Saturday, October 1, 2011

မေတ္တာမိုးပန်း မစဲတမ်းရွာ


အမေ့ကို ကျွန်တော် စကားမပြော ဖြစ်ခဲ့သည်မှာ သုံးနှစ်ကျော်၍ လေးနှစ်နီးပါး ရှိရော့မည်။ အမေ့အိမ်ကို ကျွန်တော် မသွား။
အမေရှိသော ပတ်ဝန်းကျင်သို့ မတော်တဆ ရောက်သွားခဲ့လျှင်လည်း အတတ်နိုင်ဆုံး လှည့်ပတ် ရှောင်ကွင်း၍ သွားလာ နေခဲ့မိသည်။ ယုတ်စွအဆုံး အဖေနှင့် ညီအစ်ကို မောင်နှမတွေ အားလုံး ကျွန်တော်နှင့် အဆက်အဆံ မပြတ်ကြသော်လည်း အမေနှင့် ကျွန်တော်ကတော့ သိသိသာသာ ကြီးကို ဝေးကွာ နေခဲ့ကြသည်။ ထိုသို့ ဝေးကွာ နေခဲ့သည်ကလည်း ကျွန်တော် ကိုယ်တိုင်၏ ချွန်းအုပ်၍ မရနိုင်သော မာနတရား၊ မခံချင်စိတ် အစရှိသည့် စေတသိက် တွေကြောင့်သာ ဖြစ်သည်။ ငယ်စဉ်ကတည်းက ခေါင်းမာခဲ့သော ကျွန်တော်၏ အကျင့်ဆိုးက ယနေ့အထိ အမေ့အပေါ် သံတွေသံခဲလို မာကျောလွန်း နေခဲ့သည်မှာ အတော့်ကို လွန်လွန်းသည်ဟု ကိုယ့်ကိုယ်ကို သိပါသည်။

တကယ်ဆိုလျှင် သားတစ်ယောက် အနေဖြင့် ဒီမျှလောက် အထိ အမေ့ အပေါ် မရက်စက်သင့်။ ဖြစ်နိုင်လျှင် ဖ၀ါးဦးခိုက် တောင်း ပန်လိုက်သင့်သည်။ အမေ သည် ကျွန်တော့် မျက်နှာကို သာ ရုတ်တရက် မြင်လိုက်ရလျှင် မျှော်လင့်မထားသော ၀မ်းသာမှုမျိုးဖြင့် အရာရာကို လျစ်လျူ ရှုလိုက်လိမ့်မည်။ တစ်နည်းအားဖြင့် ကျောက်စိုင်ကျောက်သားတွေလို မာကျောခဲ့သော ကျွန်တော့်အမှား တွေကို အမေ့ အသိဥာဏ်ထဲမှ ချက်ချင်း မောင်းထုတ်ပစ် လိုက်လိမ့်မည်ဆိုသည်ကိုလည်း ကျွန်တော် ကောင်းကောင်း သိသည်။

သို့သော် အမေ့ဆီသို့ ဒီကနေ့ ထက်ထိ ကျွန်တော် မရောက်သေး။ ကျွန်တော် သည်ပင် အမေ့ကို ဒီလောက် သတိ ရနေသေးလျှင် ၀မ်းနှင့်လွယ်၍ မွေးခဲ့ရသည့် အမေ၊ နှစ်ပေါင်းများစွာ ပြုစုစောင့် ရှောက်ခဲ့ရသည့် အမေ ပို၍ပင် ဆိုးနေမည်ကို ကျွန်တော်သိသည်။ တစ်ခါတစ်ရံတွင် အမေသည် ကျွန်တော် ထိုင်တတ်သည့် လက်ဖက်ရည် ဆိုင်ရှေ့မှ တစ်ချက်တစ်ချက် ဖြတ်လျှောက်သွားတတ်သည် ကို ကျွန်တော် တွေ့လိုက်ရသည်။ ရပ်ကွက် နှစ်ခုစာမျှ ခြားနေသော ကျွန်တော့် ပတ်ဝန်းကျင်သို့ အမေ ရောက်လာစရာ ဘာအကြောင်းမှ မရှိ။ ကျွန်တော့်ကို တွေ့လိုတွေ့ငြား ရောက်လာတတ်ခြင်း ဖြစ်ကြောင်းကိုလည်း ကျွန်တော် ကောင်းကောင်းသိသည်။

“အမေ့ကို ကျွန်တော် စကားမပြောတာ လေးနှစ်ရှိပြီ”

ဟု ဆိုလိုက်မိတိုင်း ကြားရသူ အပေါင်းက ကျွန်တော့်ကို တစ္ဆေ တစ်ကောင်လို၊ ရွံရှာစရာ၊ မသတီစရာ သတ္တ၀ါ တစ်ကောင်ကို တွေ့မြင် လိုက်ရသလို အထိတ်တလန့် ဖြစ်သွား တတ်ကြသည်။ ဆားနှင့် တွေ့လိုက်ရသော တီကောင် တစ်ကောင်လို တွန့်ခနဲ၊ ဆတ်ခနဲလည်း ဖြစ်သွား တတ်ကြသည်။ တစ်စုံတစ် ယောက်က “ဘာဖြစ်လို့လဲ...”


ဟု ထပ်ဆင့် မေးလာလျှင်တော့ ကျွန်တော်က ခပ်ဖော့ဖော့ ပြုံးကာ မသိမသာ လုပ်နေခဲ့သည် များကိုလည်း အာရုံတွင် ပြက်ပြက်ထင်ထင် ပြန်မြင်နေမိသည်။ ထို့ကြောင့် အမေ့ကို လွမ်းစိတ်၊ တမ်းတစိတ်၏ ဦးဆောင်မှုကြောင့် အမေ့ဆီသို့ ရောက်အောင်သွားမည်ဟု စဉ်းစားမိတော့ နှလုံးသားဆီ မှ တဆတ်ဆတ် တုန်ခါလာ သည်။ ကိုယ့်ကိုယ်ကို မယုံ ကြည်နိုင်သလို အံ့သြတုန် လှုပ်လာစေသည်။ မျက်ဝန်းအိမ်မှ မျက်ရည်ကြည်တို့ ရုတ်တရက် ရစ်ဆိုင်းညှို့မှိုင်း လာစေသည်။

မနေ့ည တီဗွီ ဇာတ်လမ်းတွဲ အပြီးတွင် ကျွန်တော်က “မနက်ကျရင် ခပ်စော စောကလေး အမေ့ဆီ သွားဦး မယ်”
ဆိုတော့ ကျွန်တော့်ဇနီး က ထိတ်လန့်တကြား မော့ကြည့်သည်။ ရုတ်တရက်မို့ မယုံကြည်နိုင်သလို ဖြစ်နေပြီး အံ့သြ၀မ်းသာ ဖြစ်သွားပုံ လည်းရသည်။ နှုတ်ကတော့ ဘာတစ်ခွန်းမှ မပြော။ သို့ သော် သူ့အကြည့်နှင့် သူ့အမူ အရာတွေက ကျွန်တော့်ကို တစ်စုံတစ်ခု ပြောလိုက်သည် ထက်ပင် ပို၍ အဓိပ္ပာယ်တွေ ပြည့်ဝနေသေးသည်။ ကျွန် တော့်ကို မော့ကြည့်လာသော သူ့မျက်ဝန်းထဲတွင် မျက်ရည် ကြည်တွေ ဝေ့ဆိုင်းလာသည်။ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ယင်လာပြီး ကျွန်တော့်ကို မယုံနိုင်သလို မေးသည်။

“တကယ်လား... ဟင်...”
တဲ့။ ကျွန်တော် ခေါင်း ညိတ်ပြလိုက်တော့ သူက “ကလေးပါ ခေါ်သွား ပါလား။ အမေက သူ့မြေး လေးကို အရမ်း တွေ့ချင်နေရှာ တာ။ ဟိုတစ်နေ့က အိမ်ကို အလတ်မ လာသွားတုန်းက သားလေး အကြောင်းကို အမေ တဖွဖွ ပြောနေတဲ့ အကြောင်း ပြောသွားသေး တယ်”
ဟူ၍ အဆက်မပြတ် ဆိုလေတော့သည်။

“နေပါဦးကွာ။ နောက် တစ်ခါကျမှ ခေါ်သွားတာပေါ့”
ကျွန်တော့်စကားအဆုံး တွင် ဇနီးသည်က အိပ်ပျော် နေသော သားလေးကို ငုံ့ ကြည့်လိုက်ရင်း ပြုံးကာ
“သားလေး ကြီးလာရင် ဖေဖေ့လို မမိုက်နဲ့နော်။ ငါ့သား လေးသာ အဲဒီလို မိုက်ရင် အမေ ရင်ကျိုးရမှာ”

ကျွန်တော့် ရင်တစ်ခုလုံး ဖျပ်ဖျပ်ခါ လှုပ်ရှားသွားသည်။ ထို့နောက် ၀မ်းနည်းစိတ်တို့က နှလုံးသားကို ဖျစ်ညှစ်ခြေမွနေ သလိုခံစားရသည်။ တဖြည်း ဖြည်း အသက်ရှူ ကျပ်လာပြီး ငိုချင်လာမိသည်။ ခါတိုင်း အချိန်များတွင် ဇနီးသည်ကို မီးဝင်းဝင်းတောက်နေလိမ့် မည်ဖြစ်သော မျက်စိမျိုးနှင့် ဆတ်ခနဲ လှမ်းကြည့်လိုက်မိ မည်ဖြစ်သော်လည်း ဒီတစ်ခါ တော့ သူ့မျက်နှာကိုပင် မကြည့်ဝံ့သလို ဖြစ်နေသည်။ သူကတော့ အိပ်နေသော သာ လေးကို တိုင်တည်ကာ ကြည်နူးစိတ်နှင့် အမှတ်မထင် ပြောလိုက်ပုံ ရသော်လည်း ကျွန်တော့်ရင်ကို မြားတစ်စင်း စိုက်ဝင်သွားသလို အခံရဆိုးလှသည်။

