပြန်ပေး” လို့ ပြောဖို့ ကလည်း ဘယ်လိုလုပ်သင့် တော်ပါ့မလဲ။ သေချာတာက အဲဒီလို မဖြစ်မနေ ပြန်ပြော မိလို့ ဦးဘကျောက်ရဲ့ အငြူစူ ခံပြီးပြန်ယူရမယ်ဆိုရင်တောင် တစ်ခုနှစ်ခုလောက်က ဟိုလူ ကြီးရဲ့ ပါးစပ်ထဲကို ရောက် ပြီးသွားပြီလေ။ဒါပေမယ့် ဒီလူကြီး ဟာ ရပ်ကွက်သူ ရပ်ကွက် သားအများစုနဲ့ မတည့်တာ မှန်ပေမယ့် ကလေးတွေနဲ့ တော့ အံ့သြစရာကောင်း လောက်အောင်ကို တည့်နေ တတ်တယ်။ သူကိုယ်တိုင် ကလည်း ကလေးတွေဆိုရင် နည်းနည်းသည်းခံတတ်တဲ့ သဘောရှိတယ်။

နောက်ဆုံး ကလေးတစ်ယောက်က နှုတ် ဆက်ရင်တောင် လူကြီးတွေ လို ခွတိုက်မနေဘဲ ကောင်း ကောင်းမွန်မွန် ပြန်ပြောတတ် တယ်။ ညင်ညင်သာသာ ဆက်ဆံတတ်တယ်။ ဒါ ကြောင့် ဦးဘကျောက်ကို ကလေးတွေက ချစ်စနိုးနဲ့ ပေးထားတဲ့ နာမည်တစ်ခု လည်းရှိသေးတယ်။ “ရုံပိုင် ကြီး”တဲ့။ “ရုံပိုင်ကြီး”ဆိုလို့ မီးရ ထား ရုံပိုင်ကြီးလား၊ ဗီဒီယို ရုံပိုင်ကြီးလား၊ အလုပ်ရုံပိုင် ရှင်ကြီးလား၊ နောက်ဆုံး ရုပ် ရှင်ရုံကို ပိုင်တဲ့သူလားလို့ တော့ မထင်လိုက်နဲ့။ တစ်ခု မှ မဟုတ်ဘူး။ ကလေးတွေ က သူတို့ အဓိပ္ပာယ်နဲ့ သူတို့ ကျေကျေနပ်နပ် ပေးထားတဲ့ နာမည်။

သဘောက ဦးဘ ကျောက်ဟာ တိရစ္ဆာန်မွေး အင်မတန် ၀ါသနာပါတယ်။ သူ့အိမ်မှာ ကြက်၊ ဘဲ၊ ၀က် ကနေစပြီး ခွေး၊ ကြောင်၊ ယုန်တွေအပြင် ငှက်တွေအထိ ရှိတယ်။ သူ့ခြံဝကိုရောက် သွားရင် ကြက်သံ၊ ငှက်သံ အစရှိတဲ့ တိရစ္ဆာန်တွေရဲ့ အသံတွေဆိုတာ ပွက်လော ညံနေပြီ။ မကြားချင်မှအဆုံး။ ဒီတော့ ကလေးတွေရဲ့ ဆိုလို ရင်းက တိရစ္ဆာန်ရုံကြီးကို ပိုင်တဲ့ “ရုံပိုင်ကြီး” ပေါ့။

ဘာပဲဖြစ်ဖြစ် ရပ်ကွက် ထဲက ကလေးတွေကတော့ ဦးဘကျောက်အိမ်မှာ တစ်နေ့ မှ ပြတ်တယ်လို့ မရှိဘူး။ အမြဲတမ်း တအုန်းအုန်း တ၀ုန်းဝုန်းနဲ့ ဆူညံနေတော့ တာ။ မနက်မိုးလင်းတာနဲ့ တစ်ပြိုင်နက် အရပ်ထဲက ကလေးအတော်များများဟာ ဦးဘကျောက်အိမ်ကိုပဲ ပြေး ကြတာ။ ဒီခြံထဲမှာ ကလေး တွေအတွက် ကြက်တွေ၊ ဘဲတွေ၊ ခွေးတွေ၊ ကြောင် တွေက အထူးအဆန်းမဟုတ် ပေမယ့် ယုန်ကလေးတွေနဲ့ ငှက်ကလေးတွေကတော့ အထူးအဆန်းပေါ့။ သူတို့ ပတ်ဝန်းကျင်မှာ တွေ့ရခဲတာ ကိုး။ ဒီတော့ အဲဒီငှက်တွေ၊ ယုန်တွေကို လာကြည့်ကြတဲ့ ကလေးတွေဆိုတာ ရုံဝင်ခ ကောက်လို့ရတယ်။

နောက်ပြီး ဦးဘ ကျောက်က သူ့အိမ်မှာ ကလေးတွေ ပျော်အောင်လုပ် ပေးထားတဲ့ အစီအစဉ်တစ်ခု ရှိသေးတယ်။ အဲဒီ အစီအစဉ် က တခြားမဟုတ်ဘူး။ ကလေးတွေက တိရစ္ဆာန်တွေ ကို အလှည့်ကျစနစ်နဲ့ အစာ ကျွေးခွင့်ရတာ။ ကလေးတွေ ဆိုတာ ကန်စွန်းရွက်ကလေး တွေ၊ မုန်လာရွက်ကလေးတွေ၊ ဆန်စေ့၊ ပဲစေ့ကလေးတွေ တကိုင်ကိုင်ပေါ့။ ပျော်လိုက်၊ အော်လိုက်နဲ့ ဦးဘကျောက် ခြံဟာ ကလေးတွေအတွက် တကယ့်ကို ပျော်ရွှင်စရာ ဘုံနန်းရိပ်သာပဲ။

ကြွင်းးချက်အနေနဲ့ ဦးဘ ကျောက်က ငှက်လှောင်အိမ် သုံးခုရှိတဲ့အနက် သိမ်းငှက် လှောင်အိမ်ရဲ့ အနားကိုတော့ ဘယ်ကလေးမှ ကပ်ခွင့်မပေး ဘူး။ ကြည့်ချင်ရင် အဝေးက နေကြည့်။ အစာကျွေးရင် လည်း သူကိုယ်တိုင်ပဲ။ သိမ်း ငှက်ကလည်း ငါးပေ ပတ် လည်လောက်ရှိတဲ့ လှောင် အိမ်ထဲမှာ တစ်ချက်တစ်ချက် ထပျံလိုက်၊ တန်းကလေးပေါ် မှာ နားနေလိုက်။ တစ်ခါ တလေ ဦးဘကျောက် ချ ကျွေးတဲ့ အသားဖတ်၊ ငါး ဖတ်ကလေးတွေကို ဆင်း သုတ်လိုက်နဲ့ ဆိုတော့ ကလေးတွေ အနေနဲ့ အနား မကပ်ရလည်း အရေးမကြီး ဘူးလေ။

