ကိုယ်က ကျူရှင်ဆရာ ဆိုတော့
စာသင်ချိန်တွေကို အချိန်ကိုက် ရောက်ရန်အတွက် ဘတ်စ်ကားတွေကို အားကိုးရသည်။
ကိုယ်ပိုင် ကားစီးရန် အတွက် အိပ်မက်ထဲတွင်ပင် မရင်းနှီးသေးသော ကျွန်တော့်
အတွက် ဘတ်စ်ကားတွေနှင့် ပတ်သက်နေရတုန်း ရှိသေးသည်။
တစ်နေရာရာကို စာသင် သွားရတော့မည် ဆိုလျှင် ကိုယ်က အချိန်အတိအကျ ရောက်နေမှ ဖြစ်မည်။ နောက်ကျနေ၍ မဖြစ်။ ထို့ကြောင့် နေ့စဉ်နှင့် အမျှ ခရီးတိုတွေကို မိုင်ပေါင်းများစွာ ဖြတ်သန်းနေရသည်။ ကျွန်တော်နေသည့် မြောက်ဥက္ကလာပမှ လှိုင်သာယာ။ လှိုင်သာယာမှ တောင်ဥက္ကလာ။ ထိုမှတစ်ဆင့် မင်္ဂလာဒုံ၊ ကမ္ဘာအေး အစရှိသဖြင့် အရပ် လေးမျက်နှာကို ဥဒဟို ပြေးလွှား နေရသည်။