Saturday, August 11, 2012

မိုးခါးရေ


နေ့စဉ်နှင့် အမျှ ဘတ်စ်ကား စီးရသည့် ဒုက္ခကို ကျွန်တော် စိတ်ညစ်လှပြီ ဖြစ်သည်။ ဖြစ်နိုင်လျှင် မစီးချင်တော့။
ကိုယ်က ကျူရှင်ဆရာ ဆိုတော့ စာသင်ချိန်တွေကို အချိန်ကိုက် ရောက်ရန်အတွက် ဘတ်စ်ကားတွေကို အားကိုးရသည်။ ကိုယ်ပိုင် ကားစီးရန် အတွက် အိပ်မက်ထဲတွင်ပင် မရင်းနှီးသေးသော ကျွန်တော့် အတွက် ဘတ်စ်ကားတွေနှင့် ပတ်သက်နေရတုန်း ရှိသေးသည်။

တစ်နေရာရာကို  စာသင် သွားရတော့မည် ဆိုလျှင်  ကိုယ်က အချိန်အတိအကျ  ရောက်နေမှ ဖြစ်မည်။ နောက်ကျနေ၍ မဖြစ်။ ထို့ကြောင့် နေ့စဉ်နှင့် အမျှ ခရီးတိုတွေကို မိုင်ပေါင်းများစွာ  ဖြတ်သန်းနေရသည်။ ကျွန်တော်နေသည့် မြောက်ဥက္ကလာပမှ လှိုင်သာယာ။ လှိုင်သာယာမှ တောင်ဥက္ကလာ။ ထိုမှတစ်ဆင့် မင်္ဂလာဒုံ၊ ကမ္ဘာအေး အစရှိသဖြင့် အရပ် လေးမျက်နှာကို ဥဒဟို ပြေးလွှား နေရသည်။

Thursday, May 24, 2012

လှည်း

ကြာတော့လည်း ကြာခဲ့ပါပြီ။ တိတိကျကျ ဆိုရရင် အခု အဖြစ် အပျက်ကလေးဟာ နှစ်ပေါင်း အစိတ် (နှစ်ဆယ့်ငါးနှစ်)ကျော်ကျော် လောက် ရှိရောပေါ့။ ပုံပြင် တစ်ပုဒ် ဆိုရင်တော့ “ဟိုး ရှေးရှေးတုန်းက” လို့တောင် ဆိုနိုင်တဲ့ အနေအထားကို မရဲတရဲ ချောင်းကြည့်လို့ ရပြီ ဆိုပါတော့။

အဲဒီတုန်းက မြို့ကလေး တစ်မြို့ရှိတယ်။ အဲဒီ မြို့ကလေးမှာ ရပ်ကွက်ကလေး တစ်ခုလည်း ရှိတယ်လို့ ဆိုနိုင်ပါတယ်။
_ _ _
ကိုစိန်တွဲဆိုတာ အဲဒီ ရပ်ကွက်ကလေးရဲ့စီးပွားရေး ဈေးကွက်ကို ကြေကြေညက်ညက် သိနေသူလို့ ဆိုကြတယ်။
အရင်ကတော့ သူလို ကိုယ်လို ထူးမခြားနားပါပဲ။ နောက်ပိုင်းကျတော့ နည်းနည်းလေး ချောင်လည်လာတယ်။ အခုဆိုရင် တစ်ရပ်ကွက်လုံးမှာ ရှိတဲ့ စီးပွားရေး တောင့်တင်းသူတွေ စာရင်းထဲမှာတောင် ပါလာပြီလို့ အတွင်းသိတွေက ဆိုကြတယ်။

သာမန် လက်လုပ် လက်စား ဘ၀ကနေ ကိုစိန်တွဲတို့ ကံထ လာပုံကိုလည်း ကြည့်ဦး။ ဘယ်ကနေ ဘယ်လို အဆက်အသွယ် ရသွားတယ် မဆိုနိုင်ဘူး။ မြို့ကလေးရဲ့အစွန်မှာ ရှိတဲ့ လေယာဉ်ကွင်းက စွန့်ပစ် ပစ္စည်းတွေကို လေလံ ရလာတယ်။ စွန့်ပစ် ပစ္စည်းတွေဆိုတာ တခြား မဟုတ်ဘူး။ လေယာဉ်ကွင်းရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေကနေ စွန့်ပစ်လိုက်တဲ့ စားသောက်ဆိုင်တွေကို ဆိုလိုတာ။ အတိအကျ ပြောရရင် ကော်ဘူးတွေ၊ ကော်ခွက်တွေ၊ ကော်ဇွန်းတွေ ဆိုပါတော့။