၂။

တစ်ခါတလေကျရင် ဦးဘကျောက်က သူ့ဆီ ရောက်လာတတ်တဲ့ ဧည့် သည်တော်ကလေးတွေကို စားမြိန်ဖွယ်ရာ သရေစာတွေ နဲ့ ဧည့်ခံတတ်သေးတယ်။ ဧည့်ခံပစ္စည်းက သူ့ရဲ့ ခြံ ထွက် စစ်စစ်ဖြစ်တဲ့ အုန်းသီး ပဲ။ အဲဒီ အုန်းသီးတွေကို လှ လှပပ ညီညီညာညာကလေး စိတ်ပြီး လင်ပန်းတစ်ခုထဲ ထည့်ပေးထားတယ်။ ဒီလိုပဲ အုန်းရေကိုလည်း ခွက်က လေးနဲ့ထည့်ပြီး ခုံကလေး တစ်လုံးပေါ်မှာ တင်ပေးထား တယ်။ သူသူငါငါ ရောက် လာတဲ့ ကလေးတွေထဲက အုန်းရေ သောက်ချင်တဲ့ ကလေးကသောက်၊ အုန်းသီး စိတ်စားချင်တဲ့ ကလေးက စားပဲ။ တကယ်လို့ အုန်းသီး စိတ်လုရင်း ကလေးတွေပီပီ စကားများမယ်၊ ရန်ဖြစ်မယ် တော့ မကြံနဲ့။ ဦးဘကျောက် က လုံးဝခွင့်မလွှတ်ဘူး။ ဒီ တော့ စည်းကမ်းပိုင်းနဲ့ ပတ် သက်လာရင် ကလေးတွေက သူတို့အိမ်မှာနေချင်သလို နေခဲ့ ကြပေမယ့် ဦးဘကျောက်ရဲ့  ခြံဝန်းထဲရောက်ရင် အပိုးကျိုး ကျိုးနဲ့ အံဝင်ခွင်ကျပဲ။

ထူးခြားတာက ဦးဘ ကျောက်ဟာ အဲဒီလို စည်း ကမ်းပိုင်းနဲ့ ပတ်သက်လာရင် လူတွေကို မဆိုထားနဲ့ တိရစ္ဆာန်တွေကိုတောင် လိုသ လို ပုံသွင်းထားနိုင်တာ။ ဘာ ကြောင့်လဲဆိုတော့ ဦးဘ ကျောက်အိမ်မှာ ကြောင်ချည်း သက်သက် ရှစ်ကောင်တိတိရှိ တယ်။ ခွေးက လေးကောင်။ ခွေးတွေကို ခြံထဲမှာ၊ အိမ်ထဲ မှာ ဖြစ်သလို ထားတတ်ပေ မယ့် ဦးဘကျောက်က ကြောင် တွေကိုတော့ နေရာထိုင်ခင်း သတ်မှတ်ပြီး စနစ်တကျ ထားတတ်တယ်။

သူထားပုံက အထပ် လေးထပ်ပါတဲ့ ဗီရိုလိုလို၊ စာအုပ်စင်လိုလို သစ်သား ကြောင်အိမ်ကလေးတစ်ခု ဆောက်ပေးထားတယ်။ အဲဒီ ဗီရိုပေါ်ကို ကြောင်တွေတက် လို့ရအောင် အလယ်တည့် တည့်မှာ လှေကားကလေး တစ်ခုလည်းရှိတယ်။ ကြောင် တွေအားလုံးဟာ အိပ်တော့ မယ်ဆိုရင် အလယ်လှေကား ကလေးက တက်သွားပြီး ကိုယ်ရဲ့ ပိုင်ရာဆိုင်ရာ အခန်း တွေမှာ အိပ်ရတယ်။ အိပ်ရာ တွေကိုလည်း ဂုံနီအိတ် ကလေးတွေ၊ စောင်စုတ်က လေးတွေ ခင်းပေးထားတယ်။ တစ်နေရာနဲ့ တစ်နေရာ အရောင်တော့ မတူဘူးပေါ့။

သေချာတာက အဲဒီ ကြောင်တွေဟာ ဦးဘကျောက် သတ်မှတ်ပေးထားတဲ့ နေရာ ကလွဲပြီး တစ်ကောင်နဲ့ တစ်ကောင် နေရာလုတာ၊ တစ်ကောင်ရဲ့ အိပ်ရာကို အခြားတစ်ကောင်က အနိုင် ကျင့် ၀င်အိပ်တာမျိုး လုံးဝ မရှိတာပဲ။ ဒီတော့ အဲဒီ ကြောင်တွေဟာ သူ့အထပ်၊ သူ့အိပ်ရာကလွဲရင် လုံးဝ နေရာ မမှားစေရဘူး။ ဒါဟာ ဦးဘကျောက်အနေနဲ့ တိရစ္ဆာန်တွေကို သိသိသာ သာ နိုင်နင်းတဲ့ အရည်အချင်း တစ်ရပ်ပဲ။

နောက်တစ်ချက်က ကြောင်တွေဟာဦးဘကျောက် အိမ်မှာ အမှန်တကယ် အသုံး ၀င်ပြီး အားကိုးရတဲ့ တိရစ္ဆာန် တွေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဦးဘကျောက်အိမ်ကို နေ့စဉ် လာနေကျ ကလေးတွေကလွဲ ပြီး အပြင်လူတစ်ယောက်မှ ၀င်လာလို့ မရဘူး။ ခွေးတွေ ကတော့ ကြောင်တွေရဲ့ ဘေး ကနေ အခြေအနေကို အကဲ ခတ်ပြီး အသာစောင့်ကြည့် နေတတ်တာမျိုး။တကယ်လို့ ဦးဘ ကျောက်အိမ်ကို ကိစ္စတစ်ခုခု နဲ့ ဧည့်သည်စောင်သည် လာပြီဆိုရင် ကြောင်တွေက အိမ်ရှေ့ကို လှစ်ခနဲ ပြေးထွက် သွားပြီး ခြံဝက လူကို သူတို့ ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိ တဲ့ အမွေးအမျှင်တွေကို အစွမ်းကုန်ထောင်ပြီး တဂီးဂီး နဲ့ ဟန့်တားထားတော့တာပဲ။

အဲဒီကြောင်တွေရဲ့ နောက်မှာ လျှာတစ်လစ်ထုတ်ပြီး လှုပ်ရှား မှု မှန်သမျှကို မျက်လုံး ဒေါက်ထောက်ပြီး စောင့် ကြည့်နေကြတဲ့ ခွေးလေး ကောင်။ သေချာတာက ကမ္ဘာဦးစကတည်းက ခွေးနဲ့ ကြောင် မတည့်ဘူးလို့ ဘယ် သူကဆိုဆို ဦးဘကျောက်ရဲ့ ကြောင်တွေနဲ့ ခွေးတွေက တော့ တည့်လွန်းလို့ သွေး သောက်ညီအစ်ကိုတွေလိုပဲ။ ဒါဆိုရင် သေချာပြီ။ ဟို ဧည့်သည်က အိမ်ထဲဝင် ဖို့ မ၀ံ့မရဲဖြစ်နေပြီဆိုမှ ကျန် တဲ့ ကြောင်သုံးလေးကောင် က အိမ်ထဲကို ၀င်သွားပြီး ဦးဘကျောက်ကို အကြောင်း ကြားတာ။

ကြောင်တွေက သူတို့ရဲ့  သခင်ကို အကြောင်း ကြားပုံက ဦးဘကျောက်ရဲ့ အနားမှာ တညောင်ညောင် အော်ပြီး လက်ကလေးတွေနဲ့ ပုတ်ပုတ် နေတတ်တာ။ တစ်ခါတလေ ဦးဘကျောက် ရဲ့  ပုဆိုးစကိုဆွဲပြီး အိမ်ရှေ့  ကို ခေါ်တတ်တာ။ ဒါဆိုရင် သခင်ဖြစ်သူကသိပြီ။ အိမ်ရှေ့  မှာ ဧည့်သည်တစ်ယောက် ရောက်နေပြီဆိုတာ။ဒါကြောင့် ဦးဘ ကျောက်အိမ်ကို သူခိုးတွေ၊ ဘာတွေ ကပ်ဖို့ မကြိုးစားနဲ့။ အရိုးတခြား အသားတခြား ဖြစ်သွားလိမ့်မယ်။