ထို့နောက် တစ်ညလုံး အိပ်လို့လည်း မရတော့။ ဘယ် လူးညာလှိမ့်ဖြင့် တောင်စဉ် ရေမရ တွေးနေမိတော့သည်။ ကျွန်တော့် အတွေးထဲတွင် အဖေ့ကိုမြင်လိုက်၊ အမေ့ကို တွေ့လိုက်၊ အလတ်မကို သတိရလိုက်၊ အငယ်ကောင်တို့ ဇနီးမောင်နှံကို မြင်လိုက်နှင့် လုံးလည်ချာလည် လိုက်နေသည်။ ထိုခံစားမှု မသိစိတ်တို့၏ ဦးဆောင်မှုများကြောင့် လားမသိ။ ကျွန်တော် ကိုယ်တိုင်သည်လည်း ပြုံးလိုက်၊ မဲ့လိုက်၊ သက်ပြင်းချလိုက်၊ အပြင်ထွက်၍ ဆေးလိပ်ထိုင် ဖွာလိုက်ဖြင့် တစ်ညတာ ခရီးကို မောမောပန်းပန်းဖြတ် သန်းခဲ့ရသည်။ ဇနီးသည်ကတော့ သားလေးကို ရုတ်တရက် လွတ်ထွက်သွားတော့ မည့်အလား အတင်းအကျပ် ထွေးဖက်ကာ အိပ်မောကျ နေခဲ့သည်။ နောက်ဆုံးတွင် တစ်ရေးမှလည်း အိပ်၍ မရတော့။ ခပ်လှမ်းလှမ်းရှိ ဘုန်းကြီး ကျောင်းဆီမှ အုန်းမောင်း ခေါက်သံကို ကြားလိုက်ရ သည်။ ထိုအခါ အိပ်ရာမှ ထကာ မျက်နှာသစ်၊ သွား တိုက် အစရှိသော ပြုဖွယ်ကိစ္စ များကို ဆောင်ရွက်ပြီး အိမ်မှ ထွက်လာခဲ့မိသည်။ အမေ့အိမ်ကို စက်ဘီးနှင့် သွားလျှင် ကောင်းမလား၊ ဆိုက်ကား ငှားသွားလျှင် ကောင်းမလား တွေးမိသေးသည်။ အချိန်က စောနေသေးသဖြင့် လမ်းလျှောက်၍ သွားသည်ကသာ အကောင်းဆုံးဖြစ်လိမ့်မည်။

သို့သော် အမေ့အိမ်သို့ ကျွန်တော် ရောက်သွားချိန်တွင် အမေတစ်ယောက် အိပ်ရာက ပင် နိုးမည်မဟုတ်။ အိမ်ပေါ် သို့ အသာအယာ တက်သွားကာ အမေ့ကို ရုတ်တရက် အံ့သြသွားအောင် လုပ်လိုက် ဦးမည်ဟု အားခဲထားသည်။ ပြီးလျှင် လက်အုပ်ချီမိုးကာ ဦးခိုက်လိုက်မည်။ ထိုအခါ အမေက တုန်ယင်လှိုင်းထနေ သော လှုပ်ရှားမှုမျိုးဖြင့် “ဟယ်... သားကြီး” ဆိုပြီး ပြေးများ ဖက်လေမလား။

ဒါမှမဟုတ် “သြော်...” ဆိုတာလောက်နှင့် မသိကျိုး ကျွန်များ ပြုနေမလား။ ဒီလိုမှ မဟုတ်သေးလျှင် “ဘယ်သူ လဲဟဲ့” ဆိုရင်း ကျွန်တော်မှန်း အသိမှာ တစ်ဖက်ကိုလှည့်ပြီး လက်မောင်းရင်းနှင့် မျက် ရည်များ သုတ်လေမလား အစရှိသည့် မြင်ကွင်းတွေကို စိတ်ကူးဖြင့်ပုံဖော်ရင်း လှိုင်း ထနေသော ရေမျက်နှာပြင်လို ရင်တစ်ခုလုံး ဘောင်ဘင်ခတ် နေတော့သည်။

အမေ့ဆီ ကျွန်တော် ရောက်လာသည် သတင်း ကြားလျှင် မောင်နှမတွေ အားလုံး စုံစုံညီညီနှင့် ပျော်ပျော် ပါးပါး ရှိလာကြလိမ့်မည်မှာ ယုံမှားစရာ မရှိပါ။ ထိုအခါ အမေက ထုံးစံ အတိုင်း မီးဖိုထဲသို့ အပြေး အလွှားဝင်ကာ မမောနိုင် မပန်းနိုင်အောင် ကိုယ်တိုင် ကိုယ်ကျ ချက်ပြုတ်ကျွေးမွေး ဦးမလား။ အလတ်မတို့ မိသားစု ရော အမေ့ဆီသို့ မကြာခဏ ရောက်ဖြစ်ကြပါ့မလား။ သူ့ သမီးကလေးရော တော်တော် ကြီးပြီလား။ ထိုကလေးသည် ကျွန်တော့်သားနှင့် တစ်ရက်သာ ကွာတာမို့ တော်တော့်ကို လူရည်လည်နေ လောက်ပြီဟု တွေးရင်း ပြုံးမိ ပြန်သည်။

အလတ်မ၏ အကြောင်းက ခေါင်းထဲ ရောက်လာ ပြန်သဖြင့် ကျွန်တော်၏ အတွေး စတို့က မိသားစုတစ်စုလုံး အုန်းအုန်းကျွက်ကျွက်နှင့် စိတ်လှုပ်ရှားစရာ အဖြစ် အပျက်တို့ တန်းစီကြုံခဲ့ရသော နေ့တစ်နေ့ဆီကို တရွေ့ရွေ့ လွင့်ပါး သွားပြန်သည်။ ထိုစဉ်က အမေ့မှာ အလွန် ပင်ပန်းခဲ့ပြီး ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ ကြုံခဲ့ရသည့် အဖြစ်အပျက် တချို့သာ ဖြစ်နေခဲ့သည်။ ကျွန်တော်တို့ မောင်နှမတွေကလည်း တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်။

ထိုစဉ်က ကျွန်တော်၏ ဇနီး၊ ညီမငယ်ဖြစ်သည့် အလတ်မလေးနှင့် ညီအငယ် ကောင်၏ ဇနီးတို့မှာ တစ်ပြိုင် တည်းဆိုသလို ကိုယ်စီ ကိုယ်င ကိုယ်ဝန်များလွယ် ထားကြသည့်အချိန် ဖြစ်သည်။ လနုကြစဉ်က တစ်ဦးနှင့် တစ်ဦး မသိသာကြသေး သော်လည်း ခြောက်လကျော်၍ ခုနစ်လ အနီးသို့ ရောက်လာ ကြသောအခါ ပတ်ဝန်းကျင် တစ်ခုလုံးက နောက်ပြောင်စရာ၊ ကျီစယ်စရာ ဖြစ်လာခဲ့ ရသည်။ ကိုယ်စီကိုယ်င အသီးသီး စူထွက် လာကြသော ဗိုက်တွေကို ရှေ့ပစ်၍ သမီးယောက်မ သုံးယောက်စလုံး ဆေးရုံသွားပြသည့် အခါမျိုးဖြစ်စေ၊ ဟိုနားဒီနား လမ်းလျှောက်ကြသည့်အခါ မျိုးဖြစ်စေ တညီတညာ တည်းဖြစ်နေသောကြောင့် လမ်းတွင် တွေ့သည့်သူတိုင်း က ပြုံးစိစိဖြစ်သွားကြသည်။

တအံ့တသြကြည့်ကြ သည်။ တချို့ ရင်းနှီးသူတွေ ကလည်း အမှတ်တမဲ့ နောက် ပြောင်ကျီစယ်ကြသည်။
“ညည်းတို့သုံးယောက် က ဗိုက်ကြီးသည် ယိမ်းကနေကြတာလား”
ဟူ၍ပင်။

အားလုံးက ရယ်ရယ် မောမောနှင့် နောက်ပြောင်ကျီ စယ်နေကြသော်လည်း မရယ် နိုင်မမောနိုင်ဖြစ်ပြီး ရတက် မအေးဖြစ်နေရသည်က အမေပင်ဖြစ်သည်။ အမေကတော့ မကြာခဏ ဆိုသလို တညည်း ညည်းတညူညူနှင့် စိုးစိုးရိမ် ရိမ်ပြောနေကျ စကားတစ်ခွန်း ရှိသည်။
“ညည်းတို့သုံးယောက် များ မတော်တဆ ပြိုင်တူမွေး ရင် ခက်ရချည်ရဲ့ဟယ်”

အမေ၏ စိုးရိမ်ပူပန်မှုမှာ အချည်းနှီး မဖြစ်နိုင်ဟု ကျွန်တော်ထင်သည်။ ဆရာဝန်က မွေးရက်တွေကို အတိအကျ နီးပါး ခန့်မှန်းပေးလိုက်သော် လည်း သဘာဝအရ စောပြီး မွေးတတ်သူတွေ ရှိသလို မသိ မသာ နောက်ကျပြီးမှ မွေးတတ်သူတွေ ရှိကြောင်း ကျွန်တော် သိထားဖူးသည်။ ထို့ ကြောင့် အမေ့အနေဖြင့် တစ် ယောက်ချင်း ရှေ့ဆင့်နောက် ဆင့်မွေးလျှင် ပြဿနာ မရှိ သော်လည်း သုံးယောက် စလုံး ပြိုင်တူဆိုလျှင် ဟူသော အတွေးမျိုးကို အမေ တွေးမိ သည်မှာ သိပ်တော့ မဆန်းလှ ပါ။