အဲဒီ ပစ္စည်းတွေ အတွက် ကိုစိန်တွဲက မနက်လေးနာရီ ဆိုရင် လက်တွန်းလှည်း တစ်ခုကို ဂျောက်ဂျက်မြည်အောင် တွန်းရင်း ထွက်သွား တတ်တယ်။ သူ့အဆို အရတော့ လေယာဉ်ကွင်းကို သုံးနာရီလောက် ကြာအောင် တွန်းရတယ်ဆိုပဲ။ ရောက်ပြီ ဆိုတာနဲ့ ခုနဆိုင်တွေကို တစ်ဆိုင်ဝင် တစ်ဆိုင် ထွက်လိုက်သိမ်း တော့တာပဲ။ တစ်ခါတလေ လေယာဉ်တွေပေါ်က စွန့်ပစ်ထားတဲ့ ပစ္စည်းတွေတောင် ပါလာတတ်တာပေါ့။ အဲဒါတွေကို ပလပ်စတစ် အိတ်တွေနဲ့ စုထည့်ပြီး လှည်းပေါ်တင်တွန်း လာတော့တာပဲ။ ရပ်ကွက်ထဲကို ဆယ်နာရီခွဲ ဆယ့်တစ်နာရီ ဆိုရင် ရောက်ပြီ။ ရပ်ကွက်ထဲက လူတွေကလည်း ကိုစိန်တွဲ လှည်းကြီး လမ်းထိပ်ကနေ ချိုးဝင်လာတာနဲ့ တစ်ပြိုင်နက် အနည်းဆုံးတော့ လှုပ်လှုပ်ရွရွ ဖြစ်လာကြတော့တာပဲ။

တချို့ မိန်းမတွေ ဆိုရင် အဲဒီလှည်းကြီး အိမ်ရောက် အောင်တောင် မစောင့်ဘဲ အတင်းကာရော ပြေးလိုက် လာကြတဲ့ သူတွေတောင် ရှိတယ်။ ဒါဟာ တစ်နေ့တည်း ကိစ္စ မဟုတ်ဘူး။ နေ့စဉ်နေ့တိုင်း ဒီအတိုင်း ဖြတ်သန်းနေကျ။ တစ်လမ်းလုံးရော တစ်ရပ်ကွက်လုံးပါ ယဉ်ပါးနေကျ ကိစ္စ။ သူ့ လှည်းကြီးကလည်း စိတ်ဝင် စားစရာကိုး။ အဲဒီ လှည်းပေါ်မှာ ပါလာတဲ အိတ်တွေထဲမှာ ဘာတွေပါလာမယ် ဆိုတာ ဘယ်သူမှ အတပ်သိတာ မဟုတ်ဘူး။ယုတ်စွ အဆုံး ကိုစိန်တွဲ ကိုယ်တိုင်တောင် မသိဘူး။

အရင် ပါလာနေကျ ပစ္စည်းတွေကတော့ ထုံးစံအတိုင်း ကော်ဘူးတွေ၊ ကော်ခွက်တွေ၊ ကော်ဇွန်းတွေပါပဲ။ တစ်ခါတလေ ဆိုရင် ထူးထူးခြားခြား ကက်ဆက်တွေ တောင် ပါလာတတ်တာ။ အဲဒီ ကက်ဆက်တွေကလည်း အဟောင်းတွေ အပျက်တွေ မဟုတ်ဘူး။ ဓာတ်ခဲထည့်ပြီး ဖွင့်မယ်ဆိုရင် နှစ်လ၊ သုံးလ လောက်ကို ပျော့ပျော့ကလေး ဖွင့်လို့ ရနိုင်တဲ့ အဟောင်းတွေ။
ထားပါ . . .။