၃။

တချို့ကတော့ ထင်ကြ တာပေါ့။ ဒီလူကြီးဟာ ဘာ ကြောင့် အခုလို တိရစ္ဆာန် ပေါင်းစုံကို မွေးထားရတာပါ လိမ့်ပေါ့။ ဒါပေမယ့် ဒီကိစ္စ ကို အစက ဘယ်သူမှ မသိ ပေမယ့် နောက်ပိုင်းကျတော့ အလိုလို သိလာကြတယ်။ သေချာတာက ဦးဘကျောက် ဟာ နေ့စဉ်နဲ့အမျှဆိုသလို ဟင်းကောင်း၊ ကျွေးကောင်း စားရတာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ခြံထဲမှာရှိတဲ့ ကြက်တွေနဲ့ ဘဲတွေဟာ သူ့ ရိက္ခာလေ။ “ကြက်မတစ် ကောင်၊ ခြောက်လရှောင်၊ တစ်နေ့ တစ်ကောင်စား” ဆိုသလိုပဲ။ ဦးဘကျောက်က အဲဒီတိရစ္ဆာန်တွေကို တစ်နေ့ တစ်ကောင်စားတာတောင် မကုန်နိုင်ဘူး။

နောက်ပြီး သူ့ရဲ့ အကျင့် တွေထဲမှာ ထူးထူးခြားခြား အကျင့်တစ်ခု ရှိသေးတယ်။ အဲဒီ အကျင့်က အုန်းသီးဆို ရင် အငမ်းမရ ကြိုက်တာပဲ။ ဦးဘကျောက် အုန်းသီးကြိုက် တာကို ရပ်ကွက်ထဲက လူ တွေမပြောနဲ့။ သူ့ရဲ့ ဘော်ဒါ တွေဖြစ်တဲ့ ကလေးတွေတောင် သိတယ်။ အဲဒီကလေးတွေ က သူနဲ့ပိုရင်းနှီးနေတာလည်း ပါမှာပေါ့။ ဒါကို စပ်စုတတ် တဲ့ ကလေးတစ်ယောက်က ဦးဘကျောက်ကို
“ဘဘက အုန်းသီးကို ဘာကြောင့် ဒီလောက် ကြိုက် တာလဲ”
လို့မေးဖူးတယ်။ ဒီအခါ မှာ ဦးဘကျောက်က စိတ်လို လက်ရ ပြန်ပြောတယ်။

“ငယ်ငယ်ကတော့ အဘလည်း အုန်းသီးကို ဘယ်ကြိုက်ပါ့မလဲကွာ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မကြိုက်၊ ကြိုက်အောင် လုပ် ထားရတာကွ။ ဘာဖြစ်လို့ လဲဆိုတော့ ဘဘက အုန်းသီး ကိုမှ မစားဖြစ်ရင် တခြား သရေစာတွေကို စားမိမယ် လေ။ အဲဒီလို စားမိရင် ပိုက် ဆံတွေ အပိုကုန်မှာပေါ့။ ကဲ အခုဆိုရင် ကြည့်စမ်း။ ဘဘ တစ်ယောက်တည်းတင်မက ဘဲ မင်းတို့ကို နေ့တိုင်း ကျွေး နေတာတောင် မကုန်ဘူး မဟုတ်လား”

ဟုတ်တော့လည်း ဟုတ်တယ်လေ။ ဦးဘ ကျောက်ရဲ့  ခြံပတ်ပတ်လည် တစ်လျှောက်လုံးမှာအများဆုံး က အုန်းပင်တွေမဟုတ်လား။ ဒီတော့ သူ့စကားက မှန်နေ တာပေါ့။ သေချာတာက အုန်းပင်တွေအပြင် ကုက္ကိုပင်၊ ပိတောက်ပင်၊ ဗာဒံပင်စတဲ့ အရိပ်ရအပင်တွေဆိုတာလည်း အုံ့အုံ့ဆိုင်းဆိုင်းပဲ။ နွေခေါင် ခေါင်မှာတောင် နေပြောက် တစ်ချက်ထိုးတာမဟုတ်ဘူး။ ဒီတော့ ဦးဘကျောက်ခြံထဲကို ရောက်နေလေ့ရှိတဲ့ ကလေးတွေ အတွက် သူတို့မိဘတွေက သဘောကျကြတာပေါ့။ ထိန်းကျောင်းရ သက်သာ သလို နေပူထဲ ထွက်ကစား မှာကိုလည်း မပူရတော့ဘူး လေ။

သူနေတဲ့ အိမ်ကြီး ကိုရော ကြည့်ဦးမလား။ အမေရိကန်သမ္မတနေတဲ့ အိမ်ဖြူတော်လိုလို ဘာလိုလိုနဲ့ တိုက်တစ်ခုလုံးကို ဆေး အဖြူတွေ သုတ်ထားလိုက် တာများ ဖွေးဖွေးကို လှုပ် နေတော့တာ။ လမ်းထဲက လူတွေကတော့ ရှားတောင့် ရှားပါး တိုက်အိမ်မို့ အုတ် တိုက်လို့ ခေါ်ကြတယ်။ နောက်ပြီး သူ့တိုက်ကြီးက တကယ့်ကို အကျယ်ကြီး။ ဒါပေမယ့် သိပ်လှတဲ့ စာရင်း ထဲမှာတော့ မပါဘူး။ တိုက် ပုံစံက သူ့လိုပဲ ရိုးရိုးကြီး။ ဘုကန့်လန့်ကြီး။ ဘာဖြစ်လို့ လဲဆိုတော့ ဆင်ဝင်မပါ၊ လေ သာဆောင်မပါနဲ့ ရဲတိုက်ကြီး တစ်ခုလို ပြောင်ချောကြီး။ ထားပါတော့။

အဲဒီတိုက်ကြီးနဲ့ ဦးဘ ကျောက် ဟာမိုနီဖြစ်တာ၊ မဖြစ်တာက ပြဿနာမဟုတ် ဘူး။ လူတွေရဲ့ အမြင်ကို ဆို လိုချင်တာ။ ပတ်ဝန်းကျင်က ဦးဘကျောက်ကို ဘယ် လောက်ပဲ မျက်စိ စပါးမွေး စူးစူး၊ ဘယ်လောက်ပဲ ကြည့် မရဖြစ်နေနေ သူ့မိန်းမ ဒေါ် သိုက်ကြီးကိုတော့ လူတော် တော်များများက ခင်ကြ တယ်။ ဒေါ်သိုက်က စကား နည်းတယ်လေ။ နောက်ပြီး ပတ်ဝန်းကျင်နဲ့ အလျဉ်းသင့် သလို နေတတ်တဲ့အပြင် ပေး တတ်၊ ကမ်းတတ်၊ ကြင်နာ တတ်သေးတာကိုး။

ဒေါ်သိုက်က သဘော ကောင်းတော့ တစ်ခါတလေ အရပ်ထဲက ရပ်ကွက်သား တစ်ယောက်ယောက်ဟာ ညှိုးညှိုးငယ်ငယ်နဲ့ စားဝတ် နေရေးအတွက် အခက်အခဲ ဖြစ်နေတာတွေ့ရင် ဆန်တွေ၊ ဆီတွေ၊ ငါးပိတွေကို ဦးဘ ကျောက်မသိအောင် ခိုးခိုးပေး တတ်တယ်။ ဒီကိစ္စကို မတော်တဆ ဦးဘကျောက် များ သိသွားခဲ့ရင် ဒေါ်သိုက် ကို ရန်သူကြီးတစ်ယောက်လို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးစူးစူးကလေးတွေနဲ့ ပေါက်ထွက်မတတ်ကြည့် တယ်။ ပြီးတော့ အမျိုးမျိုး ရမယ်ရှာပြီး ငါ့စကားနွားရ ပြစ်တင်မောင်းမဲတော့တာပဲ။