သို့သော် အမေကကို လိုနီခေတ် ကြွေးကြော်သံတစ် ခုလို “လာမယ့်ဘေး ပြေး တွေ့” ဆိုသည့် ဆောင်ပုဒ်မျိုးကို လက်ကိုင်ထားသူ ဖြစ်သောကြောင့် တွေဝေနေတတ် သူ မဟုတ်။ သိပ်မကြာခင်မှာပင် လူ့ လောက အတွင်းသို့ ရောက်ရှိ လာတော့မည့်ကလေးတို့ အတွက် အနှီးပိတ်၊ ပေါင်ဒါ၊ ဆေးတို့ဖတ်များအပြင် မိခင် များအတွက် ကြိတ်မှန်ရွက်၊ မီးမကင်ဆေး၊ နှမ်း၊ နနွင်း အစရှိသည်တို့ကို သတိရတိုင်း တကုတ်ကုတ်နှင့် စု ဆောင်း ပြင်ဆင်နေတတ်သူဖြစ်သည်။

ထို့အပြင် အမေက အနှီး ပိတ်ကို အသစ်မသုံးဘဲ ကျွန်တော်နှင့် အလတ်မယောက်ျား တို့၏ ပုဆိုးဟောင်းတွေကိုသာ စနစ်တကျ ဖြဲဆုတ်ပြီး တရိုတသေ ခေါက်သိမ်းထား တာမျိုးတွေ ရှိနေသည်။ ထို့ ကြောင့် ကျွန်တော်က
“အမေရာ... အနှီးပိတ်များ အလုံအလောက် ၀ယ်ပြီး သားဟာကို”
ဟူ၍ ငြူစူဟန်ပြတော့ အမေက ကျွန်တော့်ကို ခပ် ထေ့ထေ့ ပြုံးကြည့်ကာ
“နင် ဘာမှ နားမလည် ပါဘူး ငထွန်းရယ်။ နင်ကိုယ်တိုင်က ကလေး မွေးဖူးတာမှ မဟုတ်ဘဲ။ အနှီးအသစ်တွေက ကြမ်းတယ်ဟဲ့။ အခုလို ပုဆိုးအဟောင်းလေးတွေကမှ နူးညံ့တာ။ တော်ကြာ ၀မ်းက ကျွတ်လာမယ့် ငါ့မြေးလေး တွေရဲ့ အသားနုနုလေးတွေ ကျိန်းကုန်မှာပေါ့”
ဆတ်ဆတ်ထိမခံ ပြန် ပြောလာသော အမေ့စကား တွေထဲတွင် မိခင်တို့၏ မေတ္တာနှင့် နားလည် ကျွမ်းကျင်မှုတို့ အဆမတန် ပေါင်းစပ်ပျော်ဝင် နေခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။

သိပ်မကြာခင်မှာပင် အမေစိုးရိမ်ခဲ့သည့် အတိုင်း တစ်သဝေမတိမ်း ဖြစ်လာခဲ့သည်။ ပထမဦးစွာ အလတ်မက စတင်၍ ဗိုက်နာလေ တော့သည်။ ထိုအခါ အမေ က ထိတ်ထိတ်ပျာပျာဖြင့် ကြိုတင် စီစဉ်ထားသည့်အတိုင်း ဆွဲခြင်း တစ်လုံးကို ဖျတ်ခနဲ ထဆွဲကာ အလတ်မအား
“လာ သမီး သွားကြ မယ်၊ ဆေးရုံကို”
ဟု ဆိုကာ အိမ်ပေါ်မှ ကသောကမျောဆင်းရင်း နှုတ်မှလည်း တတွတ်တွတ် ပြောသွားသေးသည်။

“ငါထင်သားပဲ။ ဟိုတစ် နေ့ ခြေခုံတွေ အမ်းနေက တည်းက ဒီကလေးမ သိပ် မလိုတော့ဘူးဆိုတာ”
ကျန်သည့်မိသားစုဝင် တွေကလည်း ကားငှားသူက ငှား၊ တိုလီမုတ်စ ပြင်ဆင် သူကပြင်ဆင်၊ အလတ်မ၏ ယောက်ျားကလည်း အိမ်ခန်းထဲ ပြေးဝင်လိုက်၊ အမေတို့ရှိ ရာလမ်းမသို့ ပြေးဆင်းလိုက် ဖြင့် ဂနာမငြိမ်ဖြစ်နေသည်။ အမေကတော့ အငယ်ကောင်၏ ဇနီးအား သူ့အနားသို့ခေါ် ကာ တတွတ်တွတ်မှာကြား နေသည်။ ကျွန်တော့်ခယ်မ လေးကတော့ ခေါင်းတညိတ်ညိတ်နှင့်။ အဖေကတော့ ခေါင်းရင်းတွင် ထိုင်ရင်း ပြုံးစိ စိဖြင့် အိမ်သူအိမ်သားအား လုံးကို တစ်ယောက်ချင်း လိုက်ကြည့်နေသည်။ ထိုအချိန်သည် ကျွန်တော်တို့ မိသားစု အတွက် တကယ့်ကို အလှုပ်ခတ်ဆုံး အချိန်ဟု ဆိုနိုင် ပါသည်။

ကျွန်တော့်ခယ်မက လေးကလည်း အမေ့အမှာ စကားများကို နားထောင်ပြီး အိမ်ပေါ်သို့ လေးလေးပင်ပင် ပြန်တက်လာသည်။ ထို့ နောက် အငယ်ကောင်ငှားလာ သောတက္ကစီ ရောက်ရှိလာပြီး အလတ်မကို ကားပေါ်သို့ အမေ တွဲတင်သည်။ ပြီး နောက် ကား၏အခြားတစ် ဖက်မှပတ်ကာ တက်မည် အပြုတွင် ခယ်မလေးက အမေ့ကို လှမ်းအော်၍ သတိ ပေးသည်။

“အမေ၊ အမေယူသွား တာ မလတ်ရဲ့ဆွဲခြင်း မဟုတ်ဘူး။ သမီးရဲ့ခြင်း။ မလတ်ရဲ့ ခြင်းက ဒီမှာ”
ဆိုကာ ဆွဲခြင်းတစ်ခုကို ဆွဲကာ လမ်းမသို့ထွက်လာ သည်။ ဒီတော့မှ အမေက လည်း လက်ထဲမှဆွဲခြင်းကို ငုံ့ကြည့်ကာ
“ဟယ်... ဟုတ်ပါရဲ့။ ရုတ်တရက် ဆိုတော့ ငါလည်း ဆွဲမိဆွဲရာ ဆွဲဆင်းလာခဲ့မိ တာ”
ဆိုကာ အငယ်ကောင့် ဇနီး၏ လက်ထဲမှဆွဲခြင်းနှင့် လဲကာ ကားပေါ်သို့ ဒရော သောပါး အပြေးတက်သွား သည်။

ဒီတော့မှ ကျွန်တော်လည်း အမေ့လက်ထဲမှဆွဲ ခြင်းကို လှမ်းကြည့်လိုက်မိ သည်။ ထိုဆွဲခြင်း၏ လက် ကိုင်တွင် ကြိုးကလေးနှင့် ချည်ထားသော ကတ်ပြား ကလေးတစ်ခုကို တွေ့လိုက်ရ သည်။ အလတ်မတဲ့။ ခယ်မ လေး၏ လက်ထဲရှိ ဆွဲခြင်း တွင်လည်း ထိုနည်းတူ လေ ဘယ်လ်ကတ်ကလေး တစ်ခု ပါသည်။ ထို့ကြောင့် ကျွန် တော့်ဇနီးအတွက် စီစဉ်ထားသည့် ဆွဲခြင်းတွင်လည်း အကြီးကောင်၊ ဒါမှမဟုတ် သားကြီးဟူ၍ ပါလာပေလိမ့် မည်။

ကျွန်တော့်ဇနီးကတော့ ထွက်သွားသော ကားကို ကြည့်လိုက်၊ ကျွန်တော့်ကို ကြည့်လိုက်၊ ဆူဆူဖြိုးဖြိုး ဖြစ်နေသော သူ့ဝမ်းဗိုက်ကို ငုံ့ ကြည့်လိုက်နှင့် တစ်ခုခုကို စိုး ရိမ်သလိုလို၊ အားငယ်နေ သလိုလို၊ ကြောက်နေသလို လိုနှင့် နှုတ်ခမ်း အထက်တွင် ချွေးသီးကလေးတွေ ဥနေသည်။ ထို့ကြောင့် ကျွန်တော် က အားပေးပြုံးဖြင့် ငုံ့ကြည့် လိုက်ရင်း တစ်ဆက်တည်း ခယ်မကလေးကို လှမ်းကြည့် လိုက်မိတော့ သူသည်လည်း ကျွန်တော့် ဇနီးနှင့် အမူအရာ ချင်း ခပ်ဆင်ဆင်ဖြစ်နေသည်။

ကျွန်တော် အပါအ၀င် အိမ်တွင် ကျန်ရစ်ခဲ့သူတွေ ကတော့ ဆေးရုံက မိလတ် ဘာလေးမွေးမလဲ၊ ယောက်ျား လေးလား၊ မိန်းကလေးလား၊ မွေးပြီလား၊ မမွေးသေးဘူး လား၊ ဘာများဖြစ်နေကြ သလဲ၊ အမေရော ဖုန်းဆက် ပါ့မလား အစရှိသော ကြောင့် ကြမှုကိုယ်စီနှင့် နေမထိထိုင် မသာဖြစ်နေကြသည်။ အဖေ ဆိုလျှင် ဆေးလိပ်ကောက် ဖွာလိုက်၊ လမ်းထလျှောက် လိုက်၊ ခေါင်းရင်းခန်းတွင် ပြန်ထိုင်နေလိုက်၊ အိမ်ရှိ မိသားစုဝင်တွေကို တစ်ယောက် ချင်းကြည့်လိုက်၊ ကျွန်တော်တို့ မျက်စောင်းထိုးရှိ ဖုန်းအိမ်ကို မျှော်ကြည့်လိုက်၊ ထိုအိမ်ထဲက တစ်ယောက်ယောက် ထွက်လာလျှင် မျက်စိကိုဖွင့်၊ နားကိုစွင့်ကာ မျှော်လင့်ချက် များ စွန်းပေနေသည့် မျက်ဝန်း မျိုးတွေနှင့် ကြည့်ကြည့်နေ တတ်သည်။