ခုန လူတွေက အဲဒီကက်ဆက် အထိတောင် စိတ်ဝင်စားနိုင် ကြတာ မဟုတ်ဘူး။ အဓိက အနေနဲ့ ဘာအစားအသောက်တွေ ပါလာမလဲ ဆိုတာလောက်ပဲ စိတ်ဝင်စားတာ။ အဲဒီ အစား အသောက်တွေနဲ့ ပတ်သက်ပြီး ဒီလူတွေ စိတ်ဝင်စားကြတာလည်း မပြောနဲ့လေ။ ဥပမာ “ကြက်သား”ဆိုတာ သူ့ခေတ် သူ့ အခါနဲ့ ကြည့်ရင် ဒီလူတွေ အတွက်က ပြဒါးတစ်လမ်း၊ သံတစ်လမ်း မဟုတ်လား။ မဖြစ်မနေ၊ တစ်ယောက်ယောက်က ပွပေါက် တိုးလာလို့ ဖြစ်ဖြစ်၊ လူမမာတစ်ယောက်က သွေးတောင်းလို့ ဖြစ်ဖြစ်၊ ဈေးထဲမှာ သွားရှာမိရင် ရှားရှားပါးပါး တစ်သည်လောက် ဆီမှာ အမြင့်ဆုံး ဈေးနှုန်းနဲ့ ပန်းပန်နေတတ်တာမျိုး။ ဒါတောင် လတ်လတ်ဆတ်ဆတ် ကြက်သန့်သန့် မဟုတ်ဘူး။ အနည်းဆုံး ရေနှစ်ကျပ်ခွဲသားလောက်တော့ ဓာတ်ပြုပြီးသားပဲ။ ဒီတော့ ၀ယ်သူ အနေနဲ့ ကျေနပ်နပ် မကျေနပ်နပ် အောင့်အည်းပြီး လက်ခံ ကြရတာ မဟုတ်လား။

နောက်တစ်ချက်က ဒီလိုသာမန် လက်လုပ်လက်စား ပျံကျရပ်ကွက် ကလေးမှာရှိတဲ့ သူတွေကရော ကြက်သားဆိုရင်“ဘယ်ပန်းချီ ရေးလို့မမီ” ဖြစ်နေတာဟာ ဘယ်မှာ လာဆန်းမှာလဲ။ ဒါပေမယ့် ငယ်ငယ်ကတည်းက ဆင်းရဲခြင်းနဲ့ လည်ပင်းဖက် ပေါင်းသင်းလာတဲ့ ဒီလူတွေဟာ အခုလို ကိုစိန်တွဲ လှည်းကြီးနဲ့ အကြောင်းပါပြီး နောက်ပိုင်းမှာ ကြက်သားရဲ့ ဂုဏ်သိက္ခာဟာ လူတိုင်း မုန်းသွားရတဲ့ ကုန်ပစ္စည်းဘ၀ကို အလိုလို ရာထူး ကျသွားရတော့တာပေါ့။
_ _ _
ဒီလမ်းကလေးထဲမှာ မနက် ဆယ်နာရီခွဲ ဆယ့်တစ်နာရီရဲ့ လူအစည်ကားဆုံး အရပ်ကို ပြပါဆိုရင် ထုံးစံအတိုင်း ကိုစိန်တွဲရဲ့ အိမ်ရှေ့ပေါ့။ အဲဒီအချိန်၊ အဲဒီ နေရာမှာ၊ အဲဒီခေတ်ရဲ့ လူတန်းစား ပေါင်းစုံကို အသွင် သဏ္ဍာန်မျိုးစုံနဲ့ တွေ့ရလိမ့်မယ်။ အထူးသဖြင့် အမျိုးသမီးတွေ ဆိုပါတော့။

အဲဒီ အမျိုးသမီးတွေထဲမှာ ဆံပင် ဖွာလန်ကျဲနဲ့ ကပိုကရို မိန်းမတွေ ပါမယ်။ အရောင်အသွေး မှုန်မွဲမွဲနဲ့ အိုးမည်းနိုင်းချင်း ရုပ်တွေပါမယ်။ သနပ်ခါးရေကျဲ မျက်နှာ မည်းမည်းတွေပေါ်မှာ ရဲရဲ ထနေတဲ့ နှုတ်ခမ်းထူထူတွေ ပါမယ်။ နှပ်ချေးထူ လဗျစ်နဲ့ ကလေးတိုးလို့ တွဲလောင်းတွေ ပါမယ်။ နောက်ပြီး အလွယ်တကူ ရင်လျား ထားတဲ့သူတွေပါမယ်။ တချို့က အထဲမှာရှိတဲ့ ချွေးခံ ဘော်လီကိုတောင် မချွတ်နိုင်ဘဲ ရင်ဘတ်ပေါ် လုံချည်တင် စည်းထားသူတွေ၊ ဖိနပ်မပါတဲ့ သူတွေ၊ ဘောင်းဘီတိုတွေ၊ လုံချည် တိုတွေဆိုတာ မသိရင် ပါဖောမင့် ယိမ်းတိုက် နေသလိုမျိုးစုံမှစုံ။

Monday, April 2, 2012

မသာကိုယ်စားလှယ်

ကျွန်တော်တို့ အိမ်၏ နောက်ဖေးဘက် လမ်းမဆီမှ သံဝေဂ လင်္ကာများကို ရွတ်ဆိုသွားသံ ကြားတိုင်း ကျွန်တော့် စိတ်ထဲမှ “သွားပြန်ပြီ တစ်ယောက်” ဟု မြည်တမ်းမိ တတ်ပါသည်။