တကယ်တော့ သူတို့ နှစ်ယောက်ကတစ်အိမ်တည်း မှာနေပြီး အကျင့်စရိုက်ချင်း က ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေကြတာ မဟုတ် လား။ ဒီတော့ ဒေါ်သိုက်ကြီး ဟာ ဒီလူကြီးရဲ့  ထားရာနေ စေရာသွား စက်ရုပ်တစ်ရုပ် လို အသက်မပါတဲ့ ၀တ္တရား ဆန်ဆန် လှုပ်ရှားမှုတွေနဲ့ နေထိုင်ရရှာတာမဟုတ်လား။

ဒီတော့ တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလို ရပ်ကွက် သူ ရပ်ကွက်သား အတော် များများက ဒေါ်သိုက်ကိုခင်မင် ကြသလောက် ဦးဘကျောက် ကိုတော့ ဘယ်သူမှ ဆေးဖော် ကြောဖက် မလုပ်ချင်ကြတော့ ဘူး။ ဒီကြားထဲ အဲဒီ လူ့ကန့်လန့်နဲ့ ပြဿနာ တက်ရတဲ့သူကရှိသေးတယ်။ ဒေါ်ချိုဆိုတဲ့ အမျိုးသမီးကြီး ပေါ့။ ဖြစ်ချင်တော့ ဒေါ်ချို က တစ်နယ်တစ်ကျေးကနေ ပြောင်းလာပြီး ဘာကိုမှ မစူး စမ်း၊ မဆင်ခြင်ဘဲ ဦးဘ ကျောက်ရဲ့  ဘေးခြံကို ၀ယ် လိုက်လေရော။

ဒေါ်ချိုရဲ့ပုံစံက လူတိုင်း အတွက် ခင်မင်ချင်စရာတော့ ကောင်းပါရဲ့။ စကားပြောရင် မွန်သံနည်းနည်း ၀ဲတယ်။ မျက်နှာချိုတယ်။ လူပုံစံက အသားဖြူဖြူ ၀၀ဖိုင့်ဖိုင့် ဆို ပါတော့။ နောက်ပြီး အဲဒီ့ ဒေါ်ချိုက ပေါင်းသင်းဆက် ဆံရေးလည်း အထိုက်အ လျောက် ကောင်းသူဆိုတော့ ပတ်ဝန်းကျင်နဲ့ သင့်တင့် အောင် ပေါင်းတတ်တယ်။ သေချာတာက အဲဒီဒေါ်ချိုနဲ့ ဦးဘကျောက်တို့ဟာ တစ်နေ့ တော့ မလွဲသာ မရှောင်သာ ထိပ်တိုက်ကို တွေ့ကြတော့ တာပဲ။

ပြဿနာရဲ့ အစက ဒေါ်ချိုတစ်ယောက် သူ့အိမ် ကို ပြန်ပြင်ဆောက်ဖို့ဆိုပြီး သစ်တွေ၊ အုတ်တွေ၊ ဘိလပ် မြေတွေကို ကားတွေနဲ့ အိမ်ရှေ့ မှာ လာချတယ်။ နောက်နှစ် ရက်လောက်နေတော့ အိမ် ဆောက်မယ့်လက်သမားတွေ၊ ပန်းရံဆရာတွေပါ ရောက် လာကြရော။ မကြာခင်မှာဘဲ လက်သမားတွေက ပထမ အိမ်အဟောင်းကို ဖျက်။ လူတွေနေလောက်ရုံ၊ အိပ် လောက်ရုံဆိုတဲ့သဘောနဲ့ ထရံအဟောင်းကလေးခင်းပြီး အမိုးကလေး မဖြစ်ညစ်ကျယ် မိုးပေးထားတယ်။
ပြဿနာက အဲဒီ မနက် မှာစတာ။

ဖြစ်ပုံက ဒေါ်ချို့ အိမ် ပြန်ဆောက်ဖို့ ပြင်ဆင်ကြ တော့ ဦးဘကျောက်ရဲ့ အုန်း ပင်တစ်ပင်နဲ့က မလွတ်ဘူး ဖြစ်နေတယ်။ အဲဒီ အုန်းပင် ကြီးကလည်း ဒေါ်ချို့အိမ် ဘက်ကို သိသိသာသာကြီး ကို စောင်းထွက်နေတာ။ ဒါ ကြောင့် ဒေါ်ချိုက ဦးဘ ကျောက်ကို ခက်ခက်ခဲခဲ ခေါ်ထုတ်ပြီးတော့ တောင်း ပန်ရတယ်။ “အဲဒီအုန်းပင် ကလေးခုတ်ပေးပါ”ပေါ့လေ။ ဒီတော့ ဦးဘကျောက်က သူ့ ရဲ့ တိရစ္ဆာန်တွေနဲ့ ရှုပ်ယှက် ခတ်နေတဲ့ကြားကနေ တစ် ခွန်းတည်း ပြန်ပြောတယ်။

“ငါက သစ်ပင်ကို နင် တို့ ခြံထဲအထိ ကျူးကျော်ပြီး စိုက်ထားတာမဟုတ်ဘူး။ သူ့ အလိုလို စောင်းထွက်သွား တာ။ ဒီတော့ ခုတ်မပေးနိုင် ဘူး”တဲ့။

ဒေါ်ချို့ဘက်က ပြန် ကြည့်ရင် ၀ယ်ထားတဲ့ မြေ ကွက်ကလည်း ကျဉ်း။ ဦးဘကျောက်ကလည်း သူ့ သစ်ပင်အတွက် ကန့်လန့် တိုက်နေပြန်တော့ အတော့်ကို အကျပ်ရိုက်နေတာပေါ့။ နောက်ဆုံးမှာ ဒေါ်ချိုက သစ်ပင်ခုတ်ဖို့ကို တောင်း တောင်းပန်ပန်နဲ့ ပြောရတဲ့ အပြင် သစ်ပင်ရဲ့ တန်ဖိုးကို ပါ လျော်ပါ့မယ်ဆိုတဲ့ ကတိ နဲ့ ဦးဘကျောက်က ခုတ်ခွင့် ပြုလိုက်တယ်။ အဲဒီ့အခါမှာ တစ်ရပ်ကွက်လုံးက လူတွေ အကုန်လုံး အံ့သြတကြီးနဲ့ ခေါင်းထောင်လာကြတယ်။ “ဒီတစ်ခါ လူ့ခွစာကြီးက တယ်ဟုတ်ပါလား” ဆိုတဲ့ သဘောပေါ့။ ဒါပေမယ့် ဘယ်သူမှ မသိအောင် ဒေါ်ချို ရှင်းပေးလိုက်ရတဲ့ ပြဿနာ က နောက်နှစ်ရက်လောက် နေတော့ လူသတင်း လူချင်း ဆောင်ပြီး တငွေ့ငွေ့ပျံ့ လာ ခဲ့တယ်။