တဖြည်းဖြည်း ညနေ စောင်းလာသောအခါ ကျွန် တော်တို့ဇနီးမောင်နှံနှင့် အငယ်ကောင်ဇနီးမောင်နှံ တို့က ဆေးရုံသို့လိုက်သွား ကြရန် ပြင်ဆင်နေကြချိန်တွင် အမေ့ထံက ဖုန်းလာသည်။ အလတ်မ မွေးပြီ၊ မိန်း ကလေး ဖြစ်ပြီး ကလေးရော အမေပါ ကျန်းကျန်းမာမာရှိ ကြောင်း ကြားရသည်။ အဖေ ကတော့ ပြုံးစိစိနှင့် ဘာ စကားမှန်းမသိသော စကားစု တို့ကို နှုတ်မှ တရွရွရွတ်ကာ လက်ညှိုး တလှုပ်လှုပ်ဖြင့် တစ်ခုခုကို တွက်ချက်နေပုံရ သည်။ ကျွန်တော် သေသေ ချာချာစဉ်းစားကြည့်တော့ အဖေ တစ်ယောက် ကလေး နာမည်ပေးဖို့ တွက်ချက်နေပြီကို ကျွန်တော် အလိုလို သိလိုက်သည်။

ထိုညတွင် ကျွန်တော်တို့ ဆေးရုံက ပြန်လာကြသော်လည်း အမေကတော့ ည စောင့်အိပ်သည်။ ပူပူနွေးနွေး ကလေး အဖေဖြစ်နေသော အလတ်မ ယောက်ျားကလည်း သတင်းမေး ရောက်လာသမျှ သောလူတွေကို တပြုံးပြုံးနှင့် ဧည့်ခံနေပြီး သားဖွားဆောင်၏ အပြင်ဘက် ကော်ရစ်ဒါ တွင် ညလုံးပေါက်ခဲ့သည်။

နောက်တစ်နေ့မနက် နေအတော်မြင့်မှ အမေ ပြန် ရောက်လာသည်။ တစ်ညလုံး အိပ်ရေးပျက်ထားသဖြင့် အမေ့ ပုံသဏ္ဌာန်မှာ အတော် နွမ်းနယ်နေသည်။ မျက်တွင်း တွေကျနေပြီး ဆံစတွေလည်း ခြောက်သယောင်းကာ ကပိုကရို ဖြစ်နေသည်။ ကျွန်တော်က
“အမေ မအိပ်ခဲ့ရဘူး ထင်တယ်”

အမေက
“မွေးခန်း ဆိုတာက တခြား အဆောင်တွေနဲ့ တူတာ မဟုတ်ဘူး သားရဲ့။ အမြဲတမ်း ပြေးလွှား အော်ဟစ်နေ ကြရတာ။ ဒါတောင် ညနှစ် နာရီလောက်မှာ မွေးတဲ့ ကလေးမလေး တစ်ယောက်က ရိုးရိုး မမွေးနိုင်လို့ ညတွင်း ချင်းပဲ ခွဲမွေး လိုက်ရသေးတယ်။ တော်သေးတာပေါ့ ကလေးရော လူကြီးပါ ကျန်းမာလို့”
အမေပြောဆိုရှင်းပြနေ ချိန်တွင် ခယ်မလေးက အမေ့ ကို အိပ်ရာပြင်ပေးသည်။ အငယ်ကောင်က အမေ့ကို
“အမေ တစ်ရေး အိပ်လိုက်ဦးလေ”

ဆိုတော့ တစ်လျှောက်လုံး ကျွန်တော့် အနားတွင်ထိုင် နေသော ဇနီးက အမေ့ကို မပွင့်တပွင့်နှင့် မရဲတရဲပြော သည်။
“အမေ သမီးခါးက တစ်ချက်တစ်ချက် ကိုက်ကိုက်နေတယ်”

“ဟိုက်...”
ဆိုသည့် အမေ့နှုတ်မှ အာမေဍိတ်သံနှင့် အတူ မျက် စိကပါ ကျွန်တော့်ဆီ တစ်ဆက်တည်း လှမ်းကြည့်လာ သည်။ ထို့နောက်
“ဟဲ့... သားကြီး၊ နင့် မိန်းမ မွေးချင်ပြီထင်တယ်။ သွားသွား... ကားငှားချေ”

ဆိုကာ ကျွန်တော့် ဇနီး၏ ဆွဲခြင်းကို ဆွဲပြန်သည်။ ပြီးနောက် အငယ်ကောင်၏ ဇနီးကို
“ညည်းပါ တစ်ခါတည်း လိုက်ခဲ့ပါလား။ မတော်တဆ အိမ်မှာ တစ်ယောက်တည်း ဗိုက်နာနေရင် ဘယ်လို လုပ်မလဲ”
ဆိုကာ ထိတ်ထိတ်ပျာ ပျာဖြင့် ချွေးမနှစ်ယောက် စလုံးကို ကားပေါ်တင်ကာ ဆေးရုံသို့ ဒုတိယအကြိမ် ပြေး ကြရပြန်သည်။

ယောက်ျားဖောင်စီး မိန်းမ မီးနေဆိုသော စကားကို အတိအကျ နားလည်ထားသော အမေက ကျွန်တော့် ဇနီးကို သားဖွားဆောင် ရောက်အောင် ဂရုတစိုက် ခေါ်ငင်ပြီး လိုအပ်သော ဆေးရုံ ကိစ္စများကို ဆောင်ရွက်နေရင်း ကျွန်တော့် ဇနီးကို မွေးဖွားရ လွယ်ကူ အောင်ဆိုကာ လမ်းလျှောက် နေစေသည်။ တစ်စတစ်စဖြင့် နာကျင်မှုကို အံကြိတ်ခံကာ ရှုံ့မဲ့နေသော ချွေးမ ဖြစ်သူကို ဖေးမကာ ပါးစပ်ကလည်း တဖွဖွဖြင့် အားပေး နှစ်သိမ့်နေ သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အိမ်တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည့် အဖေ သည်လည်း နှုတ်မှ တဖွဖွ ရွတ်ဆိုကာ လက်ညှိုးကလေး ဘယ်ညာ ယိမ်းနေမည်ကို မြင်ယောင်နေမိသည်။

တစ်ခါတစ်ရံတွင် အမေသည် ကျွန်တော့်ဇနီး အနားတွင် အငယ်ကောင့် မိန်းမကို ထားရစ်ကာ တတွတ်တွတ် မှာကြားရင်း အလတ်မ ရှိရာ အဆောင်ကိုလည်း ပြေးလိုက် သေးသည်။ ရက်ကန်းစင်မှ လွန်းတစ်စင်းလို ပြေးလွှား လှုပ်ရှားနေသည့် အမေ့ပုံသဏ္ဌာန်မှာ အသက်အရွယ်နှင့် မလိုက်အောင်ပင် ဖျတ်လတ် တက်ကြွနေသည်။

အိမ်တွင် ကျန်ရစ်ခဲ့သော အဖေ မှလွဲ၍ ဆေးရုံသို့ ရောက်ရှိနေ သော ကျွန်တော်တို့ မိသားစုနှင့် ကိုယ်ဝန်သည် သုံးယောက် စလုံး၏ အသိများ၊ မိတ်ဆွေ များကြောင့် ဆေးရုံရှိ နေရာတိုင်းတွင် အကြားအလပ် မရှိအောင် ဖြစ်နေသည်။ ထိုအချိန်တွင် အငယ်ကောင်၏ ဇနီးသည်က ပြုံးတုံ့တုံ့နှင့် ကျွန်တော့် ဇနီးကိုကြည့်လိုက်၊ အနားရှိ နာ့စ်မကို ကြည့်လိုက်၊ အခြား ဗိုက်ကြီးသည်များနှင့် စကား သွားပြောလိုက်နှင့် အေးအေးလူလူ ရှိနေသည်။ နောက်ဆုံးတွင် တော်တော်နှင့် မမွေးနိုင်သေးသော ဇနီးသည်ကို ဆေးရုံရှိ နာ့စ်မလေးများက မွေးခန်း အတွင်းသို့ ခေါ်သွားခဲ့သည်။ အမေကလည်း နောက်နားမှ ထက်ကြပ်မကွာ လိုက်သွား သော်လည်း ကျွန်တော့်မှာတော့ အင်္ဂုလိမာလ သုတ်ကို ဖင်ပြန် ခေါင်းပြန်ရွတ်ရင်း စိုးရိမ်ပူပန် နေမိသည်။ ရှောရှောရှူရှူ မွေးနိုင်ပါစေဟုလည်း အကြိမ်ကြိမ် ဆုတောင်း နေမိသည်။

သိပ်မကြာခင်မှာပင် အမေက တစ်ခါပြန် ထွက်လာပြီး ကျွန်တော့်ကို မျက်ရိပ်ပြ ခေါ်ကာ ခပ်တိုးတိုးမေးသည်။
“သားကြီး... နင့်မိန်းမ က မွေးရခက်လိမ့်မယ် ထင်တယ်။ မနက်ကတည်းက နာနေတဲ့ ဗိုက်က အခု မွန်းလွဲ ပြီးတာတောင် မမွေးသေးဘူး။ လိုအပ်လို့ ခွဲမွေးရမယ် ဆိုရင် ငွေကြေးရော လုံလုံ လောက်လောက်ပါရဲ့လား”