လက်ရှိ ကျွန်တော် နေသော ရပ်ကွက် ကလေးသည် ရေဝေးသုသာန်နှင့် အတန်ငယ် နီးသဖြင့် နေ့စဉ်နှင့်အမျှ ဆိုသလို ထိုအသံတွေကို ကြားနေရလေ့ရှိပါသည်။ လမ်းမကြီးပေါ်တွင် အသုဘ ယာဉ်များ၊ သေဆုံးသွားသည့် လူများကို သယ်ယူ၍ ရေဝေးအအေးခန်းသို့ ပို့ဆောင် ပေးနေသော ပတ်ဝန်းကျင် ထိန်းသိမ်းရေး ယာဉ်များ၊ အသုဘ ချလာစဉ် လိုက်လံပို့ဆောင် ပေးလေ့ရှိသည့် ယာဉ်တန်းများကို တစ်နေ့မပြတ် တွေ့မြင်ရတတ်လေ့ ရှိပါသည်။

တစ်ခါတစ်ခါတွင် ပျင်းပျင်း ရှိသဖြင့် လမ်းထိပ်ထွက်၍ လက်ဖက်ရည်ဆိုင် ထိုင်နေလျှင်သော် လည်းကောင်း၊ တစ်ခါတစ်ခါ သွားသွားလာလာဖြင့် ထိုလမ်းကို ဖြတ်မိလျှင် သော်လည်းကောင်း၊ အသက်အရွယ် အမျိုးမျိုး၊ ဆင်းရဲချမ်းသာ မကွဲပြား၊ ကျားမ မရွေးသေ ဆုံးနေကြသည်ကို စိတ်မချမ်း မြေ့ဖွယ် တွေ့မြင်နေရတတ် ပါသည်။ ထို့ကြောင့် ကျွန်တော့်အတွက် ထိုကိစ္စသည် အတော့်ကို ယဉ်ပါးနေကျ ကိစ္စဟု ထင်မြင်မိပါသည်။

ထို့နည်းတူ ဒီရပ်ကွက် ကလေးတွင် နေထိုင်ကြကုန်သော ရပ်ကွက်သူ ရပ်ကွက် သားအားလုံး အတွက်လည်း ယဉ်ပါးနေသော ကိစ္စသာ ဖြစ်ခဲ့ပါသည်။ မည်သူမဆို ဒီရပ်ကွက်သား မှန်လျှင် မော် တော်ကားမှန်များတွင် တပ်ဆင်ထားလေ့ ရှိသော ဦးဘယ် သူ ဒေါ်ဘယ်ဝါ အသက် ဘယ်လောက် “ကောင်းမှု” ဆိုသည့် စာတန်းများကို ရင်တွင်းမှ ခံစားချက် မပါဘဲ လိုက်လံဖတ်ရှု နေတတ်ခဲ့ပြီ ဖြစ်ပါသည်။