အဲဒီအုန်းပင်ကို ခုတ်ပြီး ရင် ရလာမယ့် သစ်ပင်အပိုင်း အစတွေကို လက်သမားတွေ၊ ပန်းရံဆရာတွေရဲ့ အကူအညီနဲ့ သူ့ခြံထဲ လှိမ့်သွင်းပေးရမယ့် သဘောတူညီချက်အပြင် အုန်းပင်ရဲ့ တန်ဖိုးကိုလည်း ငါးသောင်းတိတိ ပေးလျော်ခဲ့ ရသေးတယ်ဆိုပဲ။ဒီတော့ ရပ်ကွက်သူ ရပ်ကွက်သားတွေဟာ ဦးဘ ကျောက်ကို ရှေးကထက် ပိုချဉ်လာကြတော့တာပေါ့။ သေချာတာက ဦးဘကျောက် နဲ့ ပတ်သက်ပြီး လမ်းသူ လမ်းသားတွေ ပြောခဲ့တဲ့ စကားတွေဟာ သွေးထွက် အောင် မှန်နေပါလားဆိုတာ ကို ဒေါ်ချိုတစ်ယောက် နဖူး တွေ့၊ ဒူးတွေ့ တွေ့လိုက်ရ ပြီလေ။ ဒေါ်ချိုကတော့ စကားအလျဉ်းသင့်တဲ့အခါ တွေမှာ ညည်းတတ်ပါတယ်။

“ဒီလို လူ့ခွစာကို ငါ့ တစ်သက်မှာ တစ်ခါမှ မတွေ့ ခဲ့ဖူးပါဘူး”တဲ့လေ။

၎။

သေချာတာကတော့ ဒီ ရပ်ကွက်သူ ရပ်ကွက်သား တွေနဲ့ ဦးဘကျောက်တို့ဟာ ကမ္ဘာအနောက်ခြမ်းက နေထွက် လာမှပဲ နားလည်မှုရကြ တော့မယ့် အခြေအနေမျိုး ဆိုပါတော့။ ဒါကြောင့် သူ့ကို ဘယ်သူမှ အရေးတယူလုပ် ပြီး မဆက်ဆံကြတာမှန်ပေ မယ့် မဖြစ်မနေ ဆက်ဆံရ မယ့် နောက်ထပ်အခြေအနေ တစ်ရပ်က လိပ်စာမပါ၊ ညွှန် ကြားချက်မရှိဘဲ တည့်တည့် မတ်မတ်ကြီးကို ရောက်လာ ခဲ့သေးတာ။ဖြစ်ပုံက ဘင်္ဂလားပင် လယ်အော်ကနေ အင်အား အလုံးအရင်းနဲ့ ၀င်လာခဲ့တဲ့ မုန်တိုင်းတစ်ခုကြောင့် ဆိုပါ တော့။

အဲဒီမုန်တိုင်းမတိုက် ခင်ညက ဦးဘကျောက်ခြံထဲ မှာရှိတဲ့ တိရစ္ဆာန်တွေဟာ ယောက်ယက်ခတ်ပြေးလွှား နေကြသေးတာ။ ခါတိုင်း အိပ်တန်းတက်ရင် အေးအေး ဆေးဆေးတက်လေ့ရှိတဲ့ ကြက်တွေဟာ အပြေးပြေး အလွှားလွှားနဲ့ ကတော် ကတော် အော်ဟစ်ပြီး ၀ရုန်း သုန်းကား ဖြစ်နေသေးတာ။ လှောင်ချိုင့်ထဲမှာရှိတဲ့ သိမ်း ငှက်ကြီးကလည်းထပျံလိုက်၊ နားလိုက်၊ မြေပြင်ကို ခုန် ဆင်းလိုက်၊ သစ်သားတန်း ကလေးပေါ် ခုန်တက်လိုက်နဲ့ ဂနာကို မငြိမ်တော့ဘူး။

တစ်ညနေလုံးနီးပါး တီဗွီက ကြေညာနေတဲ့ မုန် တိုင်းကြောင့် ဒီတိရစ္ဆာန်တွေ ဒီလိုဖြစ်နေတယ်ဆိုတာကို လည်း ဦးဘကျောက် မပြော နဲ့၊ ဖြတ်သွားဖြတ်လာတွေ တောင် သိတယ်။ အဲဒီမှာ ယုန်ကလေးတွေကတော့ လှောင်ချိုင့်ရဲ့ တစ်ဖက် ထောင့်မှာ မျက်လုံးအပြူး သားလေးတွေနဲ့ အထိတ် ထိတ်အလန့်လန့် ဖြစ်နေတဲ့ ပုံမျိုးတွေ။သေချာတာက အဲဒီည သန်းခေါင်ယံ မတိုင်ခင်က လေးကနေ နတ်ဆိုးတစ်ပါး ရဲ့ လေချွန်သံလို တရွှီရွှီမြည် ပြီး လောကဖျက်မယ့် လေ လှိုင်းတွေဟာ တ၀ုန်းဝုန်းပဲ။ တစ်ချက်တစ်ချက် ခပ်ပြင်း ပြင်း ဆောင့်တိုက်လိုက်၊ လှည့်လိုက်၊ ပတ်လိုက်၊ ဝေ့ လိုက်နဲ့ တိုက်နေတာဟာ လောကကြီးတစ်ခုလုံးကို ကြည့်လိုက်ရင် ကြောင်တစ် ကောင်ရဲ့ လက်ထဲကို ရောက် နေတဲ့ ကြက်ကလေးတစ် ကောင်လို ကံကြမ္မာရဲ့ အနာ ဂတ်ကို ဘယ်လိုမှ ဖတ်ရှုလို့ မရနိုင်လောက်အောင်ပဲလေ။

နောက်တစ်နေ့ မုန်တိုင်း စဲသွားချိန်မှာ ကမ္ဘာလောက ကြီးဟာ အနိဋ္ဌာရုံတွေနဲ့ ပြည့် နေပြီး၊ ကြည့်လေရာရာ မြင် ကွင်းတိုင်းဟာ ၀မ်းနည်းစရာ တွေအတိနဲ့ သဘာဝရဲ့ ဒဏ် ခတ်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရတယ်။ လမ်းတွေပေါ် မှာ ကန့်လန့်ဖြတ်လဲနေတဲ့ သစ်ပင်ကြီးငယ်တွေ၊ ဓာတ် တိုင်တွေ၊ အုန်းသီးတွေ၊ သရက်သီးတွေရဲ့ ပေးဆပ်မှု ဟာ ကမ္ဘာဦးကို ပြန်ရောက် သွားရသလို မြေပြင်ပေါ်မှာ ပွစာ ကြဲနေတော့တာ။ ဒီဒဏ်ကို ရင်ဆိုင်ခဲ့ရ တဲ့ လူတွေအားလုံးဟာ ၀မ်း နည်းစွာ ခံစားနေကြရတဲ့ ဖဿဝေဒနာတွေကို ကိုယ်စီ ကိုယ်ငပိုက်ထွေးပြီး ကိုယ့်ခြံ ကိုယ်ရှင်း၊ ကိုယ့်ပတ်ဝန်းကျင် နဲ့ ကိုယ့်အိမ်တွေကိုပြန်ပြုပြင် နဲ့ မအားလပ်နိုင်ကြအောင် ပါပဲ။

ဒီကြားထဲ အထိအခိုက် နည်းတဲ့ သူတွေက အထိ အခိုက်များတဲ့ အိမ်တွေ၊ အပြိုပြိုအလဲလဲ ဖြစ်သွားတဲ့ အိမ်တွေကိုပြန်လည်ထူထောင် ဖို့ အားကြိုးမာန်တက် ကူညီ နေကြတာဟာ ဒုက္ခတွေကြား ထဲက စေတနာအလှတွေလို့ တောင် ဆိုနိုင်ပါရဲ့။ဒါပေမယ့် ဒီရပ်ကွက် ကလေးထဲမှာရှိသမျှ လူတွေ အားလုံးဟာ အံ့သြ၀မ်းနည်း ယူကျုံးမရတဲ့ စိတ်အခံတွေ နဲ့ တစ်ဦးကိုတစ်ဦးဖေးမရင်း၊ အားပေးကူညီရင်း၊ စိတ်မချမ်း သာဖွယ် မြင်ကွင်းတစ်ခုကို အားလုံး မြင်နေကြရတယ်။ အဲဒီမြင်ကွင်းက တခြား မဟုတ်ဘူး။ ဦးဘကျောက်ရဲ့ ခြံပဲ။