စိုးစိုးရိမ်ရိမ်ဖြင့် ရှိုက်ဖို လှိုက်မောနေသော အမေ့ သောကတွေက ကျွန်တော့်ဆီကိုပါ တစ်ဟုန်ထိုး ကူးစက် လာခဲ့သည်။ သို့သော် ကျွန်တော်က စိတ်ကို ငြိမ်အောင် ထိန်းရင်း ခေါင်းညိတ်ပြ လိုက်မှ အမေက သက်ပြင်း တစ်ချက်ကို ချရင်း ကျွန်တော့် ဇနီး ရှိနေသော အဆောင်ထဲသို့ အပြေးတစ်ပိုင်း ၀င်သွားပြန် သည်။ သေချာသည်က ကိုယ်ဝန်သည် သုံးယောက်နှင့် အတူရောက်လာသည့် အမေ့ ကို ဆေးရုံရှိဝန်ထမ်းများ၊ လူ နာများနှင့် မမွေးသေးသည့် အခြားသော ကိုယ်ဝန်ဆောင် သည်တွေအပြင် သတင်းလာ မေးကြသူတွေ အတွက်ပါ ပြုံး စိစိဖြစ်ကုန်ကြသည်။ တစ်ဦး နှင့် တစ်ဦး အာလာပသလ္လာပ ပြောကြရင်း အမေ့ အဖြစ်ကို ရယ်ပွဲ ဖွဲ့ကြသည်။ အမေကတော့ ပင်ပန်းတာရော သောကတွေပါ ပေါင်းစပ်ရင်း နွမ်းနွမ်းနယ်နယ် ဖြစ်နေခဲ့ရှာ သည်။

တိကျစွာ ဆိုရလျှင် ကျွန်တော့်မှာလည်း ဇနီးသည်ကို မြန်မြန်မွေးစေချင်ပြီဖြစ်သည်။ သူခံစားနေရသော ဝေဒနာကို ခန့်မှန်း ခံစားကာ ကျွန်တော် ကိုယ်တိုင်ပင် မျှယူ လိုက်ချင်သည်။ ထိုစိတ်၏ နောက်မှာ ဖျတ်ခနဲ သတိရလိုက်သည် က ဘုရား... ဘုရား... ဟု နှုတ်မှ မြည်တမ်းရင်း ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီး မွေးညင်းတွေ ထလာပြီး ရင်ထဲတွင် ဆို့နင်လာသည်။

သိပ်မကြာမီမှာပင် မွေးခန်းထဲမှ ထွက်လာသော နာ့စ် တစ်ယောက်၏ အော်သံကို အတိုင်းသားကြားလိုက်ရ သည်။
“အဖေနာမည် ကိုထွန်းထွန်း။ မွေးပြီ၊ ယောက်ျားလေး”

ရုတ်တရက် ၀မ်းသာမှု က ငယ်ထိပ်အထိ ခုန်တက် လာသလို ခံစားလိုက်ရသည်။ အနားရှိ အမေကလည်း ချိုချို မြိန်မြိန် နှစ်နှစ်ကာကာကြီး ပြုံးလိုက်သည်မှာ ၀င်းခနဲ လက်သွားသည်။ ထိုအပြုံးသည် ကျွန်တော့်အပြုံးထက် ပို၍လှနေမည်လား မသိ။ ထို့နောက် အနှီးတစ်ပွေ့ တစ်ပိုက်နှင့် မွေးခန်းထဲမှ ထွက်လာသော ကျွန်တော့် သား။ အမေက ဖျတ်လတ် လျင်မြန်စွာဖြင့် ဆရာမ၏ လက်ထဲမှ ကလေးကို ပြေး ယူရင်း အားပါးတရ ငုံ့ကြည့် ကာ
“ဟယ်... မဟာနဖူး ကြီးနဲ့တော့။ အသားကလည်း ဖြူလိုက်မှာ ရဲတွတ်နေတာပဲ။ ငထွန်းရေ နင့်ရုပ်ကြီးဟဲ့။ နင်နဲ့ တစ်ပုံစံတည်း”

အမေ၏အပျော်၊ ကျွန်တော်၏ အပျော်မှာ ပတ်ဝန်းကျင်ရှိ လူနာအားလုံးကို ကူး စက်သွားစေသည်။ ထိုအချိန် တွင် မောပန်းနွမ်းနယ်နေ သော ကျွန်တော့်ဇနီးကို ဆေး ရုံဝန်ထမ်း တစ်ယောက်က တွန်းလှည်းနှင့် ခေါ်ထုတ်လာပြီး သားဖွားဆောင်၏ ခုတင် တစ်ခုထက်တွင် နေရာချပေးသည်။ အမေက ကလေးကို ချီပြီး နောက်ကလိုက်လာ သလို အငယ်ကောင်၏ ဇနီး ကလည်း အားလုံး၏ နောက်မှ လိုက်လာသည်။ အဆောင်ထဲရှိ ခုတင် တစ်ခုထက်မှ အလတ်မက ကျွန်တော်တို့ တစ်စုလုံးကို ခပ်ယဲ့ယဲ့ပြုံးပြ ရှာသေးသည်။

အမေက ကျွန်တော့် သားလေးကို သူ့အမေနား ယှဉ်ချပေးရင်း သက်ပြင်းကို ဟူးခနဲ မှုတ်ထုတ်လိုက်သည်ကို ကျွန်တော် ကောင်း ကောင်းတွေ့လိုက်ရသည်။ ပြီးနောက် တစ်ယောက်တော့ စိတ်အေးသွား ရပြီ ဆိုသည့် သဘောနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော အငယ်ကောင်၏ မိန်းမကို လှမ်းကြည့်လိုက် သည်။ ထိုအချိန်တွင် ရုတ်တရက် မျက်မှောင် ကျုံ့လိုက်သော အမေ့ကို ကျွန်တော် တွေ့လိုက်ရသည်။ အမေ့ အမူ အရာကြောင့် ကျွန်တော့်အနား တွင်ရှိနေသော ခယ်မလေးကို လှည့်ကြည့်လိုက်တော့ မျက် နှာတစ်ခုလုံး ရှုံ့မဲ့နေတာကို တွေ့လိုက်ရသည်။

အမေ့ အကြောင်းကို တွေးရင်း လမ်းလျှောက်လာ ခဲ့သည်မှာ တော်တော်ကြီး ခရီး ပေါက်လာခဲ့ပြီ ဖြစ်သည်။ လမ်းမပေါ်တွင် စီတန်း၍ အာရုံဆွမ်းခံ ကြွလာသော သံဃာတော်များကို ကြည်နူးဖွယ် ဖူးတွေ့ရသည်။ ရှေ့ဆုံးမှတီး ခတ်သွားသော ကြေးစည်သံကလည်း နံနက်ခင်း အတွက် ကျက်သရေ မင်္ဂလာရှိသော ဂီတသံပင် ဖြစ်သည်။ အနားမှ တဝေါဝေါ မောင်းနှင်ဖြတ် သန်းသွားသော ကားကြီး ကားငယ်တို့ကလည်း အတော့်ကို စိပ်လာပြီ။

အမေ့ဆီချီတက်ရာ လမ်းကြောင်းသည် ဒီကနေ့မှ ပို၍ ရှည်လျား နေသလို ထင်ရသည်။ ဘာပဲဖြစ်ဖြစ် ဆယ့် ငါးမိနစ်ခန့် ဆက်လျှောက် လိုက်လျှင် အမေ့အိမ်ကို ရောက်တော့မည်။ ထို့ကြောင့် ခြေလှမ်းကို ပို၍မြန်နှုန်းမြှင့် လိုက်ရသည်။ ရှေ့နားရှိ ကားမှတ်တိုင်တစ်ခုတွင် မီးရောင် စုံထွန်းကာ ရပ်ထားသော ကားတစ်စီးဆီမှ “ဆူးလေ... ဆူးလေ...” ဟူသော ခရီး သည်ခေါ်နေသံကို ကြားနေရ သည်။ ထိုအချိန်တွင် ကျွန်တော့် အမြင်အာရုံထဲသို့ ပုံရိပ် တစ်ခုက ထပ်မံဝင်ရောက် လာပြန်သည်။ ကျွန်တော်သည် ခြေလှမ်းကို ရပ်လိုက်ပြီး မျက်စိကို စုံမှိတ်ကာ ခေါင်းကို ခပ်ပြင်းပြင်းခါ ထုတ်လိုက်မိသည်။ တစ်ညလုံး အိပ်မထားရ၍လားမသိ၊ အနည်းငယ် မူးဝေသွားသည်။ သို့သော် ထိုပုံရိပ်ကတော့ ပျောက်မသွား။

“ဟင်း...”

ရုတ်တရက် ချလိုက်မိသော သက်ပြင်းသံက ကုန်လွန်ခဲ့ပြီ ဖြစ်သော ကာလတစ် ခုကို ပို၍ ပီပြင်လာစေသည်။ ထိုပုံရိပ် တို့ကို အလွယ်တကူ မေ့ပစ် လိုက်ချင်သော်လည်း အမေနှင့် ကျွန်တော်တို့၏ ဆက်ဆံရေး တင်းမာစေခဲ့ သော ပြဿနာ၏ ရင်းမြစ် ဖြစ်နေသောကြောင့် တစ်စ တစ်စနှင့် ပိုမို၍ သဲကွဲလာသည်။

ထိုပြဿနာမှာ “ခြေနှစ်ချောင်း မကယ်ကောင်း” ဟု ဆိုရိုးရှိခဲ့သည့် အတိုင်း ချစ်ခင် တွယ်တာစရာ သားသမီးသုံးယောက် ရှိခဲ့သော်လည်း မတင်းတိမ်နိုင်ခဲ့သည့် အမေက နောက်ထပ်သား တစ်ယောက်ကို မွေးစားခဲ့ရာမှ အစ ပြုခဲ့သည်။ မွေးစားသည် ဆိုသော်လည်း ငယ်ငယ်ရွယ် ရွယ်ဆိုလျှင် ပြဿနာမရှိ သော်လည်း အသက်ဆယ့် လေး၊ ငါးနှစ် အရွယ်ကို မွေးစားခဲ့သည်ကတော့ အမေ့ အမှားဟု ကျွန်တော် ယုံကြည် ထားသည်။