Monday, March 12, 2012

ခြေရာမဲ့မျက်ဝန်းများ

ဒီလမ်းထဲကို ကျွန်တော်ပြောင်း လာတာ သိပ်မကြာသေးဘူး။ စေ့ စေ့ပေါက်ပေါက်တွက်ကြည့်လိုက် ရင် သုံးလလောက်ကို သီသီကလေး ပဲ စွန်းဦးမယ်။ သေချာတာက ကျွန်တော့်အနေနဲ့ ရောက်စတုန်း ကလို အိုးတိုးအမ်းတမ်းနဲ့ မနေတတ် မထိုင်တတ် မဖြစ်တော့သလို လမ်း သူလမ်းသားတော်တော်များများနဲ့ လည်း မျက်မှန်းတမ်းမိရုံေ လာက် တော့ ရှိနေပါပြီ။ သွေးသောက်ညီ အစ်ကို မောင်နှမတွေလို စည်းလုံး ညီညွတ်တဲ့အဆင့်ထိတော့ မရောက် သေးဘူးပေါ့။လမ်းကလေးရဲ့ ပုံစံကလည်း သာမန်ပျံကျ ဆန်ဆန် ရပ်ကွက် ကလေးထဲက လမ်းကလေးဆိုတော့ ခံ့ခံ့ညားညား သိပ်မရှိလှဘူးပေါ့။ လက်လုပ်လက်စားတွေ ဖောခြင်း သောခြင်းနဲ့ ရင်ချင်းအပ်ကျောချင်း ကပ်ပြီး   ထောက်ကန်ထားတဲ့ ပတ် ဝန်းကျင် ဖြစ်တဲ့အတွက် ကျွန်တော့် အနေနဲ့ အလွယ်တကူ ပျော်ဝင်ဖို့ သိပ်မခက် လှပါဘူး။ ဒါပေမဲ့ လူသစ်ပီပီ နေရထိုင်ရတာ အသားမကျေ သးတဲ့အခါ ကသိကအောက် တော့ နိုင်တုန်းပဲ။ဒီလမ်းကလေးထဲမှာ နေရတာ ဟာ ကျွန်တော့်အဖို့ ဘာမှမထောင်း တာပေမယ့် တစ်နေ့ကို နှစ်ကြိမ် လောက် စိတ်ညစ်ရ တာမျိုးရှိတယ် ဆိုပါတော့။ ရှင်းရှင်းပြောရရင် အဲဒီ အချိန်တွေဟာ ကျွန်တော့်အတွက် ရောရုဝက လမ်းသွယ်တွေထဲမှာ စိတ်မချမ်းသာစွာ လျှောက်နေရ တယ်လို့ကို ထင်မိ တာ။ ပထမ အချိန်က ကျွန်တော်အလုပ်သွားတဲ့ အချိန်ဖြစ်ပြီး ဒုတိယက ပြန်ချိန်လို့ ပဲ ဆိုကြပါစို့။မနက်မိုးလင်းလို့ အိမ်ကထွက် တော့မယ်ဆိုရင် ကျွန်တော့်မှာ ရန်သူ့ နယ်မြေထဲ သွားလာလှုပ်ရှား နေရတဲ့ ပြောက်ကျားတပ်သားတစ် ယောက်လို အန္တရာယ်ကို ကြည့် ရှောင်နေရတော့တာ။ သတိကိုမြဲမြဲ ကပ်ပြီး ရှောင်ရတိမ်းရ မယ့် သေနင်္ဂ ဗျူဟာတွေကိုပါ တွက်ချက်ထားရ တာ။ ဒါကြောင့် အိမ်ကထွက်တော့ မယ်ဆိုရင် အိမ်ရှေ့ဖိနပ်ချွတ်နားမှာ အတော်ကြာကြာထိုင်ရင်း အကြံ ယူနေရတတ်တယ်။ ဘယ်လို ခွန် အားသတ္တိတွေနဲ့ ဒီလမ်းကိုဖြတ်ရင် ကောင်းမလဲဆိုပြီး ကြိုကြိုတင်တင် စီစဉ်အကွက်ချရတဲ့သဘောပါ။ နောက်ဆုံး မထူးပါဘူးဆိုပြီး အိမ်ပေါ်ကဆင်းလိုက်တာနဲ့ တစ် ပြိုင် နက် ကျွန်တော့်ကို မျှော်လင့် ချက်တွေ ရွှဲရွှဲစိုနေတဲ့ မျက်လုံးပေါင်း များစွာက မလွတ်တမ်း ကြည့်နေ ကြတော့မယ်ဆိုတာကို အတပ်သိ ထားပြီးသား။ အဲဒီအခါကျရင် ကျွန် တော်က အားနာစိတ်နဲ့ တစ်ဆိုင် ဆိုင်ကို မဖြစ်မနေဝင်ရတော့မယ် လေ။ တကယ်လို့ ကျွန်တော်က ဆိုင်တစ်ဆိုင်ကို ဝင်လိုက်ပြီဆိုရင် ဈေးတန်းလေးလိုဖြစ်နေတဲ့ တခြား ဆိုင်က ဈေးသည်တွေရဲ့ မျက်နှာ တွေဟာ ကျွန်တော့်ကိုလှမ်းကြည့်နေ ရာကနေ နံရံကို ဘောလုံးပိတ်မှန် လိုက်သလို ဒိုင်းခနဲ လည်ထွက် သွားကြလိမ့်မယ်။

Saturday, October 1, 2011

စည်း

ကျွန်တော် လူမှန်း သိတတ်စ အရွယ် ကတည်းက ဦးနိုင်ဝင်းရဲ့ လက်ပေါ်မှာ ကြီးလာ ခဲ့ရတာ။
ဒါကြောင့်လည်း သူ့ကို ကျွန်တော် အတော် ခင်မင် နေမိတာ ဖြစ်လိမ့်မယ် ထင်တယ်။ ဒါပေမဲ့ အဖေ၊ အမေနဲ့ ကျန်မိသားစု ၀င်တွေကတော့ ဦးနိုင်ဝင်းကို သိပ်မနှစ်မြို့ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အမြင်မှာ ဦးနိုင်ဝင်းက ညီအစ်ကို မောင်နှမတွေရဲ့ မျက်နှာကို အိုးမဲ သုတ်တဲ့သူ၊ အကျင့်ဆိုးတဲ့ သူအဖြစ် သတ်မှတ် ထားကြတာ။