ကြည့်စမ်းပါဦး။ ဦးဘကျောက်ရဲ့ ခြံထဲ က နွေအခါမှာ နေပြောက် တောင်မထိုးနိုင်တဲ့ သစ်ပင် ကြီးငယ်တွေဟာ သူ့ရဲ့ အိမ် ကြီးအပေါ် ပြိုကျတဲ့ သစ်ပင် က ပြိုကျ၊ အကိုင်းအခက် တွေနဲ့ အမိုးကို ထိုးဖောက်တဲ့ သစ်ကိုင်းတွေက ထိုးဖောက် ပေါ့။ အားလုံးကို ခြုံကြည့် ရင် တကယ့်ကို ပြားပြားဝပ် သွားတော့တာ။ ဖွေးဖွေးလှုပ် နေတဲ့ သစ်ပင်သစ်ကိုင်းတွေ ကြောင့်လည်း တစ်ခြံလုံးစိမ်း စိမ်းကို မှောင်နေတော့တာ။

ဒီတော့ ရပ်ကွက်သူ ရပ် ကွက်သားတွေက ကိုယ့်ရဲ့ ပိုင်ရာဆိုင်ရာ ဒုက္ခတွေကို တတ်နိုင်သမျှ ခဏဘေးဖယ် ပြီး လူမှုဝန်ထမ်းစိတ်နဲ့ အကူ အညီပေးကြရအောင်ဆိုပြီး ရနိုင်သမျှ လူစုကြတယ်။ ရည်ရွယ်ချက်ကဦးဘကျောက် ရဲ့  ခြံကြီးကို ၀ိုင်းရှင်းပေးဖို့ ဆိုပါတော့။ သေချာတာက ဒီလူတွေအားလုံးဟာ ဦးဘ ကျောက်ကို အကူအညီပေး ချင်လွန်းကြလို့တော့ မဟုတ် ဘူး။ ဒေါ်သိုက်ကြီးကို သနားကြလွန်းလို့သာ။ ဘာပဲ ဖြစ်ဖြစ် ဒေါ်သိုက်နဲ့ ကျေးဇူး မကင်းတဲ့သူတွေဆိုတော့ အတော်များများက စိတ်ပါ လက်ပါနဲ့ ကူညီဖို့ ဆုံးဖြတ် ကြတယ်။

နောက်တစ်ချက်က ဒီ လူကြီးအနေနဲ့ ပတ်ဝန်းကျင် ကို ဘယ်လောက်တောင်ပဲ ကန့်လန့်တိုက်နေနေ နောက် ဆုံးတော့ အဲဒီပတ်ဝန်းကျင် ရဲ့ အကူအညီကို အမှန်တ ကယ် လိုအပ်လာပြီ မဟုတ် လား။ နောက်ပြီး ဒီလူကြီး အနေနဲ့ ဒီခြံကြီးကို တစ် ယောက်တည်းရှင်းဖို့ ဆိုတာ ကလည်း တော်ရုံတန်ရုံ မဖြစ် နိုင်တဲ့ အခြေအနေလေ။ ဒါ ကြောင့် လိုအပ်တဲ့ ဓားတွေ၊ လွှတွေ၊ ပုဆိန်တွေကို သယ် ပိုးပြီး ဦးဘကျောက်ခြံဆီကို ရှေးရှုချီတက်သွားကြတယ်။
ခြံဝရောက်တော့ ဟိုက ဒီက ခုန်ကျော်ပေါက်ကျော် သွားနေကြတဲ့ ကြက်တွေ၊ ဘဲတွေ၊ ခွေးတွေ၊ ကြောင် တွေကို တွေ့ကြရတယ်။ ဦးဘကျောက်ကိုတော့ ခြံထဲ မှာရော အိမ်ထဲမှာပါ လုံးဝ မတွေ့ကြရဘူး။

အားလုံးက တော့ ဦးဘကျောက်တစ် ယောက် အိမ်ထဲမှာ ပျက်ယွင်း နေတဲ့ ပစ္စည်းပစ္စယတွေကို တစ်ယောက်တည်း ဒိုင်ခံ သိမ်းဆည်းနေလို့လား။ ဒါမှ မဟုတ် သစ်ကိုင်းကျိုးကျပြီး၊ အန္တရာယ်တစ်ခုခုများ ကြုံ နေပြီလားဆိုပြီး အမျိုးမျိုး တွေးကြတာပေါ့။ ဒါကြောင့် ကူညီဖို့ အသင့်ဖြစ်နေတဲ့ လူစုက ပထမဆုံးအနေနဲ့ သံပြိုင်အော်လိုက်ကြတယ်။

“ဦးဘကျောက်ရေ..”

“ဗျို့...ဦးလေး... ဦးလေးရေ....”

ခြံဝက အသံတွေ ကြောင့် ဦးဘကျောက်ရဲ့ တိရစ္ဆာန်တွေထဲက ကြောင် တွေနဲ့ ခွေးတွေက ပထမဆုံး ပြေးထွက်လာကြတယ်။ ပြီး တော့ ဂီးဂီးဂဲဂဲလုပ်ပြီး ခြံထဲ ကနေ ဟန့်တားနေကြတယ်။ အိမ်ထဲကလည်း ဘာတုံ့ပြန် သံမှ မကြားရဘူး။ ခြံကြီးရဲ့ ခေါင်းရင်းဘက်မှာ ရှိတဲ့ ငှက်လှောင်အိမ်ကြီးကတော့ ပိတောက်ကိုင်းတစ်ခုပိပြီး တစ်ခြမ်းလုံး ဟင်းလင်း ပွင့်ထွက်နေတယ်။ ဒါကြောင့် သိမ်းငှက်ကြီးကတော့ ဒီတစ် ခါ လွတ်သွားမှာပဲလို့ အား လုံးက ထင်နေကြတယ်။

တချို့ကတော့ လှောင် အိမ်ကို အုံ့ဆိုင်းနေတဲ့ ပိတောက်ကိုင်းတွေရဲ့ ကြား ကနေ ချောင်းကြည့်တော့ အားလုံး အံ့အားတသင့် ဖြစ် သွားကြတယ်။ ကြည့်လေ ...လူအားလုံးက ကရုဏာ ထားပြီး လွတ်ပါစေလို့ ဆု တောင်းနေကြရတဲ့ သိမ်း ငှက်ကြီးဟာ ဟင်းလင်းပွင့် ထွက်နေတဲ့ လှောင်အိမ် အပေါက်ကြီးကနေ ပျံထွက် မသွားဘဲ သဘာဝကိုလွန်ဆန် ပြီး သံဆန်ခါအနားမှာကပ်ပြီး ငြိမ်ငြိမ်ကုပ်ကုပ်ဖြစ်နေတယ်။ မျက်လုံးတွေကလည်း အထိတ် ထိတ်အလန့်လန့်နဲ့ ဟိုကြည့် ဒီကြည့် ဖြစ်နေတယ်။