သူ အိမ်ကိုရောက်လာ ပုံက သိပ်တော့ မထူးဆန်းလှ။ အင်မလီဘရွန်တီ၏ လေထန်ကုန်း ၀တ္ထုထဲမှ ဟိကလစ်ဖ် ရောက်လာပုံနှင့် ဆင်ဆင်တူသည်။ ရှင်းရှင်းဆို ရလျှင် ထိုချာတိတ်ကို တစ်မိသားစုလုံးက သဘော မတွေ့လှ။ သို့သော် သူ့ရင်ထဲမှ ဝေဒနာ တချို့ကို ကျွန်တော်တို့ မိသားစုဝင် အားလုံးက မြင်တွေ့နေရသလို ထင်ရသည်။ သိမ်ငယ်နေသော မျက်ဝန်း တစ်စုံ၊ အားကိုးရာ မဲ့နေသော စိတ်ခံစားမှုတို့ကို လှမ်းမြင် နေရသည်။ ထို့ကြောင့် အမေ့ကို ဘယ်သူမှ စောဒကတက် မနေတော့ဘဲ မသိလိုက်မသိ ဘာသာ နေလိုက်ကြသည်။

သူ့နာမည် အရင်းက ၀င်းမောင်ကျော် ဖြစ်သည်။ တစ်မိသားစုလုံးကတော့ သူ့ကို ငကျော်ဟု ခေါ်ကြသည်။ ငကျော်၏ မိဘ နှစ်ပါးက ရှေ့ ဆင့်နောက်ဆင့် ဆိုသလို ကွယ် လွန်သွားကြသည်။ ငကျော် ၏အမေက သူ့သားလေးကို စောင့်ရှောက်ရန် မှာကြားခဲ့ သောကြောင့် ကျွန်တော်တို့ အိမ်သို့ ရောက်လာခြင်းဖြစ် သည်ဟု အလွယ်ဆို၍ ရသည်။

ငကျော် အိမ်ကိုရောက် လာစတုန်းက ထူးထူးခြားခြား သိပ်မရှိလှ။ ကျွန်တော်တို့ မောင်နှမတွေနှင့် အထိုက်အလျောက် သင့်မြတ်ခဲ့သည်။ မိသားစု အလုပ်များကိုလည်း မခိုမကတ် လုပ်တတ်သူ။ ကျွန်တော်တို့ အမေကိုလည်း သူ့အမေနှင့် မခြား ချစ်တတ်သူ။ သို့သော် သူ၏ ဇာတိရုပ်က သိပ်မကြာခင်မှာပင် ဘွားဘွားကြီး ပေါ်လာတော့သည်။ ပထမဆုံး ပြလာသည့် သူ့ဗီဇ စိတ်က တိုက်ကြက် တစ်ကောင် ၀ယ်လာ၍ မွေးခြင်း ဖြစ်သည်။

ကျွန်တော်တို့ မိသားစုက အိမ်တွင် တိရစ္ဆာန်မွေးလေ့ မရှိ။ မတော်တဆ မွေးမိ လျှင် စိတ်ဆင်းရဲရလွန်း သောကြောင့် ဖြစ်သည်။ ထိုတိရစ္ဆာန်တို့၏ ကရိကထ ကိုလည်း မခံချင်။ သို့သော် အမေကတော့ ထိုကြက်ကို အချိန်မှန်မှန် အစာကျွေးသည်။ ရေတိုက်သည်။ အချိန်တန်၍ အိမ်ပြန်မလာလျှင် ဟိုအိမ်ဒီအိမ် အကြို အကြား မရအရ လိုက်ရှာသည်။

ငကျော်ကတော့ တစ် မျိုးဖြစ်သည်။ ကြက်ကို ကြိုးတန်းတစ်တန်းပေါ် တင်ကာ ကြိုးကို လွှဲပေးနေတတ်သည်။
ထိုအခါ အမေက
“အဲဒါ ဘာလုပ်တာလဲ”
ဟု မေးလျှင် သူက

“အမေကလည်း ဒါမှ ကြက်က သူ့ဟန်ချက်ကို သူ ထိန်းနိုင်မှာ”
ဟု ဆိုသည်။

နောက်ပိုင်းတွင် ငကျော် သည် ထိုကြက်ကိုပိုက်ကာ အိမ်မှ ထွက်သွားတတ်ပြီး ညမိုးကြီးချုပ်မှ ပြန်ပြန်လာ တတ်သည်။ တစ်ခါတလေ တွင် ကြက်ကြီး၏ မျက်နှာတွင် သွေးအလိမ်းလိမ်း၊ သွေးသံ တရွှဲရွှဲနှင့် ဖြစ်လာ တတ်သည်။ သူကိုယ်တိုင်ကလည်း အရက်နံ့ကလေး တသင်းသင်းနှင့် ဖြစ်လာ တတ်သည်။ ထိုကိစ္စကို ကျွန်တော်တို့ တစ်မိသားစုလုံးက သဘောမကျသလို အမေ ကိုယ်တိုင်လည်း သဘောကျ ပုံမရ။ ထို့ကြောင့် အမေက သူ့ကို တိုးတိုးတိတ်တိတ်နှင့် ကြက်မတိုက်ရန် တားမြစ်နေသံကို ကြားရသည်။

တစ်ခါတစ်ရံတွင် ညဘက် လက်ဖက်ရည်ဆိုင်မှ တော်တော်နှင့် ပြန်မလာ တတ်သဖြင့် အမေက အဖေ့ကို အဖော်ခေါ်ကာ ဆိုင်တကာ စေ့အောင် လိုက်ရှာရတတ်သည်။ နောက်ပိုင်းတွင် သူ့ အကျင့် စရိုက်တွေက ပိုပို၍ ဆိုးလာတတ်သည်။ အထူးသဖြင့် ရပ်ကွက်ထဲ၊ လမ်းထဲတွင် မသာအိမ် ရှိလျှင် သူ ပျောက်နေတတ်သည်။ အမေက လိုက်ခေါ်လျှင် နာရေး ကိစ္စများကို ကူညီ လုပ်ကိုင်ပေး နေသယောင် ပြောတတ်သေးသည်။ တစ်ခါ တစ်ရံတွင်လည်း ညတစ်နာ ရီ၊ နှစ်နာရီလောက်မှ အမေနှင့် တိုးတိုး ပြောသံကို ကြားရ တတ်သည်။ မတတ်သာ သည့်အဆုံး ကျွန်တော်က သူ့ ကို အနေအထိုင်ဆင်ခြင်ရန် သတိပေးတော့ ကျွန်တော့်ကို တစ်ခွန်းမှ ပြန်မပြောဘဲ ခေါင်းကြီးငုံ့ကာ စင်းခံနေ တတ်သည်။ သို့သော် သူ့ အချိုးကတော့ ပြောင်း မသွား။

အမေကတော့ ဖာဖာ ထေးထေးနှင့် သူ့ကို တစ်မျိုး ဆုံးမ၊ ကျွန်တော်တို့ကိုတော့
“မိမရှိ ဖမရှိလေးပါ သားရယ်။ ငယ်သေးလို့ပါ၊ နောက်တော့ အမေတို့ စေတနာကို သူ နားလည် လာမှာပေါ့”

ဆိုကာ အမေ့မှာ သိသိ သာသာ အလုပ် ပိုလာခဲ့ သည်။ နောက်ဆုံးတွင် ကျွန်တော်နှင့် အကြီးအကျယ် ပြဿနာဖြစ်ကြရသည်က ငကျော်သည် ငယ်ငယ်ရွယ် ရွယ်နှင့် မိန်းမ ခိုးလာရာက စသည်။ သူခေါ်လာသည့် မိန်းကလေးကို အမေကလည်း သဘောကျပုံမရ။ ထို မိန်းကလေး၏ အမူအရာ၊ အပြောအဆိုတွေကိုလည်း ကျွန်တော်တို့ တစ်မိသားစုလုံးက သဘောမကျ။ နေပုံ ထိုင်ပုံကလည်း သိသိသာသာ ပေါ့ပျက်ပျက်ဖြစ်နေ သည်။ စကားပြောလျှင် ဗလစ်ဗလစ်နှင့် ပြောတတ်ပြီး မျက်စိတွေကလည်း ဂနာ မငြိမ်သလို ဟိုကြည့်ဒီကြည့်။ ဒီကနေ့မှ ရောက်လာသောအိမ်ကို တစ်သက်လုံး သူနေခဲ့သည့် အိမ်လို အထိတ်တလန့် မရှိဘဲ ချက်ချင်း ကျွမ်းဝင် သွားသည်ကိုလည်း ကျွန်တော်တို့ သဘောမကျ။

နောက်မှသိလိုက်ရ သည်က ထိုမိန်းကလေး သည် ဘီယာဆိုင် တစ်ခုတွင် သီချင်းဆိုသော အဆိုတော်မ လေးဟု သိခဲ့ရသည်။ ဒါကို ကျွန်တော့်ညီနှင့် ညီမလေးက
“ကြည့်လည်း လုပ်ပါ ဦး ကိုကြီးရယ်...”
ဟု ပြောလာသည်ကို ထောက်လျှင် ထိုမိန်းကလေး၏ အခြေအနေကို ခန့်မှန်းနိုင်ပြီ ဖြစ်သည်။ ကျွန်တော်တို့ပင် ဒီလောက် သိနေလျှင် အမေက ပို၍ နားလည်နေလိမ့်မည်မှာ ယုံမှားစရာ မရှိပါ။