သူ ဘယ်လိုဆိုးတယ် ဆိုတာကို နားမလည်တတ်သေးတဲ့ အရွယ်မှာ ကျွန်တော် မသိသေးပေမယ့် နောက် ပိုင်းမှာ ခပ်ဝါးဝါး သိခွင့်ရလာခဲ့တယ်။ ဦးနိုင်ဝင်း ဆိုးတယ် ဆိုတာက သူတစ်ပါး ပစ္စည်းကို လက်ဆော့ခြေ ဆော့ ရှိတာ၊ ခိုးတတ်တဲ့ အကျင့်ရှိတာကို ဆိုလိုတာ။ ဒီတော့ ဦးနိုင်ဝင်းက ဆွေမျိုးတွေကြားမှာ စုန်းပြူးပေါ့။ အဲဒီတုန်းက ဦးနိုင်ဝင်းများ အိမ်ကို လာပြီဆိုရင် အမေ တို့က မျက်လုံး ဒေါက်ထောက်ပြီးတော့ကို အသင့်အနေ အထားနဲ့ ကြည့်နေကြရတာ။ တိုးတိုးတိတ်တိတ်နဲ့လည်း ကျွန်တော်တို့ကို သတိပေး တတ်သေးတယ်။

“နိုင်ဝင်းလာရင် သတိထား။ ပိုက်ဆံတွေ ဘာတွေ အလွယ်မထားနဲ့။ ဒီကောင်က သစ္စာရှိတာ မဟုတ်ဘူး”

ကျွန်တော် သတိထားမိ သလောက်တော့ ကျွန်တော်တို့ အိမ်ကို ဦးနိုင်ဝင်းလာလို့ ပစ္စည်းတစ်ခုခု ပျောက်တယ် ဆိုတာမျိုးတော့ ဒီကနေ့ အထိ မကြုံဖူးသေးဘူး။ ဒါပေမဲ့ ဦးနိုင်ဝင်းက သူ့အစ်မ ရင်းတွေ ဖြစ်တဲ့ ကျွန်တော့် အဒေါ်တွေ ကိုတော့ ချမ်းသာ မပေးတတ်ဘူး။ မကြာခဏ ဆိုသလို အဒေါ်တို့က အိမ်ကိုရောက် ရောက်လာတတ်ပြီး သူတို့ ပစ္စည်းတွေကို ဦးနိုင်ဝင်းယူ သွားတဲ့ အကြောင်း တငိုငို တရယ်ရယ်နဲ့ လာပြောတတ် ကြတယ်။ တော်ကြာ ဦးနိုင်ဝင်း ဘာတွေ ယူသွားပြန်ပြီ။ “ဗီရိုပေါ် တင်ထားတဲ့ ပိုက်ဆံ ကလေး မရှိတော့ဘူး”၊ “ဈေးရင်းဖို့ စုထားတဲ့ ပိုက်ဆံ ကလေး နိုင်ဝင်း ယူသွားလို့ မမရယ်။ ကျွန်မတို့တော့ ဒုက္ခ ရောက်ပါပြီ” ဆိုပြီး အမေ့ကို မျက်ရည်လည်ရွဲနဲ့ ပြောသံဆို သံတွေဟာ နားနဲ့ မဆံ့အောင် ကြားခဲ့ရဖူးတယ်။ ဒီတော့ ဦးနိုင်ဝင်းဟေ့ ဆိုလိုက်တာနဲ့ ကျောထဲက စိမ့်နေအောင်ကို ကြောက်ကြတာလည်း မပြောနဲ့လေ။

ဦးနိုင်ဝင်းက ကျွန်တော် တို့အမေဘက်က တော်တာ၊ အမေရဲ့ဦးလေးက မွေးတာဆိုတော့ အမေနဲ့ မောင်နှမ၀မ်းကွဲ ဆိုပါတော့။ ဦးနိုင်ဝင်းမှာတော့ မောင်နှမ သုံးယောက်ရှိတယ်။ သူ့မှာ စွဲနေတဲ့ အကျင့် ဆိုးကြောင့် ဘယ်သူမှ မေတ္တာ မရှိဘူး။ နောက်ပြီး လူကလည်း အဲဒီ အမှုနဲ့ပဲ ထောင်ထဲ ကို ၀င်လိုက်ထွက်လိုက်နဲ့ ဆိုတော့ အမျိုးတွေ အားလုံးက သူ့ကို ပေယျာလကန် သဘော ထားလိုက်ကြတယ်။