ဒီတော့ လူတော်တော် များများက သူတို့ ဒီကိုလာ ကြတဲ့ ရည်ရွယ်ချက်ကို မေ့ သွားကြပြီး အာရုံတွေ အကုန် လုံးက သိမ်းငှက်ကြီးဆီကိုပဲ စုပြုံ ရောက်ရှိနေကြတယ်။ နှုတ်တွေကလည်း တရွရွနဲ့၊ ထင်ရာမြင်ရာတွေကို ဦးတည် ရာမဲ့ ပြောဆိုနေကြတယ်။

“ကြည့်စမ်းပါဦးကွာ ...။ ဒီသိမ်းငှက်ကြီးက လှောင်အိမ်ကြီး ပွင့်သွားတာ တောင် ပျံထွက်မသွားဘဲ ဒီမှာလာကုပ်နေတာ ထူးဆန်း တယ်ကွ”

“အေးလေ အတောင် များ ကျိုးနေသလားမှ မသိ တာ”

“မုန်တိုင်းကို ကြောက် သွားတာဖြစ်နိုင်တယ်” အဲဒီအချိန်မှာ သိပ်စိတ် ရှည်ပုံမရတဲ့ ကိုအောင်ကြီး ဆိုတဲ့ လူတစ်ယောက်က လက်ထဲမှာ ကိုင်လာတဲ့ ပုဆိန် ကြီးကို မြေကြီးပေါ် ပစ်ချ ရင်း။

“နေစမ်းပါဦး မင်းတို့ က အဲဒီငှက်ကိစ္စကို ဆွေးနွေး မှာလား။ ဟိုမှာ သေသလား၊ ရှင်သလား မသိရတဲ့ ဦးဘ ကျောက်နဲ့ ဒေါ်သိုက်ကို ခေါ် ထုတ်ကြမှာလား” ဆိုပြီး ဒေါနဲ့ မောနဲ့ နှိုးဆော်လိုက်မှ “ဟုတ်သားပဲ” ဆိုရင်း အား လုံးက ပြုံးဖြီးဖြီးမျက်နှာတွေ နဲ့ သံပြိုင် ထအော်ကြတယ်။

“ဗျို့ ...ဦးဘကျောက်”

“ဦးဘကျောက်ရေ..”

“ဒေါ်သိုက်ရေ...”

အိမ်ဆီက ဘာတုံ့ပြန် သံမှ မကြားရဘူး။ဒီတော့ လူအုပ်ကြီးက တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်တဲ့ မျက်လုံး တွေ တဖြည်းဖြည်း စိုးရိမ် ပူပန်လာတဲ့ မျက်နှာတွေနဲ့ ပြိုင်တူလှမ်းကြည့်နေကြတယ်။ ပြီးတော့ စိုးရိမ်သံနည်းနည်း စွက်နေတဲ့စကားတွေနဲ့လည်း တစ်ဦးနဲ့ တစ်ဦးပြောရင်း မျက်လုံးတွေကလည်း တစ် ခြံလုံးကို ကျီးကန်းတောင်း မှောက်ရှာရင်းနဲ့ သူတို့ရဲ့ ပူပန် စိတ်တွေကို နည်းပေါင်းစုံသုံး ပြီး အမြင်ချင်း ဖလှယ်နေ ကြတယ်။

“ဒုက္ခပဲ...ဒီလူကြီး သေများနေပြီလားတောင် မသိဘူး။ ငါတို့ ၀င်ကြည့် ကြရင်ကောင်းမယ်ကွာ”

“ဟာ...ဘယ်လိုလုပ် ဒီခြံထဲကို အတင်းဝင်လို့ ဖြစ် မှာလဲ။ ဟိုမှာ ကြည့်ပါလား ...” ဆိုပြီး တစ်ယောက်က ခြံထဲကို မေးငေါ့ပြတော့ တဂီးဂီး တဂဲဂဲလုပ်နေကြတဲ့ ခွေးတွေနဲ့ ကြောင်တွေကို အကြောင်သား ငေးနေမိကြ တယ်။

အဲ့ဒီအချိန်မှာပဲ လူအား လုံးရဲ့ မျက်လုံးတွေက ဖျတ် ခနဲ လှုပ်သွားတဲ့ ဦးဘ ကျောက်ရဲ့ အိမ်တံခါးဆီကို အာရုံ စူးစိုက်စွာကြည့်ရင်း ငြိမ်သက်ကုန်ကြတယ်။ ပြီး တော့ တဖြည်းဖြည်း ပွင့်ဟ သွားတဲ့ တံခါးပေါက်ရဲ့  အ၀ မှာ တဖြည်းဖြည်းနဲ့ ရုပ်လုံး ပေါ်လာတာကဦးဘကျောက်။ မားမားကြီးကို ရပ်လို့။ ဒီတော့မှ ရပ်ကွက်ထဲက လူ အားလုံးဟာ ပင့်သက်တွေ ပြိုင်တူချရင်း ပြုံးနိုင်ကြ တော့တယ်။ သဘောက တော့ “တော်ပါသေးရဲ့ ဒီလူ ကြီး သစ်ပင်၊ သစ်ကိုင်းတွေ ပိပြီး မသေသေးဘူး”ပေါ့။

ဒီအခါမှာ ဦးဘ ကျောက်က သူ့ရဲ့မျက်ပေါက် ကျဉ်းကျဉ်းကလေးတွေကို တတ်နိုင်သမျှ ကျုံ့ ရင်း အေး စက်စက်လေသံနဲ့ လှမ်းမေး တယ်။
“ဘာကိစ္စလဲ...”

တတ်နိုင်သမျှ ကူညီပြီး ခြံရှင်းပေးကြမယ့်သူတွေ ခဏတော့ မှင်တက်မိသွား ကြတယ်။ ရုတ်တရက် ဘာပြောလို့ ပြောရမှန်းမသိ အောင်လည်း အံ့သြသွားကြ တယ်။ အာမေဋိတ်သံတွေဆို တာလည်း အသီးသီးရဲ့ နှုတ် ဖျားတွေကနေ ဖောဖောသီသီ ထွက်ကျကုန်ကြတယ်။ ဒါ ကြောင့် နားမလည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ တစ်ဦးကို တစ်ဦး ကြည့်လို့။ တကယ် ဆိုရင် အခုကိစ္စဟာ တစ် တိုင်းတစ်ပြည်လုံးမှာရှိနေတဲ့ ပြည်သူလူထုတွေ အားလုံး ဟာ အတိဒုက္ခရောက်နေတဲ့ သူတွေကို ကူညီဖို့ အမြို့ မြို့ အနယ်နယ်မှာလူစု။ ကိုယ့် စရိတ်ကိုယ်စားပြီး တတ်နိုင် သမျှ လုပ်အားပေးရင်း ပြန်လည် ထူထောင်ဖို့ ကြိုးစားနေကြတဲ့ အချိန်။ အခုလည်း ပရဟိတစိတ်နဲ့ အစွမ်းကုန် အကူအညီပေးဖို့ ရောက်လာကြတဲ့လူတွေကို ဒီလူကြီး တုံ့ပြန်ပုံက “ဘာ ကိစ္စလဲ” တဲ့။

သေချာတာက ဒါဟာ စေတနာကို စော်ကားလိုက် တာ။ ရပ်ရွာပြည်သူလူထုကို မထီမဲ့မြင်လုပ်တာ။ ဘယ်သူ သေသေ ငတေမာပြီးရောဆို တဲ့ သဘောလို၊ ရောမမြို့ ကြီး မီးဟုန်းဟုန်းတောက်နေတာ တောင် နေရာမရွေ့၊ စောင်း တီးမပျက်တဲ့ ဖာရို ဘုရင်လို သဘောထားမျိုးဆိုတာ သိပ် သေချာသွားပြီ။ ဒါကြောင့် ရှေးတုန်းက သူလုပ်ခဲ့သမျှ ကပ်ဖဲ့တွေ၊ ကန့်လန့်တွေကို တောင် အမှတ်မထားနိုင်တဲ့ လူတွေက ဒီတစ်ခါတော့ သေသေချာချာကို အော့နှလုံး နာသွားကြတယ်။
ဒါပေမယ့် အဖွဲ့ခေါင်း ဆောင်လိုဖြစ်နေတဲ့ ကိုအောင် ကြီးကတော့ သူ့ရဲ့ အပျက် ပျက် အယွင်းယွင်းဖြစ်နေတဲ့ မျက်နှာထားကို ခပ်မြန်မြန် ပြင်ပြီး လေအေးအေးလေးနဲ့ ၀င်းရှင်းပြနေသေးတယ်။