ထို့ကြောင့် ကျွန်တော်က အမေ့ကို သတိပေးတော့ အမေကလည်း တစ်ခါမှ မဖြစ်ဖူးသော ဒေါသမျိုးနှင့် ငကျော့်ကို ဆူပူတော့သည်။
“ဒီမှာငကျော်၊ ငါ သား သမီးသုံးယောက် မွေးလာတာ တစ်ခါမှ ဒီလောက်စိတ် မညစ်ခဲ့ရဖူးဘူး။ နင့်ကျမှ ငါတို့တစ်မိသားစုလုံး သိက္ခာလည်း ကျရ၊ အရှက်လည်းကွဲ ရနဲ့။ ငါတို့က နင့်ကို မိတ ဆိုးလေးဟဲ့၊ ဖတဆိုးလေးဟဲ့ ဆိုပြီး သနားလိုက်ရတာ။ နင်က အဲဒီကျေးဇူးတွေကို အကွက်ကျကျ ပြန်ဆပ်လိုက် တာပေါ့ ဟုတ်လား။ ဒီတော့ ငါ ရှင်းရှင်းပဲ ပြောမယ်။ နင့် မိန်းမကို အနေအထိုင် ဆင်ခြင် ခိုင်း၊ နေတာထိုင်တာ ငါ မကြိုက်ဘူး”

ထိုအချိန်တွင် အပြင်မှ ပြန်လာသော ငကျော်၏ဇနီး အသစ်ကလေးက ကြားဖြစ် အောင်ကြားကာ အမေ့ကိုရော ငကျော့်ကိုပါ ရိုင်းရိုင်း ပျပျပြောကာ အိမ်ပေါ်မှ ဆင်းသွားခဲ့သည်။ ထိုအခါ သူက ခပ်အေးအေးနှင့် မသိသလို လုပ်နေခဲ့သည်။ နောက်နှစ် ရက်လောက် အကြာတွင် ငကျော်ကိုယ်တိုင် သွား၍ပြန် ခေါ်လာခဲ့လေသည်။ ထိုအခါ မိန်းကလေး၏ ပုံသဏ္ဌာန်မှာ မျက်နှာထား ခပ်တင်းတင်းနှင့် ထီမထင်သည့် အမူအရာမျိုး ဖြစ်နေသည်။

ကျွန်တော်တို့ တစ်မိ သားစုလုံးကတော့ အမေ့ကို ကြည့်ရင်း စိတ်မချမ်းသာ ဖြစ်ကြရသည်။ အမေက ငကျော့်ကို ၀မ်းနှင့် လွယ်မွေးခဲ့ ရသော ကျွန်တော်တို့နှင့် တန်းတူ သဘောထားသည်ကိုလည်း သိပါသည်။ ကျွန်တော် ကိုယ်တိုင်သည်လည်း ငကျော့်အပေါ် ဆိုးသွမ်းသော ညီအရင်း တစ်ယောက်လို သဘော ထားနိုင်ပါသည်။ သို့သော် ထိုမိန်းကလေးမျိုးနှင့် တော့ အမိုး တစ်ခုထဲအောက် တွင် အတူမနေချင်။ ထို့ပြင် ကျွန်တော့်ညီ၊ ညီမတွေနှင့် လည်း မထားချင်။ ယုတ်စွအဆုံး လွယ်လွယ်ကူကူ အိမ်ပေါ်က ဆင်းသွားသလို လွယ်လွယ်ကူကူ အိမ်ပေါ် ပြန်တက် လာပြီး ထီမထင်သည့် အမူ အရာမျိုးကိုလည်း သဘော မကျ။ ထို့ကြောင့် ငကျော်တို့ နှစ်ယောက် စလုံးကို ရှေ့ထား၍ ဘီလူးဆိုင်းကို ကျွန်တော်ကပင် စ၍ တီးလိုက်ရ ပါတော့သည်။

“ကဲ... အမေ၊ အခု ကိစ္စကို ဒီအတိုင်း ထားလိုက် ရုံနဲ့ ပြီးမသွားဘူး။ နောက်ပြီး ကျွန်တော်တို့ကို ရိုင်းရိုင်းပျပျ ဆက်ဆံတာကိုလည်း ဘယ်တုန်းကမှ မခံခဲ့ဖူးဘူး။ ဒီ တော့ ရှင်းရှင်း ပြောရရင် အခု အခြေအနေက ဒီအိမ်မှာ ငကျော်တို့ လင်မယားနဲ့ ကျွန်တော်တို့ မိသားစု တစ်ဦးဦး မရှိမှကို ဖြစ်မှာ။ ကျွန်တော်ကတော့ သည်းမခံ နိုင်တော့ဘူး”

ဆိုကာ အမေ့ကို တစ်လှည့်၊ သူတို့ကိုတစ်လှည့် ကြည့်လိုက်မိတော့ ငကျော် က ထုံးစံအတိုင်း ခေါင်းကြီး ငုံ့ နေသည်။ သူ့ဇနီးကတော့ ကျွန်တော့်ကို မျက်နှာထား ခပ်တင်းတင်းနှင့် ကြည့်နေ သည်။ ထိုအခါ အမေက ၀ဲတက်လာသော မျက်ရည်ကို မျက်တောင်ဖြင့် ပုတ်ခတ် ဖယ်ထုတ်ရင်း
“သန္တာက နယ်ကတက် လာပြီး ဒီမှာ အလုပ်လာလုပ် ရတာလေ။ ရုတ်တရက်ဆို တော့ နေစရာမရှိဘူးတဲ့ သား ရယ်။ သူတို့ အမေ့ကို ပြောပြ ထားပါတယ်။ အမေက လည်း သူတို့ကို ဒီမှာထားပြီး စုကြဆောင်းကြစေချင်သေး တယ်”

အဖေကတော့ ပြဿနာ၏ အတိမ်အနက်ကို တွက်မိ၍ လားမသိ အပြင်သို့ ထွက်သွား သည်။ အလတ်မနှင့် ကျွန် တော့် ဇနီးတို့ကတော့ လိုက်ကာ အကွယ်မှ ချောင်းကြည့် နေကြသည်။ ကျွန်တော့်အနေ ဖြင့် ဆိုရလျှင် အမေ၏ သဘောထားကို သိပ်သဘော မကျ။ အမေက တွေဝေလွန်း နေသည်ဟု ထင်သည်။ ငကျော်တို့ဘက်ကို သိပ်ကြည့်လွန်းနေသည်ဟု ထင် သည်။ ကျွန်တော့် စကားထဲ တွင် ကျွန်တော်နှင့် ငကျော် တစ်ယောက်ယောက် မရှိမှ ဖြစ်မည် ဟူသည့်အဓိပ္ပာယ် ပါဝင်နေသော်လည်း ငကျော်တို့ကို သနားသည့် စိတ်က ပို ကဲနေသည်ဟု ထင်သည်။

ထို့ကြောင့် မောင်နှမ တွေအားလုံးထဲတွင် အကြီး ဆုံးဖြစ်သည့် ကျွန်တော်၏ နှုတ်မှ မပြောသင့်သော စကား တစ်ခုက လှစ်ခနဲ ထွက်သွား ခဲ့သည်။
“အဲဒီကလေးမက အမေ့ကို ရိုင်းရိုင်းပျပျ ပြောခဲ့ ဆိုခဲ့တာ ရက်ပိုင်းပဲ ရှိသေး တယ်နော်”
ဒေါသ အရှိန်ကြောင့် ကျွန်တော့်စကားသံများမှာ သိသိသာသာ တင်းမာနေခဲ့ သည်။ သို့သော် အမေက တော့ ကျွန်တော့်ကို ဖျောင်းဖျ ဖို့သာ ကြိုးစားနေပုံရသည်။

“မလောပါနဲ့ သားရယ်။ ကိုယ့်ညီလေးနဲ့ ညီမလေးလို့ သဘောထားပြီး နည်းနည်းလေး သည်းခံလိုက်ပါ”

အမေ့စကားတွေကို ကျွန်တော့်နားက ကြားနေရ သော်လည်း ထိုမိန်းကလေး၏ အမူအရာ၊ အပြောအဆို နှင့် အကျင့်စရိုက်တွေက ကျွန်တော့် အသိထဲတွင် သံမှို စွဲနေသလို ဖြစ်နေသည်။ ထို့ ကြောင့် ဆုံးဖြတ်ချက်ကို မြန်မြန်ချကာ အခန်းထဲတွင်ရှိနေ သော ကျွန်တော့်ဇနီးကို လှမ်း ၍ပြောလိုက်မိသည်။
“နီနီရေ... ငါတို့ပစ္စည်းတွေ စုထား။ ငါ ကားသွား ငှားလိုက်ဦးမယ်။ ဒီအိမ်ကတို့ တစ်ခါတည်းပြောင်းကြ မယ်”

ထိုနေ့က အမေသည် ကျွန်တော်တို့လင်မယားကို မပြောင်းကြရန် မျက်ရည် လည်ရွှဲနှင့် တောင်းပန်ခဲ့သေး သည်။ သို့သော် ဆုံးဖြတ်ခဲ့ပြီး သော ကျွန်တော်၊ မိုက်လုံး ကြီးသော ကျွန်တော်ကသာ
“အမေ့ရင်ထဲမှာ သားသမီး အရင်းထက် မွေးစား သားကို ပိုပြီး သနားနေတယ် မဟုတ်လား။ ဒီတော့ ဒီအိမ်မှာ ကျွန်တော်တို့ မရှိမှ ဖြစ် မယ်အမေ”
ဆိုကာ ပစ္စည်းပစ္စယ တွေကို ကားပေါ်တင်ကာ ယောက္ခမ အိမ်သို့ ချက်ချင်း ပြောင်းလာခဲ့သည်။ နောက်ပိုင်းမှ ကျွန်တော် စဉ်းစားမိ သည်က ထိုအခြေအနေ အထိ ဖြစ်သွားလိမ့်မည်ဟု ကျွန်တော်ကိုယ်တိုင် လုံးဝ ထင်မှတ် မထားမိပါ။ ထို့နည်းတူ အမေသည်လည်း ရုတ်တရက် ပြောင်းလဲသွားခဲ့သော ကျွန်တော့်အား အတော်အံ့အား သင့်နေလိမ့်မည်ဟု ထင်ရသည်။ ကျွန်တော် အိမ်ပေါ်မှ ဆင်းသွားပြီးနောက်တွင် မိလတ်နှင့် အငယ်ကောင်တို့ကလည်း အမေ့ကို ၀ိုင်းဝန်းပြော ကြသေးသည်ဟု ကြားရသည်။ နောက်ထပ် နှစ်လ လောက်အကြာတွင် မိလတ်နှင့် ငကျော်၏ မိန်းမတို့ စကား များကာ မိလတ်ကပါ အိမ် ပေါ်မှ ဆင်းသွားသည်ဟု ကြားသိခဲ့ရသည်။ ထိုစဉ် ကတည်းက အမေ့အိမ်သို့ ကျွန်တော် မရောက်ဖြစ်ခဲ့ သည်မှာ ယနေ့ထိ တိုင်အောင် ဖြစ်သည်။