မေတ္တာမိုးပန်း မစဲတမ်းရွာ


အမေ့ကို ကျွန်တော် စကားမပြော ဖြစ်ခဲ့သည်မှာ သုံးနှစ်ကျော်၍ လေးနှစ်နီးပါး ရှိရော့မည်။ အမေ့အိမ်ကို ကျွန်တော် မသွား။
အမေရှိသော ပတ်ဝန်းကျင်သို့ မတော်တဆ ရောက်သွားခဲ့လျှင်လည်း အတတ်နိုင်ဆုံး လှည့်ပတ် ရှောင်ကွင်း၍ သွားလာ နေခဲ့မိသည်။ ယုတ်စွအဆုံး အဖေနှင့် ညီအစ်ကို မောင်နှမတွေ အားလုံး ကျွန်တော်နှင့် အဆက်အဆံ မပြတ်ကြသော်လည်း အမေနှင့် ကျွန်တော်ကတော့ သိသိသာသာ ကြီးကို ဝေးကွာ နေခဲ့ကြသည်။ ထိုသို့ ဝေးကွာ နေခဲ့သည်ကလည်း ကျွန်တော် ကိုယ်တိုင်၏ ချွန်းအုပ်၍ မရနိုင်သော မာနတရား၊ မခံချင်စိတ် အစရှိသည့် စေတသိက် တွေကြောင့်သာ ဖြစ်သည်။ ငယ်စဉ်ကတည်းက ခေါင်းမာခဲ့သော ကျွန်တော်၏ အကျင့်ဆိုးက ယနေ့အထိ အမေ့အပေါ် သံတွေသံခဲလို မာကျောလွန်း နေခဲ့သည်မှာ အတော့်ကို လွန်လွန်းသည်ဟု ကိုယ့်ကိုယ်ကို သိပါသည်။

တကယ်ဆိုလျှင် သားတစ်ယောက် အနေဖြင့် ဒီမျှလောက် အထိ အမေ့ အပေါ် မရက်စက်သင့်။ ဖြစ်နိုင်လျှင် ဖ၀ါးဦးခိုက် တောင်း ပန်လိုက်သင့်သည်။ အမေ သည် ကျွန်တော့် မျက်နှာကို သာ ရုတ်တရက် မြင်လိုက်ရလျှင် မျှော်လင့်မထားသော ၀မ်းသာမှုမျိုးဖြင့် အရာရာကို လျစ်လျူ ရှုလိုက်လိမ့်မည်။ တစ်နည်းအားဖြင့် ကျောက်စိုင်ကျောက်သားတွေလို မာကျောခဲ့သော ကျွန်တော့်အမှား တွေကို အမေ့ အသိဥာဏ်ထဲမှ ချက်ချင်း မောင်းထုတ်ပစ် လိုက်လိမ့်မည်ဆိုသည်ကိုလည်း ကျွန်တော် ကောင်းကောင်း သိသည်။

သို့သော် အမေ့ဆီသို့ ဒီကနေ့ ထက်ထိ ကျွန်တော် မရောက်သေး။ ကျွန်တော် သည်ပင် အမေ့ကို ဒီလောက် သတိ ရနေသေးလျှင် ၀မ်းနှင့်လွယ်၍ မွေးခဲ့ရသည့် အမေ၊ နှစ်ပေါင်းများစွာ ပြုစုစောင့် ရှောက်ခဲ့ရသည့် အမေ ပို၍ပင် ဆိုးနေမည်ကို ကျွန်တော်သိသည်။ တစ်ခါတစ်ရံတွင် အမေသည် ကျွန်တော် ထိုင်တတ်သည့် လက်ဖက်ရည် ဆိုင်ရှေ့မှ တစ်ချက်တစ်ချက် ဖြတ်လျှောက်သွားတတ်သည် ကို ကျွန်တော် တွေ့လိုက်ရသည်။ ရပ်ကွက် နှစ်ခုစာမျှ ခြားနေသော ကျွန်တော့် ပတ်ဝန်းကျင်သို့ အမေ ရောက်လာစရာ ဘာအကြောင်းမှ မရှိ။ ကျွန်တော့်ကို တွေ့လိုတွေ့ငြား ရောက်လာတတ်ခြင်း ဖြစ်ကြောင်းကိုလည်း ကျွန်တော် ကောင်းကောင်းသိသည်။

“အမေ့ကို ကျွန်တော် စကားမပြောတာ လေးနှစ်ရှိပြီ”