“ဦးလေးရဲ့ ခြံကို ကျွန်တော်တို့ ၀ိုင်းရှင်းပေးမလို့ ပါဗျာ။ အခုလို ပုံစံကြီးနဲ့ဆို တော့ ဦးလေးတစ်ယောက် တည်း ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူးလေ။ နောက်ပြီး ကျွန်တော်တို့ ကူညီလို့ ဦးလေးအနေနဲ့ ကျွန်တော်တို့ ကို ကျေးဇူးတင်စရာ မလို ပါဘူး။ နောက်ပြီး ဦးလေး ဆီက ဘာတုံ့ပြန်မှုကိုမှလည်း ကျွန်တော်တို့ မျှော်လင့်မထား ပါဘူး။ ကျွန်တော်တို့က စေတနာသက်သက်ပါ”

ကိုအောင်ကြီးရဲ့ စကား တွေကို သေသေချာချာ ခရေ စေ့တွင်းကျ နားထောင်ရင်း ဦးဘကျောက်ရဲ့ မျက်လုံး ပေါက်တွေက ပိုပိုပြီး ကျဉ်း မြောင်းလာတယ်။ တစ်ချက် တစ်ချက်မှာ သူ့ မျက်လုံးတွေ ထဲက အရောင်တွေ တောက် လာသလို ဖျတ်ခနဲ ဖျတ်ခနဲ လည်း ဖြစ်သွားသေးတယ်။ နောက်ပြီး အောင်ကြီးရဲ့ စကားတွေက သူ့ရဲ့ အရှိုက် ကို ခပ်ပြင်းပြင်း ထိုးလိုက်သ လို ထိထိမိမိ ဖြစ်သွားလို့ လားတော့မသိဘူး။ ဦးဘ ကျောက်က ပင့်သက်ကို တစ်ချက် ရှူလိုက်တယ်။ အံတစ်ချက်ကို ခပ်တင်းတင်း ကြိတ်လိုက်တယ်။ ပြီးတော့ အောင်ကြီးရဲ့ မျက်နှာကို ပေါက်ထွက်သွားမတတ် ခပ် စူးစူးကြည့်လိုက်ပြီး တံခါး ရွက်နှစ်ခုကို ဒိုင်းခနဲ ပိတ်ချ လိုက်တယ်။

ဒီအခြေအနေမှာ အား လုံးက စနစ်တကျ လွယ်ပိုး လာတဲ့ စေတနာအားလုံး အဟောသိကံ ဖြစ်ပြီဆိုတဲ့ သဘောနဲ့ ခေါင်းငိုက်စိုက် ကျကုန်ကြတယ်။ ဒါကြောင့် ပြန်လှည့်ကြဖို့ တာစူနေကြ ချိန်မှာ လူတစ်ယောက်က ငှက်လှောင်အိမ်ကို လည်ပြန် ကြည့်ရင်း မကျေမနပ်နဲ့ ပေါက်ပေါက်ကွဲကွဲ ပြောချ လိုက်တယ်။
“အလကား သိမ်းငှက်။ ဒီလို လူ့အန္ဓကြီးကိုများ တွယ် တာ နေတတ်လိုက်တာ။ လှောင်အိမ်ပွင့်နေတာတောင် ပျံထွက် မသွားဘူး”

“ဟာကွာ ဒီမှာ အစော် ကားခံလိုက်ရလို့ ဒေါသဖြစ် နေရတဲ့အထဲ မင်းက ဘာ မဟုတ်တဲ့ ငှက်ကို သွားပြီး ကရုဏာသက်နေသေး တယ်။ နေပစေ....သူ့ထိုက်နဲ့ သူ့ကံ”

ကိုအောင်ကြီးက ပုဆိန် ကြီးကို ပခုံးပေါ်ထမ်းရင်း ပေစောင်းပေစောင်းနဲ့ကြည့် ရင်း ရှေ့ဆုံးကနေသွားတယ်။ သူ့ နောက်ကတော့ စကားသံ တွေက ထပ်ထွက်လာပြန် တယ်။
“အေးလေ...မင်းက ငှက်တစ်ကောင်မို့ ဒီလို လွယ် လွယ်ပြောနိုင်ပေမယ့် ဒီလူ ကြီးရဲ့ အိမ်မှာ ရိုးမြေကျတိုင် အောင် အောင့်အည်းပြီး ပေါင်းနေရတဲ့ ဒေါ်သိုက်ကြီး ကိုကျတော့ ဘယ်လို ပြော မလဲ”

“ဒါတော့ ဟုတ်တယ် ကွ။ ဒေါ်သိုက်ကြီးခမျာ ဒီလူကြီးရဲ့ အနွံအတာကို ခံပြီး ဘယ်အထိ ဆက်နေ သွားရဦးမလဲ မသိဘူးနော်” ဆိုတဲ့ ဆူဆူညံညံ အသံတွေ ဟာ လမ်းမကြီးတစ်လျှောက် ပွက်လောကို ရိုက်နေတာပဲ။ ဒါပေမယ့် ဒီလူတွေအားလုံး သမင်လည်ပြန်ဖြစ်သွားစေ တဲ့ သံပြိုင်အော်သံတစ်ခုကို သူတို့ ကြားလိုက်ရတယ်။ အဲဒီ အသံကြောင့်လည်း သူတို့ရဲ့ ခေါင်းတွေ ချာခနဲ လည်သွားကြတယ်။

“ဘဘရေ...”

“ဘဘကြီးရေ...”

သူတို့မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ဒီလူတွေ ဘယ်လိုမှ မျှော်လင့်မထားတဲ့ကလေးအုပ်စုကြီး အနည်း ဆုံး ကလေးအယောက် ပေါင်း နှစ်ဆယ်၊ အစိတ် လောက်ကို ရှိမယ်။ အားကြိုး မာန်တက်နဲ့ သံပြိုင် အော်နေ လိုက်ကြတာများ ငယ်သံတွေ တောင်ပါလို့။ သေချာတာက ကလေးတွေ အားလုံး ပျော်ပျော်ရွှင်ရွှင် အော်နေ ကြတာ မဟုတ်ဘူး။ တော် တော့်ကို စိတ်မသက်မသာ ဖြစ်နေကြတဲ့ မျက်နှာ မျိုးတွေ။ဒါကြောင့် ကိုအောင် ကြီးတို့လူစုက မပြန်သေးဘဲ ဦးဘကျောက်အိမ်ရှေ့ကို ကြည့်နေကြတယ်။ ဒီတစ်ခါ ဦးဘကျောက် ဘယ်လို ဆုံးဖြတ်မလဲဆိုတဲ့ မေးခွန်း တွေကိုလည်း သူတို့ရဲ့ မျက် လုံးတွေထဲမှာ ကိုယ်စီကိုယ်င တပ်ဆင်လို့။


                                                                                                                                    မောင်နှင်းပန်း

                                                                                           June 2009 ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း

No comments:

Post a Comment