အရှေ့အရပ်ဆီမှ ရောင်နီ များ သန်းစပြုပြီ။ နီစိုစို ပတ္တ မြားရောင်တို့က ကောင်းကင် ထက်မှ ဖိတ်လျှံကျနေ သယောင် ထင်ရသည်။ အမေ့အိမ်ရှိရာ လမ်းကလေး ထဲကို ချိုးဝင်တော့ ကျွန်တော့် အတွက် စိမ်းသလို ဖြစ်နေသည်။ နိုးထမှု ကင်းဝေးသေးသော အိမ်ကလေးတွေကို ငေးရင်း ဒါ ဘယ်သူ့အိမ်၊ ဒါက ဘယ်သူတို့အိမ် စသည်ဖြင့် သရုပ် ခွဲလာခဲ့မိသည်။

အမေ့ အိမ်ကလေးကို လှမ်းတွေ့လိုက်တော့ ရင်ထဲတွင် တစ်ချက် ဆို့သွားသည်။ ကျွန်တော် မွေးဖွား ကြီးပြင်းခဲ့ရာ ထိုအိမ်ကလေးမှာ အားငယ် နွမ်းလျနေသလို ခပ်ယဲ့ယဲ့ ကလေး ဖြစ်နေသည်။ ကျွန်တော်က အမေ့ အိမ်ကလေးကို မမှိတ်မသုန် ကြည့်ရင်း ရှေ့သို့ တရွေ့ရွေ့ တိုးလာခဲ့မိသည်။ အိမ်ရှေ့ရောက်၍ အထဲကို လှမ်းကြည့်လိုက်တော့ လူရိပ် လူယောင် မမြင်ရ။ အမေ နေကောင်းရဲ့လားဟု စဉ်းစား လိုက်မိသည်။ ခါတိုင်း မနက် ၅ နာရီထိုးသည်နှင့် နိုးနေ တတ်သည့်အမေ၊ အခုထိ မနိုးသေးဘူးလားဟုလည်း တွေးမိသည်။

ခြံတံခါးကို အသာ အယာဖွင့်ကာ ၀င်းထဲကို ခြေ ချလိုက်တော့ နှလုံးသားဆီမှ တလှပ်လှပ် တုန်ခါလာပြီး လုံခြုံမှု တစ်ခုကို ရရှိ ခံစားလိုက် ရသလို၊ အမေ့မြေပိုင်နက်ကို နင်းလိုက်ရသဖြင့်လည်း ပို၍ အရသာရှိသွားသလို ဖြစ်နေ သည်။ အိမ်ရှေ့မှာ ရှိနေသော ရေစည်ကလေးကို ကိုင်ကာ အိမ်ထဲကို ကဲကြည့်လိုက် တော့ ဖယောင်းတိုင်သေး သေးလေးတစ်တို ထွန်းထား တာကို တွေ့ရသည်။ ထိုအချိန် တွင် ကျွန်တော့်နာမည်ခေါ် လိုက်သံကို ပီပီသသကြား လိုက်ရသည်။

“ဟဲ့... ငထွန်း”
“ဟိုက်...”

ကျွန်တော့်နှုတ်မှ အာမေဍိတ်သံ တစ်ခု ခုန်ထွက်သွားခဲ့ သည်။ ထို့ပြင် စိတ်ထဲတွင် လည်း ထိတ်ခနဲ ဖြစ်သွား သည်။ အမေ့အသံ။ အမေ့ အသံမှ အမေ့အသံစစ်စစ်။ ကျွန်တော် ၀င်လာသည်ကို အမေ ဘယ်တုန်းကများ မြင် လိုက်ပါလိမ့် ဟု စဉ်းစားမိ သည်။ ထို့ကြောင့် နောက် တစ်ခါခေါ်လျှင် ထူးရန် အဆင်သင့် ပြင်နေစဉ်မှာပင် အမေ့အသံက ထပ်မံထွက် ပေါ်လာပြန်သည်။

“ဟဲ့... ငထွန်း။ နင် ဟာလေ ကိုယ့်ညီတွေ၊ ညီမ တွေကို ဘယ်တော့မှမညှာ ဘူး။ အလတ်မလေး စားပါ စေဦးဟယ်။ သူ့ခမျာ သား သမီးတွေနဲ့ ဆာမှာပေါ့။ နင် ဟာ ကိုယ်ချင်းစာစိတ်ကို မရှိ ဘူး။ ဟိုကောင် အငယ် ကောင်လည်း နင့်ကိုကြောက် လွန်းလို့ အနားတောင်မကပ် ရဲရှာဘူး”

အမေ ဘယ်သူ့ကိုပြော နေတာပါလိမ့်ဟု စဉ်းစားမိ သည်။ အမေ့စကားထဲတွင် ကျွန်တော်လည်း ပါသည်။ အလတ်မနှင့် အငယ်ကောင် တို့လည်း ပါနေကြသည်။ ထို့ ကြောင့် အငယ်ကောင်နှင့် အလတ်မတို့များ ရောက်နေ ကြသလားဟု စဉ်းစားမိသည်။ ဒါလည်း မဖြစ်နိုင်။ အလတ်မနှင့် အငယ်ကောင် တို့လည်း ကျွန်တော်နှင့် ရှေ့ ဆင့်နောက်ဆင့် ဆိုသလို အမေ့ အိမ်ပေါ်မှ ဆင်းသွားကြ ကြောင်းကို ကျွန်တော် သိ ထားသည်။ ရေစည်ကိုကိုင် ရင်း အိမ်ပေါ်သို့ ကျွန်တော် တက်မည်ပြင်တော့
“ဟဲ့... ငထွန်း၊ နင် ဖယ်စမ်း အလတ်မ စား ပစေ”
“ကွတ်... ကွတ်... ကွတ်...”

အမေ၏ ထပ်ဆင့်ပြော သံကြောင့် အိမ်ထဲသို့ ကဲ ကြည့်လိုက်တော့ လုံးဝ ထင်မှတ်မထားသည့် မြင်ကွင်း တစ်ရပ်ကို မြင်လိုက်ရသည်။ ရုတ်တရက် ရင်ထဲတွင် ဆို့ နင့်ကြေကွဲလာပြီး ချက်ချင်း လိုလို မျက်ရည်များ ရစ်ဆိုင်း လာကြောင်း ကိုယ့်ဘာသာ သိလိုက်ရသည်။ ထိုမြင်ကွင်းသည် ကျွန်တော့် ဘ၀အတွက် ဘယ်လိုမှ မေ့ဖျောက်၍ ရနိုင် တော့မည် မဟုတ်သော မြင်ကွင်းတစ်ရပ် ဖြစ်နေသည်။ အမေ၏ ရှေ့တွင် ပန်းကန်ပြား တစ်ချပ် ရှိနေသည်။ ထိုပန်း ကန်ပြားထဲတွင် ဆန်စေ့များရှိ နေပြီး အနားတစ်ဝိုက်တွင် တကွတ်ကွတ် အော်မြည်နေ သော ကြက်သုံးကောင်။

“ဟဲ့ကောင်... ဘေး ဖယ်လို့ပြောနေတာ မကြားဘူးလား”

အမေ့စကားကြောင့် ကြက်ဖကြီး တစ်ကောင်က တကွတ်ကွတ် အော်ကာ ဘေးနားသို့ ဖယ်ခွာသွားသည်။ ဒီတော့မှ ကြက်မကလေး တစ် ကောင်နှင့် ကြက်ဖကလေး တစ်ကောင်တို့မှာ အစာခွက် ထဲမှ ဆန်စေ့ကလေးများကို မရဲတရဲနှင့် ကောက်စားနေသည်။ ကျွန်တော့်ရင်မှာ ဆို့ နင့် ကြေကွဲသွားသည်။ အထီး ကျန် အဖော်မဲ့ နေသော အမေ၏ လက်ရှိ အခြေအနေကို ကျွန်တော် ရုတ်တရက် နား လည်လိုက်ပြီဖြစ်သည်။ အမေ့ အနားတွင် မရှိတော့သော သားသမီးတွေ ကိုယ်စား တိရစ္ဆာန်ကလေးတွေကို သားသမီးတွေ၏ နာမည်တွေ ပေးကာ ကျွေးမွေးစောင့် ရှောက်နေခြင်း ဖြစ်သည်။ အံ့သြစရာ ကောင်းသည်က ထိုတိရစ္ဆာန် ကလေးတွေ သည် အမေ့စကားကို နား လည်နေကြသလို ပြောစကား မှန်သမျှကိုလည်း တစ်သဝေမတိမ်း လိုက်နာနေကြ သည်။ ကျွန်တော်၏ မသိစိတ်တို့က ခန္ဓာကိုယ် တစ်ခုလုံးကို အမှတ်တမဲ့ သယ်ဆောင်ကာ အိမ်ပေါ်သို့ အပြေးအလွှား တက်သွားမိသည်။ နှုတ်မှ လည်း တမ်းတ လှိုက်ဖိုစွာဖြင့် တမ်းတမ်းတတ ဟစ်အော် ပစ်လိုက်မိသည်။
“အမေ...”


မောင်နှင်းပန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၀)

No comments:

Post a Comment