ဟု ဆိုလိုက်မိတိုင်း ကြားရသူ အပေါင်းက ကျွန်တော့်ကို တစ္ဆေ တစ်ကောင်လို၊ ရွံရှာစရာ၊ မသတီစရာ သတ္တ၀ါ တစ်ကောင်ကို တွေ့မြင် လိုက်ရသလို အထိတ်တလန့် ဖြစ်သွား တတ်ကြသည်။ ဆားနှင့် တွေ့လိုက်ရသော တီကောင် တစ်ကောင်လို တွန့်ခနဲ၊ ဆတ်ခနဲလည်း ဖြစ်သွား တတ်ကြသည်။ တစ်စုံတစ် ယောက်က “ဘာဖြစ်လို့လဲ...”

ပူမှုရယ်တဲ့ ဆယ်ကုဋေ

လမ်းထိပ်က စီခနဲ ကြားလိုက်ရပြီး လူတွေ ဟိုပြေး ဒီလွှားနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ ဆိုကတည်းက ဒေါ်ပန်းရုံ သိလိုက်ပြီ။
ဒါဟာ သူ့သားတွေထဲက တစ်ယောက်ယောက် ဆိုတာ။ ဒါကြောင့် ခေါင်းပေါ်က ဖွာရရာ ကျနေတဲ့ ဆံပင်ဖြူဖြူတွေကိုတောင် ပြန်မထုံးအားဘဲ လမ်းထိပ်ဆီကို အူယားဖားယား ပြေးထွက် လာခဲ့မိတယ်။ ခါးထဲက လုံချည်ကလည်း ဖိုသီဖတ်သီ။ ခြေထောက်မှာလည်း ဖိနပ်တောင် ကပ်နိုင်တာ မဟုတ်တော့ ပတ်ဝန်းကျင် အတွက် စုတ်သပ်စရာ၊ ခေါင်းတခါခါ လည်တခါခါ ဖြစ်စရာ အပူရုပ် ဆိုတာ သိပ်သေချာတယ်။ ဒေါ်ပန်းရုံ လမ်းထိပ်ရောက်လို့ ဇော်ကြီးတို့ ထိုင်နေကျ လက်ဖက်ရည် ဆိုင်ကို လှမ်းကြည့်လိုက်တော့ ထင်ထားတဲ့ အတိုင်းပဲ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း။ သနားသလိုလို ကရုဏာ သက်သလိုလိုနဲ့ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတဲ့ လူအုပ်ကြားထဲကို ဒေါ်ပန်းရုံ တိုးဝင်လိုက်တဲ့ အခါမှာ လူငယ်သုံးလေးယောက်က ဇော်ကြီးကို ၀ိုင်းဆွဲနေကြတာ တွေ့လိုက်ရတယ်။

“ဖယ်စမ်းပါကွာ။ ဒီကောင် သက်သက် လူပါးဝတာကွ။ ငါမခံနိုင်ဘူး။ ဒီကောင့်ကို သတ်မယ်”

နှုတ်ကလည်း မြည်၊ လူကလည်း ရုန်းနဲ့ အုန်းအုန်း ထနေတဲ့ လူတွေကြားထဲက သူ့သားကို ဒေါ်ပန်းရုံက
“ဟဲ့ကောင် ဇော်ကြီး၊ နင်ပြဿနာ ရှာပြန်ပြီလား ဟင်။ နင်တို့ ငါ့ကိုများ သနားကြပါဦးဟယ်” ဆိုပြီး ငိုသံကြီးနဲ့ လှမ်းပြောရင်း သူ့သားနားကို ကပ်သွားတယ်။

“ဟာ အမေ ဘာသိလို့လဲဗျ။ ဒီကောင်က တော်တော့်ကို လူပါးဝတာ အမေရ။ ဟေ့ကောင် မင်း ထမင်းဝအောင် စားထား။ မင်းနဲ့ ငါနဲ့ တွေ့ကြဦးမယ်”

ကြိမ်းရင်းမောင်းရင်း၊ ရုန်းရင်းကန်ရင်းနဲ့ ဇော်ကြီးက တဖြည်းဖြည်း ငြိမ်သက်စ ပြုအလာမှာ ဟိုတစ်ယောက်က အဲဒီ ပတ်ဝန်းကျင်မှာ ရှိတောင် မနေတော့ပါဘူး။ ဒီတော့ ဒေါ်ပန်းရုံက သူ့သားကို ဖျောင်းဖျပြီး အိမ် ပြန်ခေါ်လာရတယ်။ အိမ် ရောက်တော့မှ ဇော်ကြီးကို တိုးတိုးတိတ်တိတ်ကျိတ် မေးရတယ်။